pages

Tuesday, October 17, 2017

ကိုယ့်ဘ၀ကိုယ် ချစ်ခင်လာဖို့ နည်းလမ်း ၁၀ ခု

သူတို့ဘ၀ကိုသူတို့ မုန်းတယ်ဆိုတဲ့လူတွေ ရှိပါတယ်။ သူတို့ဟာ သူတို့မှာရှိနေတဲ့အရာတွေနဲ့ မပျော်ရွှင်နိုင်ကြပါဘူး။ အကယ်၍ သင်လည်း အဲလိုပဲဖြစ်ခဲ့မယ်ဆိုရင် သင်ဟာ- ချမ်းသာမှ၊ အောင်မြင်မှ၊ မိတ်ဆွေအပေါင်းအသင်းတွေ အများကြီးရမှ၊ နာမည်ကျော်ကြားမှ၊ ပြီးပြည့်စုံတဲ့ မိသားစုရှိမှ ပျော်ရွှင်မယ်ဆိုတဲ့ လူတွေထဲက တစ်ယောက် ဖြစ်နေပါလိမ့်မယ်။  စိတ်မကောင်းစရာပါပဲ။ အဲလိုဆိုရင်တော့ မှားနေပါပြီ။ နောက်တစ်ကြိမ် “ ငါ့ဘ၀ကိုငါ မုန်းတယ် ” လို့ ပြောတဲ့အခါ သင့်ကိုယ်သင် မေးကြည့်ပါဦး။ ဒါဆို ငါသေရင် ပိုကောင်းမလား-လို့။ ဒီစကားက ကြမ်းတမ်းချင် ကြမ်းတမ်းလိမ့်မယ်။ ဒါပေမဲ့ တွေးရုံလေးပဲ တွေးကြည့်လိုက်ပါ။ သင်အသက်ရှင်နေသမျှ သင်ဟာ ပျော်ရွှင်နိုင်ပါတယ်။ ပြီးတော့ ဘ၀ကို ပိုကောင်းအောင်လုပ်နိုင်တဲ့အခွင့်အရေးလည်း အမြဲတမ်း ရှိပါတယ်။ ဟောဒီမှာ နည်းလမ်း(၁၀)ခု-

၁။ ဘ၀ရဲ့ ကောင်းတဲ့အရာတွေအပေါ်မှာ အာရုံစိုက်လိုက်ပါ

ဘ၀နဲ့ပတ်သက်လို့ ကောင်းတဲ့အရာတွေကို တစ်ခုမှ မစဉ်းစားနိုင်ဘူးဆိုရင်တော့ သင့်မှာ အဆိုးမြင်အတွေးတွေ ရှိနေဆဲပဲ။ အဲဒီအတွေးတွေကို ထွက်သွားခွင့်ပေးလိုက်ပါ။ သင့်ဘ၀ရဲ့ ဘယ်အရာတွေကို သင် တကယ်မြတ်နိုးသလဲ?

၂။ မကျေမနပ်မဖြစ်ပါနဲ့

ဘ၀ကို သင်မချစ်ဘူးဆိုရင်တောင်မှ အဲဒါကို တစ်ချိန်လုံး ပြောနေဖို့မလိုပါဘူး။ သင့်ဘ၀ကိုသင် မချစ်ဘူးလို့ ပြောလေလေ၊ အဲဒီ အနှုတ်လက္ခဏာအတွေးတွေက ပိုအားကောင်းလာလေလေပါပဲ။

