pages

Showing posts with label ရသ. Show all posts
Showing posts with label ရသ. Show all posts

Tuesday, November 26, 2019


များသောအားဖြင့်တော့ “ပန်းတိုင်” ဆိုတာ လွယ်လွယ်နဲ့ ရောက်နိုင်တာမျိုးတော့
မဟုတ်လေဘူး။ ပန်းတိုင်က လန်ကျတာတွေ၊ ပန်းတိုင်ပျောက်သွားတာတွေ၊ ပျက်ပြယ်သွားတဲ့
ငယ်အိပ်မက်တွေ၊ အများကြီး ကြုံဖူးကြမှာပါ။

ဒီလိုအဖြစ်မျိုးတွေကို စဉ်းစားပြီး စိတ်ပျက်အားလျှော့လိုက်လို့ မဖြစ်ပါဘူး။
ဒီနေရာမှာ ကမ္ဘာကျော်ပြဇာတ်ဆရာကြီး ” ဂျော့ဘားနဒ်ရှော ” ရဲ့ အတွေ့အကြုံကို
နှလုံးသွင်းစေချင်ပါတယ်။ ” ရှော ” က အခုလို ပြောဖူးတယ်။ ” ကျုပ်ငယ်ငယ်က
ဆယ်ခုလုပ်ရင်၊ ကိုးခုလောက်က မအောင်မြင်တာများတယ်။ ဒါပေမဲ့ ကျုပ်က
အရှုံးသမားမဖြစ်ချင်တော့ အလုပ်ကို ဆယ်ဆတိုးလုပ်ရတာပေါ့ ”

The 7 Habits of Highly Effective Teens စာအုပ်ကိုရေးတဲ့ ” ရှောင်ကိုဗေး ”
ကတော့ ပန်းတိုင်ကို ရှေးရှုသွားရာမှာ အရေးကြီးတဲ့ သော့ချက် (KEY) တွေရှိသတဲ့။
အခု ဒီသော့ချက်တွေကို ဆက်ပြောပါမယ်။

*သော့ချက် (၁) – တက်ကြွပါ။ ကြွတက်တာ မဖြစ်စေနဲ့။*

လူငယ်တွေမှာ မိုးကုပ်စက်ဝိုင်းလောက်ကျယ်တဲ့ ပန်းတိုင်ကြီးတွေ ရှိတတ်ပါတယ်။
ကောင်းပါတယ်။ ဒီမျှော်လင့်ချက် မိုးကုပ်စက်ဝိုင်းအတွက် ရနိုင်မယ့်
ဆုလာဘ်နဲ့ပေးရမယ့် တန်ဖိုးကိုတော့ ချိန်ဆရပါလိမ့်မယ်။ ဒါကို တွက်ဆပြီးမှ
စွန့်ရဲရင်လုပ်၊ မစွန့်ရဲရင် မလုပ်နဲ့၊ ဒါက ပိုသဘာဝကျမယ်ထင်တယ်။

ဥပမာ- အများအတွက် အနစ်နာခံသူ၊ ကိုယ်ကျိုးစွန့်လွှတ်သူ၊ အာဇာနည်သူရဲကောင်းဆိုတာ
တကယ့်မြင့်မြတ်သူတွေပါ။ အားကျသင့်ပါတယ်။ ဒါပေမဲ့ လိုအပ်ရင် အသက်တောင်
စွန့်ရတယ်ဆိုတာကိုတော့ အလေးထား တွက်ဆရပါလိမ့်မယ်။ ဦးပုညရဲ့ တေးထပ်တစ်ပုဒ်
ရှိပါရော့လား။ စိပ်ပုတီးကြီးနဲ့ ရိပ်ကြီးခိုတော့မယ်ဆိုပြီး
ဆုံးဖြတ်ချက်နဲ့လာတဲ့သူတစ်ယောက်၊ တောစပ်လည်းရောက်ရော သူ့မိန်းမသတိရတာနဲ့ ခုလို
” ဟဲ ” လိုက်တယ်ဆိုပဲ။ ” မောင်ကြီးကို တစ္ဆေကိုက်လိမ့်မယ်၊ ကွယ် …
မင်းလိုက်ခဲ့ဦး … ” ။

ကိုယ်လုပ်နိုင်သလောက် အတိုင်းအတာနဲ့ မာန်သွင်းတာ ” တက်ကြွမှုပါ ” ၊
အလွန်ကောင်းပါတယ်။ မလုပ်နိုင်ဘဲနဲ့ လေထတာ၊ မာန်သွင်းတာကတော့ တက်ကြွတာမဟုတ်ဘူး။
ကြွတက်တာပါ။ ကောင်းမယ်မထင်ဘူး။

*သော့ချက် (၂) – ရွေးချယ်သူဖြစ်ပါစေ၊ အရွေးချယ်ခံ မဖြစ်ပါစေနဲ့။*

” တင်မီ ” ဆိုတဲ့ ကလေးမတစ်ယောက်ရဲ့ အတွေ့အကြုံပါ။ သူနဲ့ လက်ထပ်မယ့်ယောက်ျားမှာ
ဘယ်လို အရည်အချင်းတွေ ရှိသင့်တယ်ဆိုတာ ” တင်မီ ” က စာရင်းလုပ်ထားတယ်တဲ့ … ။
ဒါမျိုးတွေ ဖြစ်မှာပေါ့ …။
- လေးစာမှု
- မေတ္တာစစ်
- ရိုးဖြောင့်မှု
- သစ္စာရှိမှု
- တော်တည့်မှန်ကန်
- ဟာသဓာတ်ခံ
- လုံခြုံစိတ်ချမှုပေး
- ဖခင်ကောင်း
- နားထောင်နိုင်သူ
- ဘ၀ရပ်တည်မှုအတွက် အာမခံချက်ရှိ … စတာမျိုးတွေ ဖြစ်ပါလိမ့်မယ်။

ဒါပေမဲ့”တင်မီ” ရဲ့ ရည်းစား “ခရစ်” မှာ ဒီအရည်အချင်းတွေ တစ်ခုမှ မရှိလေဘူး။
“တင်မီ” က သူ့စိတ်သူ ဖြေပါတယ်။ “ဘယ်တတ်နိုင်မလဲ ငါနဲ့ ဖူးစာမှန်လို့
ဆုံစည်းကြရတာ…။ ဘုရားသခင် အလိုတော်တိုင်းပေါ့ … ” ။ “တင်မီ” မှာ ကိုယ်ပိုင်
မစ်ရှင်(Mission) ဖော်ပြချက်တော့ ရှိပါရဲ့။ ဒါပေမဲ့ ကိုယ့်မစ်ရှင်ကို
ကိုယ်တိုင် မရွေးချယ်နိုင်ဘူး။ သူက ရွေးချယ်သူနေရာမှာမနေဘဲ အရွေးချယ်ခံဘ၀ကို
ကျေနပ်နေတာကလား …။ ဒီကလေးမ အိမ်ထောင်ရေး ကံမကောင်းမှာ သေချာတယ်။

*သော့ချက် (၃) – ဖြစ်အောင်လုပ်၊ ဆင်ခြေမပေးနဲ့။*

ရွေးချယ်ပြီးပြီ ဆုံးဖြတ်ပြီးပြီဆိုတာနဲ့ ဆင်ခြေပေးလို့မရတော့ဘူး။
စမ်းကြည့်ဦးမယ်လုပ်လို့ မဖြစ်တော့ဘူး။ မဖြစ်ဖြစ်အောင် လုပ်ဖို့ပဲရှိတော့တယ်။
မြန်မာရာဇ၀င်မှာ ဘုရင့်နောင်ရဲ့ နောင်ရိုးတိုက်ပွဲ ကြားဖူးမှာပေါ့။ ဖောင်တွေ
လှေတွေ အကုန်မီးရှို့ပစ်တော့ ဆုတ်လမ်းမရှိတော့ဘူး။ သေ-မြေကြီး၊ ရှင်-ရွှေထီး
စိတ်ဓာတ်နဲ့ အနိုင်တိုက်တော့တယ်။ ကမ္ဘာ့သမိုင်းမှာလည်း ဒါမျိုးတွေရှိပါတယ်။
ကျူးဘားကနေ မက္ကစီကိုကို သင်္ဘော ၁၁ စီးနဲ့ ချီတက်တိုက်ခိုက်တဲ့ “ကော်တီ” ဆိုတဲ့
ရေကြောင်းဗိုလ်ချုပ်ဟာ မက္ကစီကို ကမ်းခြေလည်းရောက်ရော သင်္ဘောအားလုံး
မီးရှို့ပစ်ခဲ့ဖူးတယ်။

