တစ်နေ့ မြို့လယ်ရုံးကြီး တစ်ရုံးမှာ သူငယ်ချင်း တစ်ယောက်နှင့် စကားပြောပြီး ပြန်ဆင်း
အလာ အောက်ထပ်ရုံး အဝင်ဝမှာ ထိုင်နေသူ တစ်ယောက်က အနီးသို့ ချည်းကပ်လာပြီး ပြော
သည်။“အကိုရေ ကျွန်တော် လက်ဖက်ရည် မသောက်ရသေးဘူးဗျတဲ့”။
ဟာ ကျွန်တော်အံ့အားသင့် သွားသည်။ ကျွန်တော်တို့ဆီမှာ လက်ဖက်ရည် ယဉ်ကျေးမှုက
အတော့်ကို ပွင့်ပွင့်လင်းလင်း ရှင်သန်တိုးတက်နေပါကလား။
တလောကလည်း........................ ထားပါတော့လေ..... ဒါတွေအသေးစိတ် ပြောမနေ
ချင်ပါ။
ယခုကျွန်တော်ပြောလိုသည်က လက်ဖက်ရည်ဖိုး တောင်းတတ်သော တံခါးမှူးများနှင့် တွေ့
ရတိုင်း တံငါသည်ကို ကျွန်တော်သတိရသည့် အကြောင်းဖြစ်ပါသည်။ ကျွန်တော်တို့မှာ တံငါသည်
နှင့် နန်းတော်စောင့် တံခါးမှူးအကြောင်း ပုံပြင်ရှိသည် မဟုတ်လား။
အများသိပြီးသား ပုံပြင်ကို ပြန်ပြောရတာ အားနာပါသည်။ သို့သော်ဝိုးတိုးဝါးတား ဖြစ်နေသူ
များ ပြန်ပြီး သတိရအောင် ခပ်သုတ်သုတ်လေး ကျွန်တော် ပြန်ပြောပါရစေ။
တစ်ခါတုန်းက ရှင်ဘုရင်တစ်ပါးမှာ ပထမဆုံး ရင်သွေးရတနာ မွေးဖွားလာတော့ ဝမ်း
မြောက်ဂုဏ်ယူသည့် အထိမ်းအမှတ်ဖြင့် အနီးဝန်းကျင် တိုင်းပြည်များမှ ရှင်ဘုရင်များ၊ မြို့စား ရွာ
စားနှင့် အခြားဂုဏ်သရေရှိ ပုဂ္ဂိုလ်များကို ဖိတ်ကြားကာ ဧည့်ခံပွဲကြီးတစ်ရပ် ကျင်းပရန် စီစဉ်သည်။
ဧည့်သည်တော်များအား အလျှံပယ် တည်ခင်းကျွေးမွေးနိုင်ရန်အတွက် ဘုရင်မင်းမြတ်ကိုယ်တိုင်
အနီးကပ် ကြီးကြပ်ကာ စောစောစီးစီး ကြိုကြိုတင်တင် ချက်ပြုတ်စေသည်။ ငါးဟင်းလျာ တခုကို
သာ လတ်ဆတ်ချိုမြိန်မှု ရှိစေရန်အတွက် ပွဲတော်ကျင်းပမည့်ရက် မတိုင်မီနေ့တွင် ဖမ်း၍ရသည့် ငါး
ကိုမှ ချက်မည်ဟု ဆုံးဖြတ်စောင့်ဆိုင်းနေသည်။
သို့သော်ကံဆိုးချင်တော့ အဲသည်နေ့တွင် လေကြီးမိုးကြီး ကျကာ ပင်လယ်သို့ မည်သူမျှ
ငါးဖမ်းမထွက်နိုင်ဘဲ ရှိလေသည်။ နန်းတော်က တည်ခင်းသည့် ဧည့်ခံပွဲမဟာမှာ ငါး ဟင်းလျာလေး
တစ်ပွဲပင် မပါဘူးဆိုလျှင်တော့ အကြီးအကျယ် သိက္ခာကျတော့မည်ဟု ရှင်ဘုရင် စိတ်ဓာတ်ကျ