၃။ သင့်ရဲ့ဘ၀ကို အခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့

သင့်ရဲ့ဘ၀ဟာ တခြားတစ်ယောက်ယောက်ရဲ့ဘ၀နဲ့ ဘယ်တော့မှ တစ်သမတ်တည်း မတူနိုင်ပါဘူး။ ကိုယ် မတတ်နိုင်တဲ့ အ၀တ်အစား ၀တ်တဲ့သူတွေ၊ ကိုယ်မစီးနိုင်တဲ့ကား စီးတဲ့သူတွေ၊ ကိုယ်မနေနိုင်တဲ့အိမ်မျိုးမှာ နေသူတွေကတော့ ကိုယ့်အနားမှာ အမြဲတမ်း ရှိနေမှာပါပဲ။ ဒါကို ကျင့်သားရအောင်လုပ်ပါ။ နေသားကျသွားပြီဆိုရင်တော့ ဘာမှ ပြဿနာမရှိတော့ပါဘူး။ တခြားတစ်ယောက်ယောက်ရဲ့ အောင်မြင်မှုကို သင့်ကိုယ်ပိုင် အောင်မြင်မှုရရှိဖို့အတွက် တွန်းအားတစ်ခုအဖြစ် အသုံးချနိုင်ပါတယ်။ ဒါပေမဲ့ သင့်မှာမရှိတဲ့အရာတွေအတွက်တော့ ဘယ်တော့မှ စိတ်မကောင်းမဖြစ်ပါနဲ့။

၎။ သင်တကယ် ချစ်မြတ်နိုးတဲ့အရာတွေကို ပိုလုပ်ပါ

သင့်ကို ပျော်ရွှင်စေမယ့်အလုပ်တစ်ခုခုကို အနည်းဆုံးတစ်ခုလောက်ဖြစ်ဖြစ် နေ့တိုင်းလုပ်ပါ။

၅။ ဘ၀ဟာ အမြဲတမ်းပြောင်းလဲနေတယ်ဆိုတာ အသိအမှတ်ပြုပါ

သင့်မှာ အလုပ်ကောင်းကောင်း မရလို့၊ ဒါမှမဟုတ် ငွေရေးကြေးရေးက သင်မျှော်မှန်းထားသလေက် အဆင်မပြေလို့ စိတ်ဓာတ်ကျနေတယ်ဆိုရင် သင့်ရဲ့ လက်ရှိအခြေအနေဟာ အခြေအနေတစ်ခုမျှသာဖြစ်တယ်လို့ လက်ခံပါ။ အရာအားလုံးဟာ ပြောင်းလဲကြပါတယ်။

Wednesday, September 27, 2017

ဟန်ချက်ညီတဲ့ဘဝ


ဟန်ချက်ညီတဲ့ဘ၀ဆိုတာ သင့်အတွက် ဘယ်လို အဓိပ္ပါယ်သက်ရောက်မှု ရှိပါသလဲ?

ဒါကို သင့်ကိုယ်သင် စဉ်းစားခဲ့ဖူးပါသလား?

ဟန်ချက်ညီတဲ့ဘ၀ဆိုတာကို သင်ကိုယ်တိုင် အဓိပ္ပါယ်ဖွင့်ဆိုထားတာမျိုး ရှိပါသလား။


 

လူတော်တော်များများကတော့ အဲဒါဟာ ဘာမှန်းမသိဘဲနဲ့တောင်မှ ဟန်ချက်ညီတဲ့ဘ၀ဆိုတာကို ရှာဖွေနေကြပါတယ်။သူတို့က ထင်ကြတယ်။ ဟန်ချက်ညီတဲ့ဘ၀ဆိုတာ စိတ်နဲ့ ခန္ဓာကိုယ်ရဲ့ အခြေအနေတစ်ခု၊ ဘယ်လိုအခြေအနေလဲဆိုတော့ မြင်ရသမျှ၊ ခံစားရသမျှဟာ တည်ငြိမ်နေ၊ ပြီးပြည့်စုံနေတဲ့ အခြေအနေတစ်ခုလို့ ထင်ကြတယ်။ အဲဒီလိုမျိုး အခြေအနေတစ်ခုဟာ အမှန်တကယ် ရှိနိုင်ပါသလား? သေချာပါတယ်၊ လုံးဝ မရှိနိုင်ပါဘူး။ ပြီးတော့ အဲဒီလိုမျိုး ဘ၀ပုံစံဟာ သင့်ကို ကြီးထွားလာစေမှာမဟုတ်၊ သင့်ရဲ့ ရည်မှန်းချက်တွေဆီကို ရောက်စေမှာမဟုတ်၊ ပြီးတော့ သင့်ကို လူသားတစ်ယောက်အဖြစ် ဖြစ်တည်လာဖို့တောင် ခွင့်ပြုမှာမဟုတ်တဲ့ ကံဆိုးမှုတစ်ခုပဲ ဖြစ်ပါလိမ့်မယ်။