ဂျာမန်ကဗျာဆရာကြီး “ဂိုသီ” ရဲ့ ဟောဒီကဗျာလေးကို ဖတ်ကြည့်လိုက်ပါ။
- အိပ်မက်ရှိရင် အကောင်အထည်ဖော်
- ဆုံးဖြတ်ပြီးရင် စ,လုပ်
- ရဲရင့်မှုထဲမှာ ပါရမီရှိ၊ စွမ်းအားလည်းရှိ၊ ပဉ္စလက်တန်ခိုးလည်း ရှိလေရဲ့

စတားဝါးရုပ်ရှင်ထဲက ဂျေဒိုင်သခင်ယိုဒါပြောတဲ့ စကားကိုလည်း အစဖော်လိုက်ပါဦးမယ်။
“လုပ်မယ်ဆိုလုပ်၊ မလုပ်ဘူးဆိုမလုပ်နဲ့၊ စမ်းကြည့်ဦးမယ်ဆိုတာ မရှိဘူး” ။ ဘ၀မှာ
“ရီဟာဆယ်” မရှိဘူးလို့ သတိပေးချင်တာ ဖြစ်ပါလိမ့်မယ်။

*သော့ချက် (၄) – အလှည့်အပြောင်းကို အသုံးချ၊ မကြောက်နဲ့၊ မရှောင်နဲ့။*

လူတစ်ယောက်ရဲ့ ဘ၀ဖြတ်သန်းချိန်မှာ အလှည့်အပြောင်းကာလတွေ ရှိတတ်ပါတယ်။
အကောင်းရော အဆိုးရောပေါ့။ ဥပမာ ဒါမျိုးတွေ …။
- စာသင်နှစ်အစ သို့မဟုတ် စာသင်နှစ်အဆုံး
- စာမေးပွဲအောင်ခါစ သို့မဟုတ် စာမေးပွဲကျခါစ
- ရည်းစားရခါစ သို့မဟုတ် ရည်းစားနဲ့ကွဲခါစ
- အိမ်ထောင်ကျခါစ သို့မဟုတ် အိမ်ထောင်ဘက်နဲ့ ကွာကွာရခိုက်
- မွေးဖွားခြင်းနဲ့ ကြုံရခိုက် သို့မဟုတ် သေဆုံးခြင်းနဲ့ ကြုံရခိုက်
- ရာထူးတိုးခါစ သို့မဟုတ် ရာထူးကျခါစ
- ချမ်းသာချိန် သို့မဟုတ် ဆင်းရဲချိန်

အောင်မြင်မှုကို မသာယာဖို့ လိုသလို ဆုံးရှုံးမှုမှာလည်း
စိတ်ပျက်ချောက်ချားနေလို့ မဖြစ်ပါဘူး။ ကြုံလာတဲ့ အပြောင်းအလဲတိုင်းကို
ဘ၀ခရီးအတွက် တွန်းအားအဖြစ် သဘောယူနိုင်ကြဖို့ပါ။

*သော့ချက် (၅) – အပြန်အလှန် အမှီသဟဲပြု၊ တစ်ကိုယ်တော် သူရဲကောင်းမလုပ်နဲ့။*

တောင်မြင့်မြင့်ကြီးတွေကို တက်ကြတဲ့အခါ တောင်တက်အဖွဲ့ဝင်တွေဟာ
တစ်ယောက်ခါးကိုတစ်ယောက် ကြိုးချည်ဆက်ထားရပါတယ်။ ဒါမှ တစ်ယောက်ယောက်
ခြေချော်လက်ချော် ဖြစ်ခဲ့ရင် ကယ်နိုင်မှာကိုး။ ဒီလိုပါပဲ။ ဘ၀ရဲ့ တချို့သော
ပန်းတိုင်တွေဟာ တောင်ထိပ်တွေလို မြင့်မားတတ်တာမို့ တစ်ကိုယ်တော်
သူရဲကောင်းစိတ်နဲ့ ချွန်လုပ်လို့ မရပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်
အမှီသဟဲပြုပြီး ၀ိုင်းဝန်းကြိုးစားရပါတယ်။

သင့်ရဲ့ ပန်းတိုင်ကို သွားရာမှာ အရေးကြီးတဲ့ သော့ချက်တွေကို ဖော်ပြပြီးပါပြီ။
ဒီသော့ချက်တွေကို အသုံးပြုပြီး မိမိဘ၀ရဲ့ ပန်းတိုင်များသို့
အရောက်လှမ်းနိုင်တဲ့သူတွေ ဖြစ်ကြပါစေ။

*The 7 Habits of Highly Effective Teens by Sean Covey* ကို*
ကျော်ဝင်း*ဘာသာပြန်သော
* နှစ်ဆယ့်တစ်ရာစုသားရွှေဥ* စာအုပ်မှ ထုတ်နှုတ်သည်။
Credit: Your Life Success
(www.yourlifesuccess.blog.com

Wednesday, September 27, 2017

ဟန်ချက်ညီတဲ့ဘဝ


ဟန်ချက်ညီတဲ့ဘ၀ဆိုတာ သင့်အတွက် ဘယ်လို အဓိပ္ပါယ်သက်ရောက်မှု ရှိပါသလဲ?

ဒါကို သင့်ကိုယ်သင် စဉ်းစားခဲ့ဖူးပါသလား?

ဟန်ချက်ညီတဲ့ဘ၀ဆိုတာကို သင်ကိုယ်တိုင် အဓိပ္ပါယ်ဖွင့်ဆိုထားတာမျိုး ရှိပါသလား။


 

လူတော်တော်များများကတော့ အဲဒါဟာ ဘာမှန်းမသိဘဲနဲ့တောင်မှ ဟန်ချက်ညီတဲ့ဘ၀ဆိုတာကို ရှာဖွေနေကြပါတယ်။သူတို့က ထင်ကြတယ်။ ဟန်ချက်ညီတဲ့ဘ၀ဆိုတာ စိတ်နဲ့ ခန္ဓာကိုယ်ရဲ့ အခြေအနေတစ်ခု၊ ဘယ်လိုအခြေအနေလဲဆိုတော့ မြင်ရသမျှ၊ ခံစားရသမျှဟာ တည်ငြိမ်နေ၊ ပြီးပြည့်စုံနေတဲ့ အခြေအနေတစ်ခုလို့ ထင်ကြတယ်။ အဲဒီလိုမျိုး အခြေအနေတစ်ခုဟာ အမှန်တကယ် ရှိနိုင်ပါသလား? သေချာပါတယ်၊ လုံးဝ မရှိနိုင်ပါဘူး။ ပြီးတော့ အဲဒီလိုမျိုး ဘ၀ပုံစံဟာ သင့်ကို ကြီးထွားလာစေမှာမဟုတ်၊ သင့်ရဲ့ ရည်မှန်းချက်တွေဆီကို ရောက်စေမှာမဟုတ်၊ ပြီးတော့ သင့်ကို လူသားတစ်ယောက်အဖြစ် ဖြစ်တည်လာဖို့တောင် ခွင့်ပြုမှာမဟုတ်တဲ့ ကံဆိုးမှုတစ်ခုပဲ ဖြစ်ပါလိမ့်မယ်။


တစ်ခါတစ်ရံမှာ တစ်ခုခုဟာ ဘာလဲဆိုတာကို ဖော်ပြဖို့ အကောင်းဆုံးနည်းလမ်းကတော့ အဲဒီအရာ မဟုတ်တဲ့ဟာတွေကို အရင်ဆုံး အဓိပ္ပါယ်ဖော်ကြည့်ခြင်းပါပဲ။ ဒါကြောင့် ဘာတွေက ဟန်ချက်ညီတဲ့ဘ၀ မဟုတ်ဘူးဆိုတာ ပြောပါရစေ။


ဟန်ချက်ညီတဲ့ဘ၀ဆိုတာ ဒါတွေ မဟုတ်ပါဘူး -

- နေ့စဉ်နေ့တိုင်း ပြီးပြည့်စုံတဲ့ perfect ဖြစ်တဲ့နေ့ရက်တွေကို ပိုင်ဆိုင်တာမျိုး မဟုတ်ဘူး


- နေ့စဉ်နေ့တိုင်း သင့်ရဲ့ အချိန်တွေ၊ ခွန်အားတွေအားလုံးကို သင့်ဘ၀ရဲ့ အစိတ်အပိုင်းအားလုံးမှာ အညီအမျှ      စူးစိုက်ထားတာမျိုး မဟုတ်ဘူး။


- သင့်ရဲ့ အချိန်စာရင်းထဲကို လုပ်စရာတွေအများကြီး ကျပ်သိပ်နေအောင် ထပ်ထည့်တာမျိုးမဟုတ်ဘူး။


- ဘယ်ပြဿနာကိုမဆို ဖြေရှင်းနိုင်တဲ့ မှော်အတတ်လည်း မဟုတ်ဘူး။


- တစ်ကြိမ်တစ်ခါရရှိပြီးတာနဲ့ သင့်ရဲ့ ဘ၀တစ်လျှောက်လုံးမှာ တည်မြဲနေမယ့်အရာမျိုး မဟုတ်ဘူး။


