pages

Monday, September 22, 2014




လူအများစုဟာ အောင်မြင်ရေးလျှို့ဝှက်ချက်တွေကို ရှာဖွေနေကြပါတယ်။ သန်းကြွယ်သူဋ္ဌေးတစ်ယောက်ဖြစ်ဖို့အတွက် လျှို့ဝှက်ချက်၊ အလုပ်မှာ အောင်မြင်ဖို့အတွက် လျှို့ဝှက်ချက်၊ စသဖြင့် အောင်မြင်ရေးလျှို့ဝှက်ချက်တွေကို ရှာဖွေနေကြတယ်။ သူတို့တွေ အဲဒီလျှို့ဝှက်ချက်တွေကို ရှာတွေ့ဖို့အတွက် Amazon.com က စာအုပ်ပေါင်း ၁၇၉၇ အုပ်ကို လက်ရှိ စာရင်းပြုစုထားပါတယ်။ အဲဒီစာအုပ်တွေထဲမှာ ” ထူးထူးခြားခြား အောင်မြင်ကြသော အမျိုးသမီးများ၏ အောင်မြင်ရေးလျှို့ဝှက်ချက်များ ” ဆိုတဲ့ စာအုပ်က အစ၊ ” သန်းကြွယ်သူဋ္ဌေးတို့၏ လျှို့ဝှက်ချက် ၂၁ ခု”  စတဲ့ အောင်မြင်စေရမယ်လို့ ကတိပေးထားတဲ့ စာအုပ်တွေ ပါဝင်ပါတယ်။ သင်ဟာလည်း အောင်မြင်ရေးလျှို့ဝှက်ချက်ကို ရှာဖွေနေတဲ့သူတစ်ယောက်ဆိုရင်တော့ အဲဒီစာအုပ် ၁၇၉၇ အုပ်နဲ့ အချိန်ကုန်ခံမနေပါနဲ့တော့။ သင့်ကို အချိန်ကုန် သက်သာအောင် ကျနော် ပြောပြပါ့မယ်။

အဓိက အချက်က ဒါပါပဲ – အောင်မြင်မှုမှာ ဘာလျှို့ဝှက်ချက်မှ မရှိပါဘူး။ အောင်မြင်မှုအတွက် ပဉ္စလက်ဆန်တဲ့ နည်းလမ်းတွေ မရှိပါဘူး၊ ဖြတ်လမ်းတွေ မရှိပါဘူး၊ ထီလက်မှတ်တွေလိုမျိုးလည်း သင် ၀ယ်ယူလို့မရပါဘူး။

အောင်မြင်ဖို့အတွက် ရေရှည် ကြိုးပမ်းနိုင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ အလုပ်မှာ စိတ်နှစ်ထားမှု၊ ၀ါသနာကြီးမှု၊ လေ့ကျင့်မှု၊ အာရုံစူးစိုက်မှုနဲ့ အလုပ်ကြိုးစားမှုတို့ လိုအပ်တယ်ဆိုတာကို အောင်မြင်နေကြတဲ့သူတွေ သိကြပါတယ်။ တကယ်တော့ ဒါတွေဟာ ဘာလျှို့ဝှက်ချက်တွေမှ မဟုတ်ပါဘူး။

ချက်စတာ ကာလ်ဆန်ကို ကြည့်ပါ။ သူဟာ ဓာတ်ပုံကူးတဲ့ နည်းပညာကို တီထွင်ခဲ့တဲ့ အောင်မြင်တဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့ သူမအောင်မြင်ခင်က သူ့ရဲ့ စိတ်ကူးကို ကုမ္ပဏီကြီး  ၂၀ က ငြင်းပယ်ခဲ့ကြတယ်။ သူဟာ ဇွဲရှိရှိ၊ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ စောင့်ခဲ့ရတာ ၇ နှစ်ကြာတယ်။ နောက်ဆုံးမှာတော့ ကုမ္ပဏီတစ်ခုက သူရဲ့ တီထွင်မှုကို ၀ယ်ယူခဲ့တယ်။ အဲဒီနောက်မှာတော့ သူဟာ Xerox Corporation ကြီးအဖြစ် အောင်မြင်လာခဲ့တယ်။