တစ်ခါတစ်ရံမှာ တစ်ခုခုဟာ ဘာလဲဆိုတာကို ဖော်ပြဖို့ အကောင်းဆုံးနည်းလမ်းကတော့ အဲဒီအရာ မဟုတ်တဲ့ဟာတွေကို အရင်ဆုံး အဓိပ္ပါယ်ဖော်ကြည့်ခြင်းပါပဲ။ ဒါကြောင့် ဘာတွေက ဟန်ချက်ညီတဲ့ဘ၀ မဟုတ်ဘူးဆိုတာ ပြောပါရစေ။


ဟန်ချက်ညီတဲ့ဘ၀ဆိုတာ ဒါတွေ မဟုတ်ပါဘူး -

- နေ့စဉ်နေ့တိုင်း ပြီးပြည့်စုံတဲ့ perfect ဖြစ်တဲ့နေ့ရက်တွေကို ပိုင်ဆိုင်တာမျိုး မဟုတ်ဘူး


- နေ့စဉ်နေ့တိုင်း သင့်ရဲ့ အချိန်တွေ၊ ခွန်အားတွေအားလုံးကို သင့်ဘ၀ရဲ့ အစိတ်အပိုင်းအားလုံးမှာ အညီအမျှ      စူးစိုက်ထားတာမျိုး မဟုတ်ဘူး။


- သင့်ရဲ့ အချိန်စာရင်းထဲကို လုပ်စရာတွေအများကြီး ကျပ်သိပ်နေအောင် ထပ်ထည့်တာမျိုးမဟုတ်ဘူး။


- ဘယ်ပြဿနာကိုမဆို ဖြေရှင်းနိုင်တဲ့ မှော်အတတ်လည်း မဟုတ်ဘူး။


- တစ်ကြိမ်တစ်ခါရရှိပြီးတာနဲ့ သင့်ရဲ့ ဘ၀တစ်လျှောက်လုံးမှာ တည်မြဲနေမယ့်အရာမျိုး မဟုတ်ဘူး။


ဒါဆို ကျနော်တို့ ဒီမှာ ဘာကို ရှာဖွေနေကြတာလဲဆိုတာ သင် သိချင်နေလောက်ပါပြီ။ ကျနော် သင့်ကို ခေါင်းရှုပ်အောင် မလုပ်ခဲ့မိဘူးလို့ မျှော်လင့်ပါတယ်။


ဟန်ချက်ညီတဲ့ဘ၀ဆိုတာ -


A journeyပါ။

ဘာဖြစ်လို့လဲဆိုတော့ သင်ဟာ နေ့စဉ်နေ့တိုင်း ဟန်ချက်ညီအောင် နေထိုင်ဖို့ ခြေလှမ်းတွေကို ပြုလုပ်နေရလို့ပါပဲ။ နေ့စဉ်နေ့တိုင်း “တစ်ခုခု” ကတော့ သင့်ကို ဟန်ချက်ပျက်အောင် တွန်းထုတ်ပါလိမ့်မယ်။ (ပြီးတော့ အများအားဖြင့် အဲဒီ “တစ်ခုခု” ဆိုတာကပဲ အနိုင်ရပါလိမ့်မယ်။ ) ဒါပေမဲ့ အဲဒီလိုဖြစ်လာတဲ့အခါတိုင်းမှာ သင်ဟာ သင့်ရဲ့ဟန်ချက်ကို ရောက်အောင် ပြန်ထိန်းနိုင်ပါတယ်။