ဒါဆို ကျနော်တို့ ဒီမှာ ဘာကို ရှာဖွေနေကြတာလဲဆိုတာ သင် သိချင်နေလောက်ပါပြီ။ ကျနော် သင့်ကို ခေါင်းရှုပ်အောင် မလုပ်ခဲ့မိဘူးလို့ မျှော်လင့်ပါတယ်။


ဟန်ချက်ညီတဲ့ဘ၀ဆိုတာ -


A journeyပါ။

ဘာဖြစ်လို့လဲဆိုတော့ သင်ဟာ နေ့စဉ်နေ့တိုင်း ဟန်ချက်ညီအောင် နေထိုင်ဖို့ ခြေလှမ်းတွေကို ပြုလုပ်နေရလို့ပါပဲ။ နေ့စဉ်နေ့တိုင်း “တစ်ခုခု” ကတော့ သင့်ကို ဟန်ချက်ပျက်အောင် တွန်းထုတ်ပါလိမ့်မယ်။ (ပြီးတော့ အများအားဖြင့် အဲဒီ “တစ်ခုခု” ဆိုတာကပဲ အနိုင်ရပါလိမ့်မယ်။ ) ဒါပေမဲ့ အဲဒီလိုဖြစ်လာတဲ့အခါတိုင်းမှာ သင်ဟာ သင့်ရဲ့ဟန်ချက်ကို ရောက်အောင် ပြန်ထိန်းနိုင်ပါတယ်။


Attitudeတစ်ခုပါ။

ဘာဖြစ်လို့လဲဆိုတော့ ဟန်ချက်ညီတဲ့ဘ၀တစ်ခုကို နေထိုင်ခြင်းဆိုတာဟာ ဟန်ချက်ညီတဲ့စိတ်တစ်ခုကို ပိုင်ဆိုင်ခြင်းလို့ အဓိပ္ပါယ်ရလို့ပါပဲ။ သင့်အတွက် ပုံမှန်မဟုတ်တဲ့ ရွေးချယ်မှုတွေကို ပြုလုပ်ဖို့ သင့်ကိုယ်သင် ဖိအားမပေးနိုင်ဘူး။ လေ့ကျင့်မှုတွေ၊ သင့်ကိုယ်သင် ရှာဖွေခြင်းတွေကတစ်ဆင့် သင်ဟာ ဟန်ချက်ညီတဲ့ စိတ်တစ်ခုကို ဖန်တီးယူနိုင်ပါတယ်။ အမှတ်တစ်ခုကို ရောက်တဲ့အခါ သင်ဟာ ရလာဒ်တွေကို ရရှိပါလိမ့်မယ်။ ပြီးတော့ ကမ္ဘာကြီးတစ်ခုလုံးကို ဟန်ချက်ညီတဲ့ အရောင်တွေနဲ့ စ တွေ့ရပါလိမ့်မယ်။ ပြီးတော့ သင့်ရဲ့ ဟန်ချက်ညီတဲ့ Lifestyle အတွက် အထောက်အကူဖြစ်စေမယ့် ဆုံးဖြတ်ချက်တွေကို စတင် ချမှတ်နိုင်ပါလိမ့်မယ်။


Focusပါ။

ဘာဖြစ်လို့လဲဆိုတော့ သင့်ဘ၀ရဲ့ အစိတ်အပိုင်းတိုင်း (မိသားစု၊ ကျန်းမာရေး၊ အလုပ်၊ ငွေကြေး၊ ၀ါသနာ၊ လူမှုဘ၀နဲ့ ဘာသာအယူဝါဒ) အဲဒီအစိတ်အပိုင်းတိုင်းဟာ သင့်ရဲ့ အချိန်တွေနဲ့ အာရုံစူးစိုက်မှုတွေကို လိုအပ်ပါတယ်။ ပမာဏချင်းကတော့ မတူညီကြပါဘူး။ မိဘတစ်ယောက်ဟာ ကမ္ဘာပေါ်မှာ ရှိသမျှအရာတိုင်းထက် သူ့ရဲ့ ကလေးကို ပိုပြီး အာရုံစိုက်ပါလိမ့်မယ်။ ဘွဲ့ယူ ကျောင်းသားတစ်ယောက်ဟာ သူ့ရဲ့ စာတမ်းအတွက် သူ့ခွန်အားတွေအားလုံးကို စိုက်ထုတ်ပါလိမ့်မယ်။ ပင်စင်ယူပြီးတဲ့လူတစ်ယောက်ဟာ သူ့ရဲ့ ကျန်းမာရေးနဲ့ စိတ်နှလုံးသားကို အခြားအရာအားလုံးထက် ပိုပြီး အာရုံစိုက်ပါလိမ့်မယ်။ သင်ဟာ ဟန်ချက်ညီတဲ့ဘ၀တစ်ခုကို နေထိုင်တဲ့အခါမှာ သင့်ရဲ့ အာရုံကို မှန်ကန်တဲ့ လမ်းကြောင်းဘက်ကို အချိန်အတိုင်းအတာတစ်ခုအထိ ပြောင်းလဲနိုင်ပါတယ် ( တစ်ရက် ဒါမှမဟုတ် တစ်နှစ်လည်း ဖြစ်ချင်ဖြစ်မယ် ) အဲဒီလိုအခါမျိုးမှာ သင့်ဘ၀ရဲ့ အခြားအစိတ်အပိုင်းတွေကို လုံးဝ လျစ်လျူရှုစရာမလိုပါဘူး။


Core beliefပါ။

ဘာဖြစ်လို့လဲဆိုတော့ ဒီအခြေခံအုတ်မြစ်ကြီး မရှိဘဲနဲ့ သင်ဟာ ဟန်ချက်ညီမှုကို ဘယ်လိုမှ မတည်ဆောက်နိုင်လို့ပါပဲ။ သင်ရဲ့ စိတ်ဓာတ်တွေ မခိုင်မခံ့ ဖြစ်လာတဲ့အခါ၊ သင့်မှာ စိတ်ဓာတ်တက်ကြွမှု မရှိတဲ့အခါ၊ အားနည်းနေတဲ့အခါ၊ ဒါမှမဟုတ် (ရိုးရှင်းစွာပဲ) သင့်ရဲ့စိတ်ထဲမှာ သံသယတွေ ရှိနေတဲ့အခါမျိုးမှာ သင် မှီတည်စရာ ယုံကြည်ချက်တစ်ခု ရှိဖို့လိုပါတယ်။


Very Personal။

ဘာဖြစ်လို့လဲဆိုတော့ ဒီကမ္ဘာမှာ ရည်မှန်းချက်တွေ၊ ပြဿနာတွေ၊ လိုအပ်ချက်တွေ၊ ပင်ကိုစွမ်းရည်တွေ တထေရာတည်းတူညီတဲ့ လူနှစ်ယောက်ဆိုတာ မရှိလို့ပါပဲ။ သင်ဟာ တခြားလူတွေဆီက နည်းလမ်းတွေ၊ အကြံဥာဏ်တွေ၊ ဥပမာတွေ ယူနိုင်တယ်။ ပြီးတော့ အဲဒီအရာတွေကို သင့်ရဲ့ဘ၀ကို ဟန်ချက်ညီစေဖို့အတွက် ပြောင်းလဲနိုင်ပါတယ်။


ဟန်ချက်ညီတဲ့ဘ၀ဆိုတာ သင့်အတွက် ဘယ်လို အဓိပ္ပါယ်သက်ရောက်မှုရှိပါသလဲ။ အဲဒါကို ဒီကနေ့ သင့်ကို စဉ်းစားစေချင်ပါတယ်။ ဟန်ချက်ညီတဲ့ဘ၀ဆီကို ခရီးမစခင်မှာ သင်ဟာ ဘာကို ရှာနေတယ်ဆိုတာ သိရပါမယ်။ သင့်ရဲ့ဘ၀၊ သင့်ရဲ့ ရည်မှန်းချက်တွေ၊ နက်ရှိုင်းတဲ့ ယုံကြည်ချက်တွေ၊ ဆန္ဒတွေ၊ အဲဒီအရာတွေကို ပြန်စဉ်းစားဖို့ သင့်ကိုယ်သင် အချိန်ပေးပါ။ သင့်အတွက် ဟန်ချက်ညီတဲ့ဘ၀ဆိုတာ ဘာလဲ?