ကာ မှိုင်တွေ၍ နေသည့်အခိုက် တံခါးမှူးက ဧည့်သည်တစ်ယောက် ရောက်လာကြောင်း လာ
ရောက် အကြောင်းကြားသည်။
ဧည့်သည်က တံငါသည်။ ပိုက်ကွန်ကို ထမ်းလျက်။ ပိုက်ကွန်ထဲမှာ ဧရာမငါးကြီး တစ်
ကောင်။ ရှင်ဘုရင်ပွဲတော် အတွက် ငါးအရေးတကြီး လိုနေသည် ကြားသဖြင့် သူများမထွက်ရဲသည့်
ပင်လယ်ထဲ စွန့်စွန့်စားစား ထွက်ကာ ငါးသွားရှာ ခဲ့ခြင်းဖြစ်သည်။
ရှင်ဘုရင် ဝမ်းသာအံ့သြကာ စားဖိုမှူးအား ငါးဟင်းလျာ ချက်ချင်း ချက်ပြုတ်ပြင်ဆင်စေဟု
အမိန့်ပေးပြီးနောက် သည်လောက်တော်သည့် တံငါသည်ကို ဆုတော်လာတ်တော် ချီးမြှင့်ဦးမှဟု
ဆိုကာ နှစ်သက်ရာဆုကို တောင်းစေသည်။ တံငါသည်က သူ့အားကြိမ်ဒဏ် အချက်တစ်ရာ ချီးမြှင့်
တော်မူပါဟု ဆိုသည့်အခါ ဘုရင် ဇဝေဇဝါ ဖြစ်သွားသည်။ နောက်တော့မှ အင်း...... ခမျာ ခေါင်း
သိပ်မကောင်းရှာဘူးထင်တယ်။ ပြီးမှ ကြည့်စီစဉ်တာပေါ့။ လောလောဆယ်တော့ သူတောင်းတာ
ပေးရမှာပဲဟု တွေးကာ လက်မရွံ့ ကြိမ်ဆရာအား နာအောင်မရိုက်နဲ့ကွဟု ညွှန်ကြားပြီး ကြိမ်ဒဏ်
ဆုကို ချီးမြှင့်၏။
ကြိမ်ဆရာက ကြိမ်ဒဏ်တစ်ရာဆုကို ခပ်သာသာ ချီးမြှင့်၍ အချက်ငါးဆယ် အရောက်တွင်
တံငါသည်က ခဏရပ်ပါဦး ဆိုသဖြင့် ရပ်ပေးရသည်။ တံငါသည်က“ကျွန်တော်က ငါးဆယ်ဆို
တော်ပါပြီ။ ကျန်တဲ့ငါးဆယ်ကို ကျွန်တော်နန်းတော်စောင့် တံခါမှုးကို ပေးပါ့မယ်လို့ ကတိပေးထား
တာရှိလို့ သူ့ကိုပဲဆက်ရိုက်ပါ” ဟု ဆိုသည့်အခါ ကြိမ်ဆရာ နားမလည်နိုင်ဖြစ်ကာ ရှင့်ဘုရင့်ထံ
ပြေး၍ တင်ပြသည်။ ရှင်ဘုရင် လိုက်လာပြီး တံငါသည်အား မေးတော့ သူပင်လယ်ထဲ ထွက်ဖမ်းပြီး
ငါးရ၍ နန်းတော်သို့ ပို့ရန်အလာ နန်းတော်မှာ ငါးအသည်းအသန် လိုနေတာသိသော တံခါးမှူးက
ဂိတ်ဝမှဆီး၍ တားထားကြောင်း ရှင့်ဘုရင့်ထံမှ ရမည့်ဆုလာတ်ကို သူ့အား တစ်ဝက်ခွဲပေးမှ နန်း
တော်ပေါ် တက်ခွင့်ပြုမည် ဆိုသဖြင့် ပေးပါမည်ဟု ကတိပေးခဲ့ကြောင်း၊ ယခု ထိုကတိအတိုင်း
ကြိမ်ဒဏ်အချက် ငါးဆယ်ကို တံခါးမှူးအား ချီးမြှင့်ပေးပါရန် မေတ္တာရပ်ခံခြင်း ဖြစ်ကြောင်းရှင်းလင်း
လျှောက်ထားသည်။