Attitudeတစ်ခုပါ။

ဘာဖြစ်လို့လဲဆိုတော့ ဟန်ချက်ညီတဲ့ဘ၀တစ်ခုကို နေထိုင်ခြင်းဆိုတာဟာ ဟန်ချက်ညီတဲ့စိတ်တစ်ခုကို ပိုင်ဆိုင်ခြင်းလို့ အဓိပ္ပါယ်ရလို့ပါပဲ။ သင့်အတွက် ပုံမှန်မဟုတ်တဲ့ ရွေးချယ်မှုတွေကို ပြုလုပ်ဖို့ သင့်ကိုယ်သင် ဖိအားမပေးနိုင်ဘူး။ လေ့ကျင့်မှုတွေ၊ သင့်ကိုယ်သင် ရှာဖွေခြင်းတွေကတစ်ဆင့် သင်ဟာ ဟန်ချက်ညီတဲ့ စိတ်တစ်ခုကို ဖန်တီးယူနိုင်ပါတယ်။ အမှတ်တစ်ခုကို ရောက်တဲ့အခါ သင်ဟာ ရလာဒ်တွေကို ရရှိပါလိမ့်မယ်။ ပြီးတော့ ကမ္ဘာကြီးတစ်ခုလုံးကို ဟန်ချက်ညီတဲ့ အရောင်တွေနဲ့ စ တွေ့ရပါလိမ့်မယ်။ ပြီးတော့ သင့်ရဲ့ ဟန်ချက်ညီတဲ့ Lifestyle အတွက် အထောက်အကူဖြစ်စေမယ့် ဆုံးဖြတ်ချက်တွေကို စတင် ချမှတ်နိုင်ပါလိမ့်မယ်။


Focusပါ။

ဘာဖြစ်လို့လဲဆိုတော့ သင့်ဘ၀ရဲ့ အစိတ်အပိုင်းတိုင်း (မိသားစု၊ ကျန်းမာရေး၊ အလုပ်၊ ငွေကြေး၊ ၀ါသနာ၊ လူမှုဘ၀နဲ့ ဘာသာအယူဝါဒ) အဲဒီအစိတ်အပိုင်းတိုင်းဟာ သင့်ရဲ့ အချိန်တွေနဲ့ အာရုံစူးစိုက်မှုတွေကို လိုအပ်ပါတယ်။ ပမာဏချင်းကတော့ မတူညီကြပါဘူး။ မိဘတစ်ယောက်ဟာ ကမ္ဘာပေါ်မှာ ရှိသမျှအရာတိုင်းထက် သူ့ရဲ့ ကလေးကို ပိုပြီး အာရုံစိုက်ပါလိမ့်မယ်။ ဘွဲ့ယူ ကျောင်းသားတစ်ယောက်ဟာ သူ့ရဲ့ စာတမ်းအတွက် သူ့ခွန်အားတွေအားလုံးကို စိုက်ထုတ်ပါလိမ့်မယ်။ ပင်စင်ယူပြီးတဲ့လူတစ်ယောက်ဟာ သူ့ရဲ့ ကျန်းမာရေးနဲ့ စိတ်နှလုံးသားကို အခြားအရာအားလုံးထက် ပိုပြီး အာရုံစိုက်ပါလိမ့်မယ်။ သင်ဟာ ဟန်ချက်ညီတဲ့ဘ၀တစ်ခုကို နေထိုင်တဲ့အခါမှာ သင့်ရဲ့ အာရုံကို မှန်ကန်တဲ့ လမ်းကြောင်းဘက်ကို အချိန်အတိုင်းအတာတစ်ခုအထိ ပြောင်းလဲနိုင်ပါတယ် ( တစ်ရက် ဒါမှမဟုတ် တစ်နှစ်လည်း ဖြစ်ချင်ဖြစ်မယ် ) အဲဒီလိုအခါမျိုးမှာ သင့်ဘ၀ရဲ့ အခြားအစိတ်အပိုင်းတွေကို လုံးဝ လျစ်လျူရှုစရာမလိုပါဘူး။