ဒါကတော့ ဟန်ချက်ညီတဲ့ဘ၀ဆိုတာကို ကျနော့်ရဲ့ ကိုယ်ပိုင် အဓိပ္ပါယ်သတ်မှတ်ချက်ပါပဲ။


- ဟန်ချက်ညီတဲ့ဘ၀ဆိုတာ အတွင်းစိတ် ငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်မှု ။


- ဟန်ချက်ညီတဲ့ဘ၀ဆိုတာ ပြည့်ဝနေတဲ့ဘ၀ ၊ ဒါပေမဲ့ အဲဒီအထဲကို အသစ်တစ်ခုခု ထပ်ထည့်ဖို့ အတွက်လည်း   အခန်းလွတ်တွေ အများကြီး ရှိနေတယ်။


- ဟန်ချက်ညီတဲ့ဘ၀ဆိုတာ ပျော်ရွှင်တဲ့မိသားစု၊ ပြီးတော့ ကျနော့် သမီးလေးတွေရဲ့ မျက်နှာတွေပေါ်က အပြုံးတွေ။


- ဟန်ချက်ညီတဲ့ဘ၀ဆိုတာ ကျနော့်ရဲ့ စိတ်ကိုရော၊ ခန္ဓာကိုယ်ကိုရော စောင့်ရှောက်တာ။


- ဟန်ချက်ညီတဲ့ဘ၀ဆိုတာ အပြင်ထွက်လမ်းလျှောက်ပြီး ကျနော့်ကို နိုးကြွစေမယ့် ကျနော့်ပတ်ဝန်းကျင်က အလှတရားတွေကို  တစ်ရက်ပြီးတစ်ရက် ကြည့်ရှုတာ။


- ဟန်ချက်ညီတဲ့ဘ၀ဆိုတာ ကျနော့်မှာရှိတဲ့ ယုံကြည်ချက်။


- ဟန်ချက်ညီတဲ့ဘ၀ဆိုတာ ကျနော့်ဘ၀ရဲ့ အရေးအကြီးဆုံးအရာများကိုသာ အာရုံစူးစိုက်တာ ( အရေးမကြီးတဲ့အရာတွေ၊ အလုပ်တွေကို ဆုံးရှုံးဖို့လည်း ၀န်မလေးတာ)


- ဟန်ချက်ညီတဲ့ဘ၀ဆိုတာ တီထွင်ဖန်တီးမှု၊  အလုပ်အကိုင်၊ မိသားစု၊ လေ့ကျင့်ခန်းနဲ့ ကျနော့်ရဲ့ ကိုယ်ပိုင်အချိန်တွေကို ရောစပ်ထားတာ။ ဒါဟာ အလွန်ပဲ ထူးကဲပါတယ်။ အချိန်အတော်များများမှာ ဖရိုမရဲဖြစ်နေနိုင်တယ်။ ပြီးတော့ ဟန်ချက်ညီအောင်ထိန်းဖို့အတွက် စိုက်ထုတ်ရတဲ့ အားထုတ်မှုတွေဟာ လုံးဝ ထိုက်တန်ပါတယ်။


သင့်ရဲ့ အိမ်စာ -

ဟန်ချက်ညီတဲ့ဘ၀ဆိုတာကို သင့်ရဲ့ ကိုယ်ပိုင်အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ချရေးပါ။သင့်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ရေးတဲ့အခါ အောက်ပါ မေးခွန်းများကို အာရုံစိုက်ပါ။

- ဘယ်လို စိတ်ခံစားမှုမျိုးဟာ သင့်ကို ဟန်ချက်ညီတယ်လို့ ခံစားရစေသလဲ?


- သင့်ရဲ့ အဓိက ယုံကြည်ချက်(Core Belief) က ဘာလဲ?


- အခြေအနေတွေအားလုံးကို ဟန်ချက်ညီတဲ့နည်းလမ်းနဲ့ ဘယ်လိုချဉ်းကပ်မလဲ?


- အခုအချိန်မှာ သင့်ဘ၀ရဲ့ အရေးအကြီးဆုံးအစိတ်အပိုင်းဟာ ဘာလဲ?


မေးခွန်းတချို့ရှိမယ်ဆိုရင် e-mail ပို့နိုင်ပါတယ်။ဒါမှမဟုတ် ဟန်ချက်ညီတဲ့ဘ၀ကို သင့်ရဲ့ ကိုယ်ပိုင် အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုလည်း မျှဝေနိုင်ပါတယ်။


ဟန်ချက်ညီတဲ့ ရက်သတ္တပတ်ကို ပိုင်ဆိုင်နိုင်ပါစေ။


Ref: Life Balamce by Anastasiya Goers

Credit
http://yourlifesuccess.blog.com



Monday, March 17, 2014

ဆိုင်းငံ ကော်ဖီ

ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက်ကော်ဖီဆိုင်တစ်ခုထဲ ကိုဝင်ပြီးကော်ဖီနှစ်ခွက် မှာတယ်..ပြီးတော့ မလှမ်းမကမ်းမှာရှိ တဲ့စားပွဲမှာထိုင်ဖို့လျှောက်သွားလိုက်တယ်...
စားပွဲမှာနေရာယူဖို့ပြင်ဆင်နေတုန်းပဲ ဆိုင်ထဲကို ရုပ်ရည်သန့်သန့်ပြန့်ပြန့်နဲ့ နှစ်ယောက်ဝင်လာပြီး ကော်ဖီမှာပါတယ်...
မှာပုံက ကော်ဖီငါးခွက် ၂ခွက် ကကျွန်တော်တို့သောက်ဖို့ သုံးခွက်ကိုတော့ suspended(ဆိုင်းငံ့)ထားပေးပါ..
ကျွန်တော်လည်းမှာထားတဲ့ကော်ဖီမလာသေးတာကတစ်ကြောင်း ကျွန်တော့်ရှေ့တည့်တည့်မှာရောက် နေတာတစ်ကြောင်းကြောင့် ဆက်ကြည့်နေမိတယ်.. သူတို့ ကော်ဖီငါးခွက်ဖိုးရှင်းတယ်...
ပြီးတော့ ကော်ဖီနှစ်ခွက်ယူပြီး ပြန်ထွက်သွားတယ်..
ကျွန်တော့် သူငယ်ချင်း ကိုမေးမိတယ်..အဲ့ဒီ Suspended(ဆိုင်းငံ့) ထားတဲ့ကော်ဖီတွေက ဘာလုပ် တာလဲဆိုတော့... သူကလည်း ငါ့သူငယ်ချင်းမင်းဆက်စောင့်ကြည့်ကွာ တွေ့လိမ့်မယ်လို့ပြောတော့ ကျွန်တော်လည်း ဘာမှဆက် မမေးမိဘဲ ရောက်လာတဲ့ကော်ဖီကို သောက်နေလိုက်တယ်...
စိတ်ထဲမှာတော့ ဘာပါလိမ့်ဆိုတာ ကို စဉ်းစားနေမိတယ်... နောက်တော့ မိန်းကလေးနှစ်ယောက်ရောက်လာတယ်..ကော်ဖီနှစ်ခွက် မှာတယ်..ပိုက်ဆံရှင်းပြီးပြန်ထွက်သွားတယ်..
နောက်တစ်ခါ ရှေ့နေသုံးယောက်ရောက်လာတယ် ... ကော်ဖီ(၇)ခွက်မှာတယ်..၃ခွက်က ငါတို့အတွက် ကျန်တဲ့လေးခွက်က suspended(ဆိုင်းငံ့) လို့ပြောပြီး ပိုက်ဆံရှင်းတယ်... ကျွန်တော် တော်တော်လေးကိုစိတ်ဝင်စားမိနေပြီ...
ဒီ suspended (ဆိုင်းငံ့)ကော်ဖီဆိုတာဘာလဲ???
အတွေးတွေများရင် ဆိုင်ရှေ့က ရှုခင်းအလှအပလေးတွေနဲ့ ဖြတ်လျှောက် သွားတဲ့လူတွေကို ကြည့်နေမိတယ်...
အဲ့ဒီအချိန်မှာပဲ အ၀တ်အစားနွမ်းနွမ်းပါးပါးနဲ့ သူတောင်းစားပုံစံလူတစ်ယောက် ဆိုင်ထဲဝင်လာတယ်...
မ၀ံ့မရဲနဲ့ counter နားကပ်သွားပြီး Suspended Coffee(ဆိုင်းငံ့) ကော်ဖီလေးများ ရှိသလားဗျာ.. တဲ့...
ကျွန်တော်ကောင်းကောင်း သဘောပေါက်သွား တယ်...
ဆိုင်ရှင်က ပြုံးပြပြီး ကော်ဖီတစ်ခွက်ပေးလိုက်တယ်...
ဆိုင်လေးရဲ့ ချောင်ကျကျတစ်နေရာမှာ အဲ့ဒီပုဂ္ဂိုလ်ကော်ဖီ ထိုင်သောက်နေလေရဲ့....
ကျွန်တော် အားလုံးကိုရှင်းသွားပါပြီ..
လူတွေက သူတို့ စား သောက်ဖို့အပြင် နွမ်းပါးတဲ့သူတွေနဲ့ မတတ်နိုင်တဲ့သူတွေအတွက် coffee နဲ့ စားစရာသောက် စရာတွေကို Suspended (ဆိုင်းငံ့)အဖြစ် ငွေကြိုရှင်းခဲ့ကြတာပါ...
ဒီရိုးရာဓလေ့ဟာ အီတလီနိုင်ငံ (Naples City)ကနေစခဲ့တာဖြစ်ပြီးတော့ အခုတော့ နိုင်ငံတော်တော်များများကိုပြန့် နှံ့လို့ နေပါပြီ..
တစ်ချို့နေရာတွေမှာဆိုရင် ကော်ဖီတင်မကပဲ Sandwich ဒါမှမဟုတ် စားစရာတွေတောင် Suspended အနေနဲ့ရှိနေပါပြီ...
ကျွန်တော်ဒီစာလေးကိုဖတ်မိတဲ့အချိန်တုန်းက မျက်ရည်တောင်လည်မိတယ်.. သူတို့ရဲ့ လူသားချင်းစာ နာမှု..ကြင်နာမှု၊နွေးထွေးမှု မေတ္တာဓာတ်တွေကို ကျွန်တော့်စိတ်ကို လှုပ်ခတ်စေလို့ ကျွန်တော် ဘာသာပြန်ပြီး တင်ပေးလိုက်ပါတယ်..
ကျွန်တော်တို့ဗုဒ္ဒဘာသာ မြန်မာနိုင်ငံမှာလဲ ဒီလို ချစ်စရာကောင်းတဲ့ အလေ့အထလေးတွေရှိရင်အရမ်းကောင်းမှာပဲလို့ကျွန်တော်တွေးမိတယ်...
ညှိုးနွမ်းနေတဲ့မျက်နှာ တွေနဲ့ ကလေးငယ်တွေ..
သက်ကြီးရွယ်အိုတွေ ညီငယ်ညီမငယ် အဖေအိုအမေအိုကြီးတွေ
လမ်းဘေးမှာ အော်ဟစ် ညည်းညူတောင်းခံနေမယ့်အစား ထမင်းဆိုင်တစ်ဆိုင်သွားပြီး ငွေကြိုရှင်းထားတဲ့ ထမင်း တစ်ထုတ်လောက်ရှိ မလားဆိုပြီး တောင်းခံ ရတာ ပိုပြီးသိက္ခာရှိမယ်ထင်တယ်...