ရှင်ဘုရင် ကောင်းကောင်း သဘောပေါက်သွားကာ တံခါးမှူးအား ကြိမ်ဒဏ်အချက် ငါးဆယ်
ကို ပြည့်ပြည့်ဝဝကြီး ချီးမြှင့်ရန် ကြိမ်ဆရာကို ညွှန်ကြားပြီး ၊ကြိမ်ဒဏ်ခံယူ အပြီးတွင် ရာထူးမှ ဖယ်
ရှားလိုက်သည်။ တံငါသည်ကိုမူ ဆုတော်ငွေ ထိုက်တန်စွာချီးမြှင့်ပြီး ပွဲတော်ကြီး တွင်လည်း အထူး
ဧည့်သည်တော် တစ်ဦးအနေဖြင့် ဆင်နွှဲသုံးဆောင်စေလေသည် ဟူသတတ်။
ငယ်ငယ်တုန်းက ဖတ်ဖူးပြီး ခေါင်းထဲစွဲနေသော အဲသည်ပုံပြင်ကို နိုင်ငံရပ်ခြားက ထုတ်ဝေ
သည့် ပုံပြင်စာအုပ်တစ်အုပ်ထဲမှာ ဖော်ပြထားတာ တွေ့ရတော့ တို့တံငါသည် အတော်ခရီးပေါက်
နေ ပါကလားဟု ဝမ်းသာသွာမိသည်။ စာအုပ်ကJoanna Cole ၏Best- Loved Folktales of the World။
နိုင်ငံတကာမှ အထင်ရှားဆုံး ရိုးရာပုံပြင်ပေါင်း ၂၀၀ တိတိကို ရွေးချယ်စုစည်းထားသည့်
အဲသည် စာအုပ်ထဲတွင် မြန်မာ ပုံပြင်တစ်ပုဒ် ပါဝင်ရာ ၄င်းမှာ တံငါသည်နှင့် တံခါးမှူး( The
Fisherman and the Gatekeeper) ပုံပြင် ဖြစ်နေသည်။
သည်ပုံပြင်လေးကို ဖတ်ကာ ခွဲခြမ်းစိတ်ဖြာ စဉ်းစားသူက ဘယ်လို ကောက်ချမျိုးတွေ ချ
မည်လဲ၊ ကျွန်တော်တွေးမိသည်။ သည်ပုံပြင်မှာ အဓိက ဇာတ်ဆောင်နှစ်ယောက်ပါသည်။ တံငါ
သည်နှင့် တံခါးမှူး။ တံငါသည်က ဇာတ်လိုက် ၊ တံခါးမှူးက ဗီလိန်။
တံခါးမှူး၏ လက္ခဏာက ရှင်းရှင်းလေး၊ လာသမျှလူဆီက ဂိတ်ကြေးတောင်းမည်။ မရလျှင်
ဝင်ခွင့်မပေး၊ သူ့အားလခ ရိက္ခာ ပေးထားသည့် ရှင်ဘုရင်၏ အရေးကိစ္စကိုလည်း သူမထောက်
ထား။ လောဘကြီးသော အမှုထမ်းဆိုးတို့၏ ယေဘုယျစရိုက်လက္ခဏာ။
တံငါသည်ကတော့ ယေဘုယျမဟုတ်။ ထူးခြားသည်။ တံခါးမှူးတွေ နေရာတကာမှာ တွေ့ရ
နိုင်သော်လည်း သည်တံငါသည်မျိုးကတော့ ခဏခဏ တွေ့ရလိမ့်မည်မဟုတ်။ စင်စစ် သူ၏ ထူး
ခြားသော အပြုအမူကြောင့် သည်ပုံပြင်က စိတ်ဝင်စားစရာ ဖြစ်လာရသည်။ မဟုတ်သေး၊ သူ့
ကြောင့်ပင် သည်ပုံပြင် ဖြစ်ပေါ်ရသည်ဟု ဆိုရလိမ့်မည်။
တိုတိုလေး ရေးထားသည့် အထဲမှာပင် သူ့အရည်အသွေးနှင့် သူ၏ ထူးခြားသော စရိုက်
လက္ခဏာတွေကို ထင်ထင်ရှားရှား မြင်တွေ့နေရသည်။ဘာတွေလဲ..