Core beliefပါ။

ဘာဖြစ်လို့လဲဆိုတော့ ဒီအခြေခံအုတ်မြစ်ကြီး မရှိဘဲနဲ့ သင်ဟာ ဟန်ချက်ညီမှုကို ဘယ်လိုမှ မတည်ဆောက်နိုင်လို့ပါပဲ။ သင်ရဲ့ စိတ်ဓာတ်တွေ မခိုင်မခံ့ ဖြစ်လာတဲ့အခါ၊ သင့်မှာ စိတ်ဓာတ်တက်ကြွမှု မရှိတဲ့အခါ၊ အားနည်းနေတဲ့အခါ၊ ဒါမှမဟုတ် (ရိုးရှင်းစွာပဲ) သင့်ရဲ့စိတ်ထဲမှာ သံသယတွေ ရှိနေတဲ့အခါမျိုးမှာ သင် မှီတည်စရာ ယုံကြည်ချက်တစ်ခု ရှိဖို့လိုပါတယ်။


Very Personal။

ဘာဖြစ်လို့လဲဆိုတော့ ဒီကမ္ဘာမှာ ရည်မှန်းချက်တွေ၊ ပြဿနာတွေ၊ လိုအပ်ချက်တွေ၊ ပင်ကိုစွမ်းရည်တွေ တထေရာတည်းတူညီတဲ့ လူနှစ်ယောက်ဆိုတာ မရှိလို့ပါပဲ။ သင်ဟာ တခြားလူတွေဆီက နည်းလမ်းတွေ၊ အကြံဥာဏ်တွေ၊ ဥပမာတွေ ယူနိုင်တယ်။ ပြီးတော့ အဲဒီအရာတွေကို သင့်ရဲ့ဘ၀ကို ဟန်ချက်ညီစေဖို့အတွက် ပြောင်းလဲနိုင်ပါတယ်။


ဟန်ချက်ညီတဲ့ဘ၀ဆိုတာ သင့်အတွက် ဘယ်လို အဓိပ္ပါယ်သက်ရောက်မှုရှိပါသလဲ။ အဲဒါကို ဒီကနေ့ သင့်ကို စဉ်းစားစေချင်ပါတယ်။ ဟန်ချက်ညီတဲ့ဘ၀ဆီကို ခရီးမစခင်မှာ သင်ဟာ ဘာကို ရှာနေတယ်ဆိုတာ သိရပါမယ်။ သင့်ရဲ့ဘ၀၊ သင့်ရဲ့ ရည်မှန်းချက်တွေ၊ နက်ရှိုင်းတဲ့ ယုံကြည်ချက်တွေ၊ ဆန္ဒတွေ၊ အဲဒီအရာတွေကို ပြန်စဉ်းစားဖို့ သင့်ကိုယ်သင် အချိန်ပေးပါ။ သင့်အတွက် ဟန်ချက်ညီတဲ့ဘ၀ဆိုတာ ဘာလဲ?


ဒါကတော့ ဟန်ချက်ညီတဲ့ဘ၀ဆိုတာကို ကျနော့်ရဲ့ ကိုယ်ပိုင် အဓိပ္ပါယ်သတ်မှတ်ချက်ပါပဲ။


- ဟန်ချက်ညီတဲ့ဘ၀ဆိုတာ အတွင်းစိတ် ငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်မှု ။


- ဟန်ချက်ညီတဲ့ဘ၀ဆိုတာ ပြည့်ဝနေတဲ့ဘ၀ ၊ ဒါပေမဲ့ အဲဒီအထဲကို အသစ်တစ်ခုခု ထပ်ထည့်ဖို့ အတွက်လည်း   အခန်းလွတ်တွေ အများကြီး ရှိနေတယ်။