ဒါမှမဟုတ် ဂျူလီယာ ချိုင်းလ်ဒ်ကို ကြည့်ပါ။ သူမဟာ ပြင်သစ် ချက်နည်းပြုတ်နည်းစာအုပ်အတွက် အလုပ်လက်ခံရရှိခဲ့တယ်။ ပူးပေါင်းဆောင်ရွက်သူနှစ်ယောက်နဲ့အတူ ငါးနှစ် အလုပ်လုပ်ခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူမရဲ့ စာမူကို ထုတ်ဝေသူက ငြင်းပယ်ခဲ့တယ်။ သူမ နောက်ထပ် တစ်နှစ် ထပ်ကြိုးစားတယ်။ ဒီတစ်ခါလည်း သူမရဲ့ စာမူကို ငြင်းပယ်ခံရပြန်တယ်။ ဒါပေမဲ့ ဂျူလီယာက အရှုံးမပေးဘူး။ နောက်ထပ် ရှစ်နှစ်လောက်ကြာတဲ့အခါ စာအုပ်တိုက်တစ်ခုက သူမရဲ့ ချက်နည်းပြုတ်နည်းစာအုပ်ကို ထုတ်ဝေခဲ့တယ်။ အဲဒီစာအုပ်ဟာ အုပ်ရေ သန်းချီပြီး ရောင်းချခဲ့ရတယ်။

သင်ဟာ အောင်မြင်ချင်တယ်ဆိုရင်၊ သင့်ကို အောင်မြင်စေမယ့် လျှို့ဝှက်ချက်တစ်ခုခုကို အပြင်မှာ ရှာဖွေနေတာကို ရပ်လိုက်ပါ။ အဲဒီအစား၊ သင့်ရဲ့ အမြင်အာရုံတွေကို သင့်ရဲ့ အတွင်းထဲကို လှည့်လိုက်ပါ။ သင် လိုအပ်သမျှ အရာတိုင်းကို သင် တွေ့ရပါလိမ့်မယ်။ သင့်အောင်မြင်မှုရဲ့လျှို့ဝှက်ချက်ဟာ သင်ကိုယ်တိုင်ပါပဲ။ ဒါပေမဲ့ အောင်မြင်မှုအတွက် လိုအပ်တဲ့အရာတွေ သင့်မှာမရှိသေးဘူးလို့ ထင်တယ်ဆိုရင် ထပ်စဉ်းစားကြည့်ပါဦး။ တစ်ခုခုကို အထူးဝါသနာပါတဲ့သူတွေ၊ လုပ်အားပေးအဖွဲ့အစည်းတွေ၊ ဒါမှမဟုတ် အင်တာနက် ဘလော့ဂ်တွေကို လျှောက်ကြည့်ပါ။ ကဗျာဆရာတွေ၊ အဆိုတော်တွေ၊ အနုပညာရှင်တွေ၊ အားကစားသမားတွေ၊ hacker တွေ၊ နံရံတွေပေါ်မှာ ပုံဆွဲတဲ့ ပန်းချီဆရာတွေ၊ သူတို့တွေကို လေ့လာကြည့်ပါ။

စိတ်ဓာတ်ခိုင်မာခြင်း၊ ဇွဲရှိခြင်း၊ လက်တွေ့လုပ်ဆောင်တတ်ခြင်း နဲ့ အလုပ်ကြိုးစားခြင်းတို့ကို ထင်ထင်ရှားရှားတွေ့ရပါလိမ့်မယ်။ ပြီးတော့ အဲဒီအရာတွေဟာ သင့်ရဲ့ ကိုယ်တွင်းမှာလည်း ရှိနေပါတယ်။ အဲဒီအရာတွေက သင် သူတို့ကို ဘယ်အချိန်မှာ လှမ်းခေါ်မလဲလို့ စောင့်နေကြပါတယ်။

အောင်မြင်တဲ့သူတွေဟာ သူတို့ရဲ့ ခွန်အားတွေကို သူတို့ရဲ့ စိတ်ဝင်စားမှု၊ သူတို့ရဲ့ ၀ါသနာတွေမှာ ထည့်ထားကြတယ်။ သူတို့ဟာ အခက်အခဲတွေ၊ နောက်ပြန်လန်ကျမှုတွေ၊ စိတ်ပျက်စရာတွေကို ကြံ့ကြံ့ခိုင်နိုင်ကြတယ်။