ဦးစွာပထမ သည်လူသည် တံငါသည်များထဲမှ မခေသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။
သူသည်ငါးဖမ်း ကျွမ်းကျင်သည်။ အလုပ်၌ လာတ်မြင်တတ်သူ ဖြစ်၍ လိုအပ်လျှင် စွန့်စားဆောင်
ရွက်ရန်လည်း ဝန်မလေးသူဖြစ်သည်။ ထို့ကြောင့် နန်းတော်မှာ ငါးအရေးတကြီး လိုနေကြောင်း သူ
သိရသည့် အခါ မုန်တိုင်းကျနေသော ပင်လယ်ပြင်သို့ထွက်၍ ငါးရအောင်သူရှာသည်။
ဈေးကောင်းကောင်းရမည့် ငါးကို နန်းတော်ထဲ သွားရောင်းသည့် အခါ ရှင်ဘုရင်နှင့် သူ့
အကြားမှာ လာတ်စားတတ်သည့် တံခါးမှူးက အတားအဆီး တစ်ခုအဖြစ် ပေါ်လာသည်။ တော်ရုံ
လူဆိုလျှင်တော့ မချစ်သော်လည်း အောင့်ကာနန်း ၊ သည်လူ့ကိုပဲ မျက်နှာချိုသွေး ပေါင်းကာ တတ်
နိုင်သမျှ အသက်သာဆုံးဖြစ်အောင် ဈေးညှိနှိုင်းပြီး သူ့စားပွဲကို ဖြတ်သန်းမည်ပေါ့။ သည်နေရာမှာ
တံငါသည်၏ စိတ်ဓာတ်တစ်ခု ပေါ်လာသည်။
ဈေးကောင်းရမည့် အချိန် စွန့်စားပြီး ငါးရှာခဲ့တာမှန်သည်။ သို့သော် ကိုယ့်ပစ္စည်းကို တန်
ရာတန်ဖိုး ရဖို့အတွက် သူ့တစ်ပါးအား အောက်ကျို့ ရတာမျိုး သူဝါသနာမပါ။ မဟုတ်မတရား လုပ်
တာမျိုးကိုလည်း သူ နည်းနည်းမျှ သည်းမခံနိုင်။ ဒါမျိုးနဲ့တော့ တပြားမှ မရရင် နေပစေကွာဟု သူ
သဘောထားသည်။
တချို့ကတော့ သည်လူ့စိတ်ဓာတ်ကို အစွန်းရောက်သည်ဟု ဆိုချင်ဆိုမည်။ ကိုယ့်ကိစ္စ
ပြီးအောင် အတော်အတန် လျှော့တန်တာ လျှော့ပေးလိုက်ဟု ပြောချင်ပြောမည်။ ကျွန်တော်
ကတော့ သည်လူ့စိတ်ဓာတ်ကို သဘောကျသည်။
သူကညစ်သော တံခါးမှူးကို ကောင်းပြီ။ သဘောတူသည်၊ တစ်ဝက် ရစေရမည်ဟု ကတိ
ပေးပြီး နန်းတော်ထဲ ဝင်ခဲ့သည်။ ရှင်ဘုရင်နှင့် တွေ့ပြီး ဆုလာတ်သပ္ပကာ ကိစ္စကြားရသည့် အခါ
မှာလည်း သူစိတ်ပြောင်းမသွား။ ငွေကို သူမလိုချင်၊ ဟိုလူ့ကိုသာ ပညာပေးချင်နေသည်။ ထို့