ပြောနေတာကြာတယ်.. လက်ထဲမှာ ပိုက်ဆံ၃၀၀-၄၀၀ လောက်ပိုနေလို့ ထမင်းတစ်ထုတ်နဲ့ အရွက်ကြော်သို့ ကြက်ဥကြော်လောက်နဲ့ ငွေကြိုရှင်းထားရင်း ဗိုက်ဆာနေတဲ့ ညီငယ်ညီမငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို ကြင်နာမှုနဲ့ နွေးထွေးမှုနဲ့ ကုသိုလ်ယူတဲ့ အလေ့အထလေးတွေ စတင်လိုက်ကြရအောင်ဗျာ...
ထမင်းဆိုင်၊လက်ဖက်ရည်ဆိုင်ပိုင်ရှင်တွေ တစ်ခြား မုန့်နဲ့စားသောက် စရာပိုင်ရှင်တွေ ကလည်း ဒီကုသိုလ်ရတဲ့ ဓလေ့... အလေ့အထလေး မြန်မာနိုင်ငံမှာဖြစ်မြောက်သွားအောင် တောင်းတဲ့သူတွေ များရှိခဲ့ရင် မျက်နှာမရှုံ့ဘဲ ကြင်နာတဲ့အကြည့်နဲ့ ၀န်ဆောင်မှုပေးနိုင်ကြပါစေလို့ ကျွန်တော် တောင်းဆိုပါတယ်...

Tuesday, October 1, 2013

ကမ္ဘာ့အချမ်းသာဆုံး အဆင့် ၈၉ ရှိတဲ့ မလေးရှားသူဌေးကြီး၏သား အမွေ ၉.၆ ဘီလီယံကိုစွန့်လွှတ်၍ ရဟန်းအဖြစ်ခံယူ




အတော်ကိုလေးစားထိုက်သူတစ်ဦးပါ။ ဘာကြောင့်လဲဆိုတော့မိဘချမ်းသာ ကြွယ်ဝမှုအပေါ်မပျော်မွေ့လိုတော့တာကြောင့် သံသရာကိုပါနိုင်မယ့် အလုပ်
ဖြစ်တဲ့ ထေရ၀ါရ ဗုဒ္ဓဘာသာရဟန်းအဖြစ်ခံယူလိုက်သူတစ်ယောက်ပါ။

နာမည်ကတော့ Ajahn Siripanno ဖြစ်ပြီး အဖေလုပ်သူ Ananda Krishnan သူဌေးကြီးဆီကချမ်းသာကြွယ်ဝမှုတွေအမွေတွေကိုမယူတော့ပဲ ရာသက်ပန်ဘုန်းကြီးဝတ်လိုက်သူတစ်ဦးဖြစ်ပါတယ်။

Siripanno ဟာ အင်္ဂလန်နိုင်ငံမှာ ကျောင်းပြီးထားသူတစ်ဦးဖြစ်ပြီး ဘာသာ စကားပေါင်း ၈မျိုးကိုတတ်ကျွမ်းသူတစ်ဦးလည်းဖြစ်ပါတယ်။

ဖခင် Krishnan မှာလည်းမလေးရှားနိုင်ငံရဲ့ ဒုတိယအချမ်းသာဆုံး သူတစ်ယောက်ဖြစ်တဲ့ အပြင် ၂၀၁၂ ခုနှစ်မှာထုတ်ဝေခဲ့ပြီးကမ္ဘာအချမ်းသာ ဆုံး သူဌေးတွေရဲ့ စာရင်း ကိုဖော်ပြပေးတဲ့ Frobes မဂ္ဂဇင်းရဲ့ အချမ်းသာ ဆုံး အဆင့် ၈၉ ရှိတဲ့ သူဌေး တစ်ယောက်ဖြစ်ပါတယ်။