- ဟန်ချက်ညီတဲ့ဘ၀ဆိုတာ ပျော်ရွှင်တဲ့မိသားစု၊ ပြီးတော့ ကျနော့် သမီးလေးတွေရဲ့ မျက်နှာတွေပေါ်က အပြုံးတွေ။


- ဟန်ချက်ညီတဲ့ဘ၀ဆိုတာ ကျနော့်ရဲ့ စိတ်ကိုရော၊ ခန္ဓာကိုယ်ကိုရော စောင့်ရှောက်တာ။


- ဟန်ချက်ညီတဲ့ဘ၀ဆိုတာ အပြင်ထွက်လမ်းလျှောက်ပြီး ကျနော့်ကို နိုးကြွစေမယ့် ကျနော့်ပတ်ဝန်းကျင်က အလှတရားတွေကို  တစ်ရက်ပြီးတစ်ရက် ကြည့်ရှုတာ။


- ဟန်ချက်ညီတဲ့ဘ၀ဆိုတာ ကျနော့်မှာရှိတဲ့ ယုံကြည်ချက်။


- ဟန်ချက်ညီတဲ့ဘ၀ဆိုတာ ကျနော့်ဘ၀ရဲ့ အရေးအကြီးဆုံးအရာများကိုသာ အာရုံစူးစိုက်တာ ( အရေးမကြီးတဲ့အရာတွေ၊ အလုပ်တွေကို ဆုံးရှုံးဖို့လည်း ၀န်မလေးတာ)


- ဟန်ချက်ညီတဲ့ဘ၀ဆိုတာ တီထွင်ဖန်တီးမှု၊  အလုပ်အကိုင်၊ မိသားစု၊ လေ့ကျင့်ခန်းနဲ့ ကျနော့်ရဲ့ ကိုယ်ပိုင်အချိန်တွေကို ရောစပ်ထားတာ။ ဒါဟာ အလွန်ပဲ ထူးကဲပါတယ်။ အချိန်အတော်များများမှာ ဖရိုမရဲဖြစ်နေနိုင်တယ်။ ပြီးတော့ ဟန်ချက်ညီအောင်ထိန်းဖို့အတွက် စိုက်ထုတ်ရတဲ့ အားထုတ်မှုတွေဟာ လုံးဝ ထိုက်တန်ပါတယ်။


သင့်ရဲ့ အိမ်စာ -

ဟန်ချက်ညီတဲ့ဘ၀ဆိုတာကို သင့်ရဲ့ ကိုယ်ပိုင်အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ချရေးပါ။သင့်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ရေးတဲ့အခါ အောက်ပါ မေးခွန်းများကို အာရုံစိုက်ပါ။

- ဘယ်လို စိတ်ခံစားမှုမျိုးဟာ သင့်ကို ဟန်ချက်ညီတယ်လို့ ခံစားရစေသလဲ?


- သင့်ရဲ့ အဓိက ယုံကြည်ချက်(Core Belief) က ဘာလဲ?


- အခြေအနေတွေအားလုံးကို ဟန်ချက်ညီတဲ့နည်းလမ်းနဲ့ ဘယ်လိုချဉ်းကပ်မလဲ?


- အခုအချိန်မှာ သင့်ဘ၀ရဲ့ အရေးအကြီးဆုံးအစိတ်အပိုင်းဟာ ဘာလဲ?