အောင်မြင်ရေးလျှို့ဝှက်ချက်တွေ ရှာဖွေနေတာကို ရပ်လိုက်ပါ။ သင့်အောင်မြင်မှုရဲ့ တကယ့်လျှို့ဝှက်ချက်ဟာ သင်ကိုယ်တိုင်ပဲဆိုတာကို စပြီး သဘောပေါက်ပါ။ “နှလုံးသားဟာ ဘာမဆို လုပ်နိုင်တယ်” လို့ Moliere က ပြောပါတယ်။ သင့်ရဲ့ အလုပ်ထဲမှာ သင့်နှလုံးသားကို ရှာဖွေပါ။ သင်ဟာ ဘယ်အရာကိုမဆို လုပ်နိုင်ပါလိမ့်မယ်။

Ref: THE SECRET TO SUCCESS by Nan S. Russell

Monday, March 17, 2014

ဆိုင်းငံ ကော်ဖီ

ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက်ကော်ဖီဆိုင်တစ်ခုထဲ ကိုဝင်ပြီးကော်ဖီနှစ်ခွက် မှာတယ်..ပြီးတော့ မလှမ်းမကမ်းမှာရှိ တဲ့စားပွဲမှာထိုင်ဖို့လျှောက်သွားလိုက်တယ်...
စားပွဲမှာနေရာယူဖို့ပြင်ဆင်နေတုန်းပဲ ဆိုင်ထဲကို ရုပ်ရည်သန့်သန့်ပြန့်ပြန့်နဲ့ နှစ်ယောက်ဝင်လာပြီး ကော်ဖီမှာပါတယ်...
မှာပုံက ကော်ဖီငါးခွက် ၂ခွက် ကကျွန်တော်တို့သောက်ဖို့ သုံးခွက်ကိုတော့ suspended(ဆိုင်းငံ့)ထားပေးပါ..
ကျွန်တော်လည်းမှာထားတဲ့ကော်ဖီမလာသေးတာကတစ်ကြောင်း ကျွန်တော့်ရှေ့တည့်တည့်မှာရောက် နေတာတစ်ကြောင်းကြောင့် ဆက်ကြည့်နေမိတယ်.. သူတို့ ကော်ဖီငါးခွက်ဖိုးရှင်းတယ်...
ပြီးတော့ ကော်ဖီနှစ်ခွက်ယူပြီး ပြန်ထွက်သွားတယ်..
ကျွန်တော့် သူငယ်ချင်း ကိုမေးမိတယ်..အဲ့ဒီ Suspended(ဆိုင်းငံ့) ထားတဲ့ကော်ဖီတွေက ဘာလုပ် တာလဲဆိုတော့... သူကလည်း ငါ့သူငယ်ချင်းမင်းဆက်စောင့်ကြည့်ကွာ တွေ့လိမ့်မယ်လို့ပြောတော့ ကျွန်တော်လည်း ဘာမှဆက် မမေးမိဘဲ ရောက်လာတဲ့ကော်ဖီကို သောက်နေလိုက်တယ်...
စိတ်ထဲမှာတော့ ဘာပါလိမ့်ဆိုတာ ကို စဉ်းစားနေမိတယ်... နောက်တော့ မိန်းကလေးနှစ်ယောက်ရောက်လာတယ်..ကော်ဖီနှစ်ခွက် မှာတယ်..ပိုက်ဆံရှင်းပြီးပြန်ထွက်သွားတယ်..
နောက်တစ်ခါ ရှေ့နေသုံးယောက်ရောက်လာတယ် ... ကော်ဖီ(၇)ခွက်မှာတယ်..၃ခွက်က ငါတို့အတွက် ကျန်တဲ့လေးခွက်က suspended(ဆိုင်းငံ့) လို့ပြောပြီး ပိုက်ဆံရှင်းတယ်... ကျွန်တော် တော်တော်လေးကိုစိတ်ဝင်စားမိနေပြီ...
ဒီ suspended (ဆိုင်းငံ့)ကော်ဖီဆိုတာဘာလဲ???
အတွေးတွေများရင် ဆိုင်ရှေ့က ရှုခင်းအလှအပလေးတွေနဲ့ ဖြတ်လျှောက် သွားတဲ့လူတွေကို ကြည့်နေမိတယ်...
အဲ့ဒီအချိန်မှာပဲ အ၀တ်အစားနွမ်းနွမ်းပါးပါးနဲ့ သူတောင်းစားပုံစံလူတစ်ယောက် ဆိုင်ထဲဝင်လာတယ်...
မ၀ံ့မရဲနဲ့ counter နားကပ်သွားပြီး Suspended Coffee(ဆိုင်းငံ့) ကော်ဖီလေးများ ရှိသလားဗျာ.. တဲ့...
ကျွန်တော်ကောင်းကောင်း သဘောပေါက်သွား တယ်...
ဆိုင်ရှင်က ပြုံးပြပြီး ကော်ဖီတစ်ခွက်ပေးလိုက်တယ်...
ဆိုင်လေးရဲ့ ချောင်ကျကျတစ်နေရာမှာ အဲ့ဒီပုဂ္ဂိုလ်ကော်ဖီ ထိုင်သောက်နေလေရဲ့....
ကျွန်တော် အားလုံးကိုရှင်းသွားပါပြီ..
လူတွေက သူတို့ စား သောက်ဖို့အပြင် နွမ်းပါးတဲ့သူတွေနဲ့ မတတ်နိုင်တဲ့သူတွေအတွက် coffee နဲ့ စားစရာသောက် စရာတွေကို Suspended (ဆိုင်းငံ့)အဖြစ် ငွေကြိုရှင်းခဲ့ကြတာပါ...
ဒီရိုးရာဓလေ့ဟာ အီတလီနိုင်ငံ (Naples City)ကနေစခဲ့တာဖြစ်ပြီးတော့ အခုတော့ နိုင်ငံတော်တော်များများကိုပြန့် နှံ့လို့ နေပါပြီ..
တစ်ချို့နေရာတွေမှာဆိုရင် ကော်ဖီတင်မကပဲ Sandwich ဒါမှမဟုတ် စားစရာတွေတောင် Suspended အနေနဲ့ရှိနေပါပြီ...
ကျွန်တော်ဒီစာလေးကိုဖတ်မိတဲ့အချိန်တုန်းက မျက်ရည်တောင်လည်မိတယ်.. သူတို့ရဲ့ လူသားချင်းစာ နာမှု..ကြင်နာမှု၊နွေးထွေးမှု မေတ္တာဓာတ်တွေကို ကျွန်တော့်စိတ်ကို လှုပ်ခတ်စေလို့ ကျွန်တော် ဘာသာပြန်ပြီး တင်ပေးလိုက်ပါတယ်..
ကျွန်တော်တို့ဗုဒ္ဒဘာသာ မြန်မာနိုင်ငံမှာလဲ ဒီလို ချစ်စရာကောင်းတဲ့ အလေ့အထလေးတွေရှိရင်အရမ်းကောင်းမှာပဲလို့ကျွန်တော်တွေးမိတယ်...
ညှိုးနွမ်းနေတဲ့မျက်နှာ တွေနဲ့ ကလေးငယ်တွေ..
သက်ကြီးရွယ်အိုတွေ ညီငယ်ညီမငယ် အဖေအိုအမေအိုကြီးတွေ
လမ်းဘေးမှာ အော်ဟစ် ညည်းညူတောင်းခံနေမယ့်အစား ထမင်းဆိုင်တစ်ဆိုင်သွားပြီး ငွေကြိုရှင်းထားတဲ့ ထမင်း တစ်ထုတ်လောက်ရှိ မလားဆိုပြီး တောင်းခံ ရတာ ပိုပြီးသိက္ခာရှိမယ်ထင်တယ်...