ကြောင့် ဆုငွေအဖြစ် ကြိမ်ဒဏ်တစ်ရာ သူတောင်းသည်။
အာဃာတကြီးတဲ့လူပဲဟု မှတ်ချက်ချသူက ချပါမည်။ ကျွန်တော်ကတော့ သူ့ကို လွန်ကဲ
သည် မထင်။ သည်လောက်တော့ ရှိချင်ရှိမှာပေါ့ဟု ဆိုချင်သည်။ ပြီး သူ့ အာဃာတနှင့် သူ့လက်
စားချေလိုစိတ်မှာ ဟာသဓာတ်ခံလေး ပါနေတာ ကျွန်တော် သဘောကျသည်။ ထို့ကြောင့်ပင် သူ့
လုပ်ရပ်သည် လက်စားချေသော သဘောထက် ပညာပေးသော သဘော ပို၍ သက်ရောက် သွား
သည်ဟု ကျွန်တော်မြင်သည်။
ခွေးမသား၊ သိရော့ပေါ့ကွာဟု စိတ်ထဲက ကြိမ်းကာ ကျိတ်၍ပြုံးနေမည့် တံငါသည်၏
မျက်နှာကို ကျွန်တော်မြင်ယောင်သည်။ သည်လူက ဟာသရှိသည်။ တင်္ခဏုပ္ပတ္တိဥာဏ်လည်း
ရှိသည်။ တစ်ခါတစ်လေ အတည်ပေါက် နောက်တတ်သည့် အလေ့အထ ရှိသူမျိုးလည်း ဖြစ်နိုင်
သည်။ ထို့ကြောင့်လည်း ကိုယ့်အသား အနာခံကာ ကြိမ်ဒဏ် တစ်ဝက်ခွဲပေးမည့် ဉာဏ်မျိုး သူ့
ခေါင်းထဲက လျှပ်တစ်ပြက် ထွက်ပေါ်ခြင်းဖြစ်သည်။
ဉာဏ်က နည်းနည်းနောနော ဉာဏ်မဟုတ်။
ငါ့မြင်းစီးတဲ့အကောင် သိရောပေါ့ကွာ၊ သူ့လှေငါဖိလှော်မယ်ဆိုသော တခြားပုံပြင် တစ်ပုဒ်
ထဲက ပုဂ္ဂိုလ်၏ တုံးလွန်းသဖြင့် ရယ်ရသော ကလဲ့စားဉာဏ်မျိုးနှင့်တော့ ကွာချင်တိုင်း ကွာသည်။
ရှင်ဘုရင်သာ အေးအေးဆေးဆေး စဉ်းစားကြည့်မည်ဆိုလျှင် သည်လူက ဖြတ်ထိုးဉာဏ်အရာမှာ
ငါ့နန်းတော်က မှူးမတ်ပညာရှိတွေထက် သာမယ့် ပုဂ္ဂိုလ်ပဲဟု တွေးမိကာ ရာထူးရာခံပင် ချီးမြှင့်
ဖြစ်စရာ အကြောင်းရှိသည်။ ဉာဏ်ကြောင့် နှစ်သက်စရာ ဟာသကြောင့် သဘောကျစရာ။
ပြီးတော့သည်လူသည် မတရားလုပ်သူကို လက်တုန့်ပြန်တာ မှန်သော်လည်း ကိုယ့်
အကွက် ဝင်သည့်အချိန် တစ်ဖက်လူအား အသေဆော်မည်ဟူသော သဘောမျိုးမရှိ။
သူနှင့် အလားတူဉာဏ်မျိုးသုံးကာ တစ်ဖက်သားကို ရက်ရက်စက်စက် လုပ်သွားသော
အခြားပုဂ္ဂိုလ်တစ်ဦးနှင့် နှိုင်းယှဉ်ကြည့်ပါက သူ့စိတ်ထား အများကြီး ပျော့ပျောင်းကြောင်း သိ