မေးခွန်းတချို့ရှိမယ်ဆိုရင် e-mail ပို့နိုင်ပါတယ်။ဒါမှမဟုတ် ဟန်ချက်ညီတဲ့ဘ၀ကို သင့်ရဲ့ ကိုယ်ပိုင် အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုလည်း မျှဝေနိုင်ပါတယ်။


ဟန်ချက်ညီတဲ့ ရက်သတ္တပတ်ကို ပိုင်ဆိုင်နိုင်ပါစေ။


Ref: Life Balamce by Anastasiya Goers

Credit
http://yourlifesuccess.blog.com



အောင်မြင်မှုရဲ့ တကယ့်လျှို့ဝှက်ချက်

လူအများစုဟာ အောင်မြင်ရေးလျှို့ဝှက်ချက်တွေကို ရှာဖွေနေကြပါတယ်။ သန်းကြွယ်သူဋ္ဌေးတစ်ယောက်ဖြစ်ဖို့အတွက် လျှို့ဝှက်ချက်၊ အလုပ်မှာ အောင်မြင်ဖို့အတွက် လျှို့ဝှက်ချက်၊ စသဖြင့် အောင်မြင်ရေးလျှို့ဝှက်ချက်တွေကို ရှာဖွေနေကြတယ်။ သူတို့တွေ အဲဒီလျှို့ဝှက်ချက်တွေကို ရှာတွေ့ဖို့အတွက် Amazon.com က စာအုပ်ပေါင်း ၁၇၉၇ အုပ်ကို လက်ရှိ စာရင်းပြုစုထားပါတယ်။ အဲဒီစာအုပ်တွေထဲမှာ ” ထူးထူးခြားခြား အောင်မြင်ကြသော အမျိုးသမီးများ၏ အောင်မြင်ရေးလျှို့ဝှက်ချက်များ ” ဆိုတဲ့ စာအုပ်က အစ၊ ” သန်းကြွယ်သူဋ္ဌေးတို့၏ လျှို့ဝှက်ချက် ၂၁ ခု”  စတဲ့ အောင်မြင်စေရမယ်လို့ ကတိပေးထားတဲ့ စာအုပ်တွေ ပါဝင်ပါတယ်။
သင်ဟာလည်း အောင်မြင်ရေးလျှို့ဝှက်ချက်ကို ရှာဖွေနေတဲ့သူတစ်ယောက်ဆိုရင်တော့ အဲဒီစာအုပ် ၁၇၉၇ အုပ်နဲ့ အချိန်ကုန်ခံမနေပါနဲ့တော့။ သင့်ကို အချိန်ကုန် သက်သာအောင် ကျနော် ပြောပြပါ့မယ်။
အဓိက အချက်က ဒါပါပဲ – အောင်မြင်မှုမှာ ဘာလျှို့ဝှက်ချက်မှ မရှိပါဘူး။ အောင်မြင်မှုအတွက် ပဉ္စလက်ဆန်တဲ့ နည်းလမ်းတွေ မရှိပါဘူး၊ ဖြတ်လမ်းတွေ မရှိပါဘူး၊ ထီလက်မှတ်တွေလိုမျိုးလည်း သင် ၀ယ်ယူလို့မရပါဘူး။
အောင်မြင်ဖို့အတွက် ရေရှည် ကြိုးပမ်းနိုင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ အလုပ်မှာ စိတ်နှစ်ထားမှု၊ ၀ါသနာကြီးမှု၊ လေ့ကျင့်မှု၊ အာရုံစူးစိုက်မှုနဲ့ အလုပ်ကြိုးစားမှုတို့ လိုအပ်တယ်ဆိုတာကို အောင်မြင်နေကြတဲ့သူတွေ သိကြပါတယ်။ တကယ်တော့ ဒါတွေဟာ ဘာလျှို့ဝှက်ချက်တွေမှ မဟုတ်ပါဘူး။