Thursday, September 26, 2013

ရုန်း


ချစ်ခင်မြတ်နိုးတွယ်တာတယ်ဆိုတဲ့ သံယောဇဉ်တွေနဲ့ ကျွန်တော်တို့ဟာ သိပ်ကိုပျော်မွေ့ကြတယ်။ ရွှင်ပြုံးကြည်သာမှု့တွေဖြစ်တယ်။ အဲဒီသံယောဇဉ်တွေကြောင့်ပဲ ကျွန်တော်တို့ဟာ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲတွေဖြစ်ပြန်ရော။ ရင်ဘတ်စည်တီးရှိုက်ကြီးတငင် ငိုကြွေးရတာတွေလည်းရှိတယ်။ သံယောဇဉ်တွေကနေ ထွက်မြောက်နိုင်ရင် ကောင်းမယ်ဆိုတာသိတယ်။ သိပါတယ်ဗျာ။
ခင်ဗျားတို့ကြားဖူးမယ်ထင်ပါတယ်၊ တစ်နေ့ ရဟန်းတော်အချို့ သာဝတ္တိမြို့အတွင်း ဆွမ်းခံကြွနေတုန်းမှာ မင်းအမိန့်နဲ့ဖမ်းမိတဲ့ ခိုးသူတွေကို သံခြေချင်းတွေခတ်၊ ခြေတွေလက်တွေမှာ ကြိုးတွေနဲ့ အခိုင်အခံ့ချည်ပြီး လှောင်အိမ်ထဲသွင်းနေတာကို မြင်တွေ့ကြတယ်။ ညနေချမ်းရောက်တဲ့အခါမှာ အဲဒီရဟန်းတွေက ဂေါတမမြတ်စွာဘုရားထံသွားပြီး သူတို့မြင်ခဲ့ရတဲ့ ခိုးသူတွေ နှောင်ဖွဲ့ခံရပုံကို ပြောကြားလျှောက်ထားမိကြတယ်။ အဲဒီအခါမှာ ဂေါတမမြတ်စွာဘုရားက သံခြေချင်း၊ ကြိုးစတဲ့အရာတွေနဲ့နှောင်ဖွဲ့ထားတာဟာ မပြောပလောက်သေးပါဘူး။ ဥစ္စာ၊ စပါး၊ သားမယားစသည်တို့မှာ တပ်မက်တွယ်တာခြင်းဆိုတဲ့ တဏှာကိလေသာ အနှောင်အဖွဲ့က အဆအရာအထောင်အသိန်းမက ပိုပြီးခိုင်မြဲတယ်။
သံဖြင့်ပြုလုပ်ထားသော သံခြေချင်းအနှောင်အဖွဲ့၊ သစ်သားဖြင့်ပြုလုပ်ထားသော ထိတ်တုံးအနှောင်အဖွဲ့၊ မြက်လျှော်ဖြင့်ပြုလုပ်ထားသော နှောင်ကြိုးအဖွဲ့ကို ခိုင်ခံ့သော၊ မြဲမြံသော အနှောင်အဖွဲ့ဟု မဆိုကြကုန်။ ပတ္တမြားနားတောင်း စသည့် ရတနာတို့၌ တွယ်တာငဲ့ကွက်ခြင်း တဏှာ…..ဤတဏှာအနှောင်အဖွဲ့မျိုးကိုသာ ခိုင်ခံ့သော၊ မြဲမြံသော အနှောင်အဖွဲ့ဟု ပညာရှိတို့ ဆိုကုန်၏။
ပညာရှိတို့ကတော့ အဲဒီတဏှာကိလေသာဆိုတဲ့ အနှောင်အဖွဲ့ကို ရုန်းဖြတ်ပြီးတော့ ထွက်ကြတယ်လို့ ဂေါတမမြတ်စွာဘုရားက ပြောပြ၊ ဟောပြတယ်။
ကိလေသာနှောင်ကြိုးတွေကနေ ရုန်းထွက်ဖြတ်တောက်နိုင်ကြသူ ပညာရှိသူတွေကို အားကျမိပါတယ်ဗျာ။ ဒီလိုအားကျခြင်းနဲ့အတူ………
သံယောဇဉ်ကြိုး၊ ဆယ်မျိုးခိုင်ခိုင် ချုပ်ထား တုပ်ထား လှုပ်အားမနိုင်။ “ကာမထောင်တွင်း၊ နှောင်တွင်းပိုင်ပိုင်၊ မှတ်ကရော့၊ ခတ်သော့သံချည်တိုင်” ဆိုတဲ့ ဓမ္မကဗျာလေးကိုလည်း အမှတ်ရတယ်။ အမှတ်ရခြင်းနဲ့ကပ်ပြီး ထိတ်လန့်ခြင်းကလည်းပါလာတယ်။ ချည်နှောင်ထားတဲ့ သံကြိုးကြီးတွေခိုင်တဲ့အထဲမှာ ကျွန်တော်တို့သံတိုင်ကြီးတွေနဲ့ ပူးတွဲပြီး မရုန်းနိုင်အောင် သော့ခတ်ထားရသလို ခံစားရတဲ့အဖြစ်ကြောင့်ပါ။
ကျွန်တော်တို့လို အသက်ကြီးလာတဲ့ လူကြီးတွေနဲ့ဆိုင်တဲ့ အဖြစ်အပျက် တစ်ခုရှိသေးတယ်။ ကောသလမင်းကြီးမှာ ပါဝေယျကလို့ခေါ်တဲ့ ဆင်ကြီးရှိခဲ့တယ်။ ဒီဆင်ကြီးဟာ အသက်ငယ်ရွယ်နုပျိုစဉ်က အလွန်ခွန်အားဗလကောင်းတယ်။ စစ်တိုက်တဲ့နေရာမှာ အင်မတန်ကျွမ်းကျင်တယ်၊ သတ္တိပြောင်မြောက်တယ်။ အခုတော့ ဒီဆင်ကြီး အိုလာပြီ၊ ဒါနဲ့ မင်းကြီးက ဆင်အိုကြီးကို ဘေးမဲ့ပေးလိုက်တယ်။ တစ်နေ့မှာ အဲဒီဆင်ကြီးဟာ အိုင်းတစ်ခုထဲကိုဆင်းရင်း နွံမှာနစ်သွားတယ်။ ဆင်ကြီးဟာ ညွန်ထဲက လွတ်မြောက်အောင်ရုန်းတယ်။ ဒါပေမယ့် ဇရာကထောင်းပြီဆိုတော့ ရုန်းအားမကောင်းဘူးဖြစ်နေတယ်။ ဒီအဖြစ်ကို ကောသလ မင်းကြီးကြားသိတဲ့အခါမှာ ဆင်ကြီးကိုညွန်ထဲကထုတ်ဆောင်ဖို့အတွက် ဆင်ဆရာကို လွှတ်လိုက်တယ်။ ဆင်ဆရာက ဆင်ကြီးကိုညွန်ထဲကထုတ်ဆောင်ဖို့သွားတဲ့အခါမှာ စစ်ချီစစ်ထိုးတဲ့အခါ အသုံးပြုတဲ့ စစ်ပွဲစည်ကြီးကိုယူသွားတယ်။ စည်တွေမောင်းတွေ သယ်သွားတယ်ဆိုပါတော့။
ညွန်နစ်နေတဲ့ ဆင်ကြီးထံရောက်တော့ ဆင်ဆရာက စစ်ပွဲကိုပြပြီး စစ်ပွဲစည်ကြီးကိုတီးတယ်။ တစ်ကယ်စစ်ထိုးတော့မယ့် အခြေအနေမျိုးဖြစ်အောင် တပည့်နောက်လိုက်နောက်ပါတွေနဲ့ ပူးပေါင်းဖန်တီးပြီး စစ်ကြွေးကြော်သံတွေနဲ့ စည်တို့မောင်းတို့တီးပေးပါလိမ့်မယ်။ ဒီအခါမှာ ဆင်ကြီးဟာ ရဲစိတ်ရဲမာန်တွေ တက်ကြွလာပြီး တအားရုန်းလိုက်တာ တစ်ခါတည်း ကုန်းပေါ်ရောက်သွားတယ်။
ဒီလိုဆင်ကြီး ညွန်ထဲက ရုန်းထွက်နိုင်တဲ့အဖြစ်ကို မြင်ခဲ့ကြရတဲ့ ရဟန်းတော်တွေက ဂေါတမမြတ်စွာဘုရားကို လျှောက်ထားကြတယ်။ ဒီအခါမှာ ဂေါတမမြတ်စွာဘုရားက ရဟန်းတော်တွေကို…..
မမေ့လျော့ခြင်း အပ္ပမာဒတရား၌ မွေ့လျော်ကြကုန်လော့၊ မိမိစိတ်ကို စောင့်ရှောက်ကြလော့၊ ညွန်၌နစ်သောဆင်သည် မိမိကိုယ်ကို ညွန်ပျောင်းမှ ထုတ်ဆောင်သကဲ့သို့ ကိလေသာညွန်ပျောင်းမှ မိမိကိုယ်ကိုထုတ်ဆောင်ကြ….လို့မိန့်တော်မူတယ်။ အဲဒီဂေါတမမြတ်စွာဘုရားရဲ့စကားဟာ ကျွန်တော်တို့နဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ စကားဗျ။ ဒါပေမယ့် ကျွန်တော်တို့မှာ ဖြစ်နေတာက ခိုင်ခံ့လွန်းတဲ့ သံတိုင်ကြီးမှာ သံကြိုးတွေနဲ့ ရစ်ပတ်နှောင်ဖွဲ့ပြီး သော့ခတ်ထားတဲ့ ကျွန်တော်တို့ကို ဘယ်သူများလာပြီးသော့ဖွင့်ပေးပါ့မလဲ၊ ကိလေသာညွန်ထဲက ရုန်းထွက်နိုင်အောင် ဘယ်သူများလာပြီး စည်တီးရင်း အားပေးပါ့မလဲလို့ မျှော်နေမိတဲ့အဖြစ်ပါဗျာ၊ နေပါဦး၊ ခင်ဗျားတို့ကတော့ မရုန်းဘူးလား၊ ဘယ်လိုလဲ၊ မရုန်းကြတော့ဘူးလား……..
မရုန်းဘူးလား…..မရုန်းကြတော့ဘူးလားဟု အထက်ပါပုဂ္ဂိုလ်က မေးနေသော်လည်း ကျွန်တော်တို့လူစုဘက်မှ စကားပြန်မရဘဲ တိတ်ဆိတ်စွာ ထိုင်လျက်ရှိသော ထိုနေ့ကမြင်ကွင်းကို မြင်ယောင်ဆဲရှိနေပါသည်။ 


နန္ဒာသိန်းဇံ၏ မနက်ဖြန်များကိုဖြတ်သန်းနေသောစိတ်ကူးများ
စာအုပ်မှ 


လူ့လောကရဲ့ အိမ်ထောင်သားမွေးကိစ္စတွေမှာ ရဟန်းတော်တွေနဲ့ သက်ဆိုင် / မဆိုင်



Question: သံဃာတော်တွေ ဦးဆောင်လှုပ်ရှားနေတဲ့ မျိုးစောင့်ဥပဒေပေါ့နော်။ အဲ့ဒီမှာ မေးချင်တာက သံဃာတော်တွေနဲ့ အိမ်ထောင်သားမွေးကိစ္စ သာသနာရေးနဲ့ယှဉ်ကြည့်ရင် လုံးဝမသက်ဆိုင်ဘူးလို့ ထင်တယ်