ပြောနေတာကြာတယ်.. လက်ထဲမှာ ပိုက်ဆံ၃၀၀-၄၀၀ လောက်ပိုနေလို့ ထမင်းတစ်ထုတ်နဲ့ အရွက်ကြော်သို့ ကြက်ဥကြော်လောက်နဲ့ ငွေကြိုရှင်းထားရင်း ဗိုက်ဆာနေတဲ့ ညီငယ်ညီမငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို ကြင်နာမှုနဲ့ နွေးထွေးမှုနဲ့ ကုသိုလ်ယူတဲ့ အလေ့အထလေးတွေ စတင်လိုက်ကြရအောင်ဗျာ...
ထမင်းဆိုင်၊လက်ဖက်ရည်ဆိုင်ပိုင်ရှင်တွေ တစ်ခြား မုန့်နဲ့စားသောက် စရာပိုင်ရှင်တွေ ကလည်း ဒီကုသိုလ်ရတဲ့ ဓလေ့... အလေ့အထလေး မြန်မာနိုင်ငံမှာဖြစ်မြောက်သွားအောင် တောင်းတဲ့သူတွေ များရှိခဲ့ရင် မျက်နှာမရှုံ့ဘဲ ကြင်နာတဲ့အကြည့်နဲ့ ၀န်ဆောင်မှုပေးနိုင်ကြပါစေလို့ ကျွန်တော် တောင်းဆိုပါတယ်...

LinkWithin

Related Posts Plugin for WordPress, Blogger...