မြင်နိုင်ပါသည်။ တိုတိုပဲ ပြောပါမည်။
တစ်ခါတုန်းက ရှင်ဘုရင်တစ်ပါး ရှေ့မှောက်သို့ လူနှစ်ယောက် ရောက်ကြသည်။ ရှင်ဘုရင်
က“မောင်မင်းတို့ အထဲက ကြိုက်တဲ့တစ်ယောက်က ကျုပ်ဆီမှာ လိုရာဆုတစ်ခု တောင်းပါ။ အဲဒီ
လူကို သူတောင်းတဲ့အတိုင်း ပေးမယ်။ ကျန်တဲ့လူကိုတော့ ပထမလူထက် နှစ်ဆပေးမယ်။” ဟု ဆို
လိုက်သည်။
ပညာရှိ နှိပ်စက်နည်းဖြင့် နှိပ်စက်လိုက်ခြင်းပေတည်း။ သို့သော် ဘယ်လောက်အထိ နှိပ်
စက်ခံသွားရသနည်း ဟူသည်က အဲသည်လူနှစ်ယောက်၏ စိတ်ဓာတ်ပေါ်၌ မူတည်ခဲ့သည်။
သည်ပုံပြင်ထဲမှ လူနှစ်ယောက်အနက် တစ်ယောက်သည် လောဘကြီးသူဖြစ်၍ ကျန်တစ်
ယောက်က မနာလိုစိတ် ကြီးမားသူဖြစ်သည်ဟု ပုံပြင်ဆရာက ကြိုပြောထားပါသည်။
ဘုရင်က ကဲ....ဘယ်သူတောင်းမလဲဟု မေးသည့်အခါ သူတို့ ရုတ်တရက် မဖြေနိုင်။ လော
ဘသမားက သူနှစ်ဆရချင်သည်။ မနာလိုသူကလည်း တစ်ဖက်လူပိုရသွားမှာ နည်းနည်းလေးမျှ
မလိုလား။ သို့သော် ဘုရင်ရှေ့မှာ အကြာကြီး တစ်ယောက်ကို တစ်ယောက် လွှဲနေ၍ မရတော့
နောက်ဆုံးတွင် မနာလိုသူက မလွှဲမရှောင်သာ တောင်းရတော့သည်။
“ကျွန်တော်မျိုးရဲ့ မျက်လုံးတစ်ဖက်ကို ဖောက်ထုတ်ပေးတော်မူပါ ဘုရား” ဟူ၍။
ကျွန်တော်တို့၏ တံငါသည် သည် အဲသည်လို မရက်စက်ပါ။ သူ့နှလုံးသားက ဟိုလူ့လို
မမည်းမှောင် မညစ်ထေးပါ။ သူသည် မဟုတ်မခံစိတ်ရှိသူ၊ ဉာဏ်ထက်မြက်သူ ၊ဟာသဓာတ်ခံ
ရှိသူဖြစ်သည်။
သူ့အပြုအမူသည် ချီးမွှမ်းဖွယ်ဖြစ်သည်။ သူ့လုပ်ရပ်ကြောင့် အဲသည်အချိန်က လက်ဖက်
ရည်ဖိုးတောင်းသော စားပွဲအတော်များများ သန့်ရှင်းသွားခဲ့စရာ အကြောင်းရှိသည်။
ထို့ကြောင့် တံခါးမှူးများကို မြင်တိုင်း တံငါသည်ကို ကျွန်တော် သတိရခြင်းဖြစ်ပါသည်။
ဖေမြင့် တန်ဖိုးထားအပ်သောအရာများ စာအုပ်မှ
No comments:
Post a Comment