Answer: ဒါဆိုရင်မိတ်ဆွေရဲ့ ယူဆချက်ဟာ အမှားကြီးမှားတယ်လို့ ဖြေရလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ မြတ်ဗုဒ္ဓဟာ သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောကရယ်လို့ လောကသုံးပါးကောင်းကျိုးလိုလားတဲ့အတွက် ပွင့်ထွန်းပေါ်ပေါက်လာတာ။ ဘုရားဖြစ်ပြီဆိုတာနဲ့ ကိုယ်တိုင်ကလည်း လောကီလောကုတ်နှစ်မျိုးရဲ့ အကျိုးတရားကြီးပွားတိုးတက်ဖို့ ကျင့်ကြံဟောပြောခ့သလို သူ့ရဲ့တပည့်သားတွေကိုလည်း အဲ့ဒီလိုပဲ ဟောပြောခဲ့တယ်။ အများစုက မကွဲမပြားဖြစ်နေကြတာက လူတွေက လောကီအလုပ်ကို လုပ်ရမယ်။ ရဟန်းတွေက လောကုတ္တရာအလုပ်ကို လုပ်ရမယ် ဒီလိုပဲ သတ်မှတ်ထားကြတာ။ တကယ်က အဲဒီလို မဟုတ်ဘူး။ လူ၊ လူရဟန်း၊ ရဟန်း လောကီလောကုတ် နှစ်လီသော အကျိုးတရားကောင်းဖို့ လောကီအလုပ်လုပ်ရမယ်။ ဟောပြောညွှန်ပြတာဟာ ရဟန်းတွေအလုပ်ပဲလေ။ သံသရာကောင်းဖို့အတွက် လောကုတ္တရာလုပ်ရမယ် ဒီလိုပဲ အကြမ်းမှတ်ထားရမယ်။ လောကီကောင်းကျိုးတွေ မပြောမလုပ်ပဲ လောကုတ္တရာ တစ်ခုတည်းလုပ်နေရင် ဆီမဖြည့်ပဲ ရထားမောင်းသလိုဖြစ်နေလိမ့်မယ်။

 


လျှို့ ဝှက်ကင်မရာရန်မှကင်းဝေးရန် မည်သို့ကာကွယ်နိုင်မည်နည်း သိသင်သော အရာများ




အ၀တ်လဲခန်းထဲမှာ hidden camera (လျှို့ဝှက် ကင်မရာ) တပ်ဆင်ထားမထား ဘယ်လိုသိနိုင်မလဲ အ၀တ်အထည်စတိုးဆိုင်ကြီးတွေနဲ့ ပလာဇာတွေရဲ့ အ၀တ်အစားလဲခန်း (အ၀တ်အထည်အသစ်တွေကို စမ်းသပ်ဝတ်ဆင်ကြည့်တဲ့အခန်း) တွေမှာ မသမာသူတွေက hidden camera (လျှို့ဝှက် ကင်မရာ) တွေ တပ်ဆင်ထားနိုင်ပါတယ်။ ကင်မရာတွေဟာ သေးငယ်လွန်းတာကြောင့် ဘယ်နားမှာတပ်ဆင်ထားလဲဆိုတာ တော်ရုံတန်ရုံမသိနိုင်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ အလွယ်ကူဆုံး နည်းလမ်းကတော့ မိမိမှာပါလာတဲ့ mobile phone နဲ့စမ်းသပ်တဲ့နည်းပါပဲ။

1. အ၀တ်လဲခန်းထဲကိုမ၀င်မီ မိမိဖုန်းကို ဖုန်းခေါ်ဆိုမှု လုပ်လို့ရမရ စစ်ဆေးထားပါ။

2. အ၀တ်လဲခန်းထဲကိုရောက်သွားတဲ့အခါ မိမိရဲ့ mobile phone ကို ဖုန်းခေါ်ဆိုမှု ပြုလုပ်ကြည့်ပါ။

 

Sunday, September 22, 2013

ပုဇွန်တောင်မြို့နယ် မြသိန်းတန်ဆရာတော် ဘဒ္ဒန္တသောဘန မဟာထေရ်၏ သြ၀ါဒကထာ


ဗုဒ္ဓဘာသာဝင် တကာ တကာမအပေါင်းတို့ နိဗ္ဗာန်မရောက်မီ ဘ၀များစွာ သံသရာ၌ အပါယ်ဘုံသို့ မကျရောက်ဘဲ သုဂတိဘုံသို့သာ ရောက်ရှိရန် အမြဲပြုလုပ် အားထုတ်အပ်သော နိဗဒ္ဓ ကုသိုလ် ၇-မျိုးရှိသည်။ 
ထို ၇-မျိုးတို့မှာ ---
၁-သရဏဂုံ သုံးပါးကို အမြဲမပြတ် ကိုးကွယ်ဆည်းကပ်ခြင်း။
၂-ငါးပါးသီလကို မကျိုးမပေါက် ထိန်းသိမ်း စောင့်ရှောက်ခြင်း။
၃- စာရေးတံမဲချ၍ မကြာခဏ လှူဒါန်းခြင်း။
၎-လဆန်း လဆုတ် ၁၅-ရက်တကြိမ် ဆွမ်းလှူခြင်း။
၅-၀ါဆိုသင်္ကန်း နှစ်စဉ် ကပ်လှူခြင်း။
၆-ရေတွင်း ရေကန် ရေအိုးစင် လှူဒါန်းခြင်း။
၇-ဇရပ်တန်ဆောင်း၊ ကျောင်း စသည် လှူဒါန်းခြင်းတို့ ဖြစ်သည်။

ထို ၇-မျိုးတို့တွင် အကျင့်သီလမြဲ၍ တမျိုးမျိုးသော ကုသိုလ်တခုနှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့သည် ယခုဘ၀ သောတာပန်ဖြစ်အောင် မကျင့်နိုင်သော်လည်း နောင်ဘ၀သံသရာ၌ အပါယ်မကျဘဲ သုဂတိဘုံသို့သာ ဧကန် ရောက်နိုင်သည်။ သောတာပန်ကဲ့သို့ ကောင်းသောလားရာဂတိ မြဲသည်ဟု အင်္ဂုတ္တရနိကာယ်၌ ပြဆိုထားပါသည်။ ထို့ကြောင့် ထိုကုသိုလ်များကို ပြုလုပ်အားထုတ်ကြပါဟု တိုက်တွန်းအပ်ပါသည်။

ဘဒ္ဒန္တသောဘန မဟာထေရ်
ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ်
မြသိန်းတန် ပရိယတ္တိ စာသင်တိုက်
သောဘနာရာမ ကျောင်းဆရာတော်

သံဝေဂအလင်္ကာ



* သင့်အသက်တွေ ကြီးနေပြီ၊
   လောဘ-ဒေါသ-မောဟတွေ ကြီးနေတုန်းပဲလား။

* သင့်သွားတွေ ကျိုးနေပြီ၊
   မာန်မာနတွေ မကျိုးသေးဘူးလား။

* သင့်အသားတွေ တွန့်နေပြီ၊
   မကောင်းမှုမှာ မတွန့်သေးဘူးလား။

* သင့်အင်အားတွေ လျော့ပါးနေပြီ၊
   သင့်တဏှာဆန္ဒတွေ မလျော့သေးဘူးလား။

* သင့်ဆံပင်တွေ ဖြူကုန်ပြီ၊
   သင့်စိတ်တွေ မဖြူသေးဘူးလား။

* သင့်မျက်စိတွေ မှုန်ဝါးနေပြီ၊
   သင့်နိဗ္ဗာန်လမ်းရော မှုန်ဝါးနေတုန်းပဲလား။

အဆွေခင်ပွန်းကောင်း ဟူသည်


တနေ့သ၌ ဗုဒ္ဓဘုရားရှင်သည် ရဟန်းတို့အား ပေါင်းဖော်အပ်သော အဆွေခင်ပွန်းကောင်းအကြောင်း

ဤသို့ ရှင်းပြ မိန့်တော်မူသည်


ရဟန်းတို့ အင်္ဂါခုနစ်ပါးနှင့် ပြည့်စုံသော အဆွေခင်ပွန်းကောင်းကို ပေါင်းဖော်အပ်၏။

ထိုအင်္ဂါ ခုနစ်ပါးကား-

၁။ သူတပါးကို ပေးနိုင်ခဲသော အရာဝတ္ထုကို ပေးတတ်၏။

၂။ ပြုနိုင်ခဲသော အမှုကိုလည်း ပြု၏။

၃။ မကောင်းဆိုသော စကားတို့ကို၎င်း၊ သည်းခံနိုင်ခဲသော အရာတို့ကို၎င်း သည်းခံ၏။

၎။ အဆွေခင်ပွန်းအား မိမိ၏ လျှို့ဝှက်အပ်သော အရာကိုလည်း ပြောကြား၏။

၅။ ထိုသူ၏ လျှို့ဝှက်အပ်သော အရာကိုလည်း လျှို့ဝှက်၏။

၆။ ဘေးရန်ဖြစ်ပေါ်သောအခါတို့၌လည်း မစွန့်ပစ်။

၇။ ပစ္စည်းဥစ္စာ ကုန်ခြင်းကြောင့်လည်း မထီမဲ့မြင် မပြု။


အဆွေခင်ပွန်းကောင်းကို အလိုရှိသူသည် ဤအင်္ဂါခုနစ်ပါးနှင့် ပြည့်စုံသော အဆွေခင်ပွန်းမျိုးကို ပေါင်းဖော်အပ်၏။

( အင်္ဂုတ္တရနိကာယ်၊ ပထမမိတ္တသုတ် )

အသုဘပို့ခြင်း

ဒီကဗျာလေးက အသုဘပို့သူတွေအတွက် သတိပေးထားတဲ့ ကဗျာလေးပါ။

သင်ကောဘယ်ထဲမှာပါပါသလဲ??????????

ယပ်တောင် ဖျပ်ဖျပ်
တခတ်ခတ်နဲ့
ပါးစပ်လှုပ်လှုပ် အတင်းတုပ်
ထိုအုပ်ထဲမှာ
အသင်ပါသလား။

တဟားဟားနဲ့
အားရရယ်မော တသောသော
တောပြောတောင်ဆို တဟိုဟို
ထိုလူစုမှာ
အသင်ပါသလား။

လူအထင်ကြီး ဂုဏ်ယူပြီး
ဖြီးဖြန်းဗေဒ အနိစ္စဟု
စိတ်ကမပါ ဟောင်ဖွာဖွာနဲ့
နှုတ်အာကျယ်လောင်
စကားဖောင်ဖွဲ့
လူပြောင်ထဲမှာ
အသင်ပါသလား။

ဇာတိဇရာ
ဗျာဓိမရဏ
သဗ္ဗေသတ္တာ သင်္ခါရာဟု
ပညာဉာဏ်ယှဉ် သမ္ပဇဉ်ဖြင့်
(သူလျှင်ရှေ့က သွားနှင့်ရလည်း
နောက်ကတို့တွေ လိုက်ရပေအံ့
မသေမဦး ငါဉာဏ်ဦးမှ)
စိတ်ကူးဖြောင့်မတ်
ဖြစ်ပျက်မှတ်ကာ
ပို့တတ်ပါစ အသုဘ။

စကားကြီး ၁၀-မျိုး

စကားပြောဆိုရာ၌ ကျွမ်းကျင်လိမ္မာစေရန် စကားပြောနည်း ၁၀-မျိုးကို ခွဲခြားသတ်မှတ်ထားသည်၊ မြန်မာလူမျိုးတို့က စကားကြီး ၁၀-မျိုးဟု ခေါ်ဆိုကြသည်၊ ယင်းစကားကြီး ၁၀-မျိုး၏ အမည်ကို မုန်တိုင်ပင် ဆရာတော်က မှတ်သားရလွယ်ကူစေရန် သုံးပုံတံချူကျမ်း၌ အောက်ပါအတိုင်း လင်္ကာစီထားပါသည်။
၁။ ရေကူး ညာတင်
၂။ ကောက်ပင် ရိတ်လှီး
၃။ ရေစီး ဖောင်ဆန်
၎။ အိုးတန် ဆန်ခပ်
၅။ ဆီပွတ် ကျည်ပွေ့
၆။ ဆင်ဝှေ့ ရန်ရှောင်
၇။ တောင်သူ ယာခုတ်
၈။ ကြက်ဆုတ် ခွပ်ပြစ်
၉။ ရေစစ်သည့်အင်
၁၀။ ခက်တင် မောင်းနင်း အခြင်းဆယ်ပါး ဤစကားကို မှတ်သားဝမ်းတွင်း လေ့စေမင်း။





 



"မိတ်ကောင်းဆွေကောင်းဆိုတာ"




မိတ်ကောင်းဆွေကောင်းဆိုတာ.....မိမိကို အင်မတန်ပေးနိုင်ခက်တဲ့အရာကိုပေးတတ်တယ် ။ အင်မတန်ပြုနိုင်ခက်တဲ့အမူမျိုး ၊အကူညီမျိုးကို လုပ်ဆောင်ပေးတတ်တယ်။
မိမိကသတိလွတ်လို့ ပဲဖြစ်ဖြစ် တခြားအခြေအနေတရပ်ရပ်ကြောင့်ပဲဖြစ်ဖြစ်
မကောင်းသဖြင့်ပြောဆိုမိတဲ့စကား
ပြုမိတဲ့အပြုအမူမျိုးရှိလာရင်လည်း သည်းခံတတ်တယ်။

မိမိကလျှို့ ဝှက်ထားစေချင်တဲ့ မပေါက်ကြားစေလိုတဲ့စကားကိုပြောတဲ့အခါမှာလည်း
အဲဒီစကားကိုမပေါက်ကြားအောင် လုံခြုံအောင် လျှို့ ဝှက်ပေးတတ်တယ်။
ဘေးရန်အန္တရာယ်တွေနဲ့ ကြုံတွေ့ လာတဲ့အခါမှာလည်း မိမိကိုစွန့် ပစ်ကျောခိုင်းမသွားဘူး။ ထားချန်မပြစ်ခဲ့ဘူး။
အကြောင်းမသင့်လို့ မိမိမှာ ပစ္စည်းဥစ္စာဆင်းရဲသွားတဲ့အခါမျိုး၊
အဆင့်အတန်းလျှောဆင်းနိမ့်ကျသွားတဲ့အခါမျိုးမှာလည်း မိမိကိုမထီမဲ့မြင်မပြုဘူး။
အထင်သေးတဲ့အပြောမျိုးနဲ့  မပြောတတ်ဘူး။ အထင်သေးတဲ့အကြည့်မျိုးနဲ့ မကြည့်တတ်ဘူး။

မိမိချမ်းသာရင်၊ အောင်မြင်ရင်၊ ကျော်ကြားရင်လည်း မနာလိုမရူ့ စိတ်မဖြစ်ဘူး။
မိမိနဲ့ ထပ်တူပဲ ၀မ်းသာနေတတ်သေးတယ်။
မိမိရဲ့ အောင်မြင်မူ့  ကျော်ကြားမူ့ ကို ၀မ်းမြောက်ဂုဏ်ယူစွာနဲ့ 
အခြားသူတွေကိုတောင် တစ်ဆင့်ပြောပြနေတတ်သေးတယ်။
မိမိရဲ့ ဂုဏ်သတင်းကိုညှိုးမှိန်စေတဲ့ မဟုတ်မတရား စကားမျိုးကို
တပါးသူကပြောလာရင်လည်း "ဒီလိုမဟုတ်ပါဘူး၊ ဒီလိုမပြောသင့်ပါဘူး" စသဖြင့်တားဆီးတတ်တယ်။
တဦးနဲ့ တဦးဝေးနေတုန်းမှာအစားကောင်းစားရရင်
မိမိကို ကျွေးချင်မွေးချင်စိတ်တွေနဲ့ သတိများရနေတတ်သေးတယ်။
ပြီးတော့....မိတ်ကောင်းဆွေကောင်းဆိုတာ သဒ္ခါတရားနဲ့ ပြည့်စုံတယ်၊စင်ကြယ်တဲ့သီလရှိတယ် အကြားအမြင်ဗဟုသုတများတယ်၊ ၀န်တိုခြင်းမရှိဘူး၊ ပညာနဲ့ လည်းပြည့်စုံတယ်။

ဒီလိုစိတ်ထားမျိုးရှိတဲ့ မိတ်ဆွေတွေနဲ့ ဘ၀ခရီးမှာတွေ့ ရကြုံရဆုံရရင်တော့ သိပ်ကိုငြိမ်းအေးပြေလွင်တဲ့ ဘ၀ခရီးဖြစ်မှာပါပဲ။ လူဖြစ်ရကျိုးနပ်တယ်လို့ တောင်ဆိုရမှာပဲ။

သူတော်ကောင်းတို့ နှင့်ပေါင်းဆုံရခြင်းသည် တစ်ကြိမ်သာလျှင်ဖြစ်၏။ (၀ါ ) တကြိမ်သာလျှင်ဖြစ်စေကာမူ ထိုတကြိမ်မျှ ပေါင်းဆုံတွေ့ ရခြင်းသည် သူတော်ကောင်းတို့ နှင့်ပေါင်းဆုံတွေ့ ရသော
ထိုသူကို အကျိုးမဲ့ ပယ်ရှား၊ အကျိုးများအောင် ဆောင်ရွက်စောင့်ရှောက်တတ်ပေ၏။
သူယုတ်မာတို့ နှင့် အကြိမ်များစွာ ပေါင်ဆုံရခြင်းသည်( ၀ါ ) ပေါင်းဆုံရစေကာမူ
အကျိုးများအောင် မဆောင်ရွက်မစောင့်ရှောက်တတ်ချေ။
( မဟာသုတသောမဇတ် )

( ဆရာနန္ဒာသိန်းဇံ၏ မိတ်ကောင်းဆွေကောင်းနှင့်ခရီးသွားခြင်းမှကောက်နှုတ်ဖေါ်ပြသည် )

LinkWithin

Related Posts Plugin for WordPress, Blogger...