ချက်စတာ ကာလ်ဆန်ကို ကြည့်ပါ။ သူဟာ ဓာတ်ပုံကူးတဲ့ နည်းပညာကို တီထွင်ခဲ့တဲ့ အောင်မြင်တဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့ သူမအောင်မြင်ခင်က သူ့ရဲ့ စိတ်ကူးကို ကုမ္ပဏီကြီး  ၂၀ က ငြင်းပယ်ခဲ့ကြတယ်။ သူဟာ ဇွဲရှိရှိ၊ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ စောင့်ခဲ့ရတာ ၇ နှစ်ကြာတယ်။ နောက်ဆုံးမှာတော့ ကုမ္ပဏီတစ်ခုက သူရဲ့ တီထွင်မှုကို ၀ယ်ယူခဲ့တယ်။ အဲဒီနောက်မှာတော့ သူဟာ Xerox Corporation ကြီးအဖြစ် အောင်မြင်လာခဲ့တယ်။
ဒါမှမဟုတ် ဂျူလီယာ ချိုင်းလ်ဒ်ကို ကြည့်ပါ။ သူမဟာ ပြင်သစ် ချက်နည်းပြုတ်နည်းစာအုပ်အတွက် အလုပ်လက်ခံရရှိခဲ့တယ်။ ပူးပေါင်းဆောင်ရွက်သူနှစ်ယောက်နဲ့အတူ ငါးနှစ် အလုပ်လုပ်ခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူမရဲ့ စာမူကို ထုတ်ဝေသူက ငြင်းပယ်ခဲ့တယ်။ သူမ နောက်ထပ် တစ်နှစ် ထပ်ကြိုးစားတယ်။ ဒီတစ်ခါလည်း သူမရဲ့ စာမူကို ငြင်းပယ်ခံရပြန်တယ်။ ဒါပေမဲ့ ဂျူလီယာက အရှုံးမပေးဘူး။ နောက်ထပ် ရှစ်နှစ်လောက်ကြာတဲ့အခါ စာအုပ်တိုက်တစ်ခုက သူမရဲ့ ချက်နည်းပြုတ်နည်းစာအုပ်ကို ထုတ်ဝေခဲ့တယ်။ အဲဒီစာအုပ်ဟာ အုပ်ရေ သန်းချီပြီး ရောင်းချခဲ့ရတယ်။
သင်ဟာ အောင်မြင်ချင်တယ်ဆိုရင်၊ သင့်ကို အောင်မြင်စေမယ့် လျှို့ဝှက်ချက်တစ်ခုခုကို အပြင်မှာ ရှာဖွေနေတာကို ရပ်လိုက်ပါ။ အဲဒီအစား၊ သင့်ရဲ့ အမြင်အာရုံတွေကို သင့်ရဲ့ အတွင်းထဲကို လှည့်လိုက်ပါ။ သင် လိုအပ်သမျှ အရာတိုင်းကို သင် တွေ့ရပါလိမ့်မယ်။ သင့်အောင်မြင်မှုရဲ့လျှို့ဝှက်ချက်ဟာ သင်ကိုယ်တိုင်ပါပဲ။ ဒါပေမဲ့ အောင်မြင်မှုအတွက် လိုအပ်တဲ့အရာတွေ သင့်မှာမရှိသေးဘူးလို့ ထင်တယ်ဆိုရင် ထပ်စဉ်းစားကြည့်ပါဦး။ တစ်ခုခုကို အထူးဝါသနာပါတဲ့သူတွေ၊ လုပ်အားပေးအဖွဲ့အစည်းတွေ၊ ဒါမှမဟုတ် အင်တာနက် ဘလော့ဂ်တွေကို လျှောက်ကြည့်ပါ။ ကဗျာဆရာတွေ၊ အဆိုတော်တွေ၊ အနုပညာရှင်တွေ၊ အားကစားသမားတွေ၊ hacker တွေ၊ နံရံတွေပေါ်မှာ ပုံဆွဲတဲ့ ပန်းချီဆရာတွေ၊ သူတို့တွေကို လေ့လာကြည့်ပါ။
စိတ်ဓာတ်ခိုင်မာခြင်း၊ ဇွဲရှိခြင်း၊ လက်တွေ့လုပ်ဆောင်တတ်ခြင်း နဲ့ အလုပ်ကြိုးစားခြင်းတို့ကို ထင်ထင်ရှားရှားတွေ့ရပါလိမ့်မယ်။ ပြီးတော့ အဲဒီအရာတွေဟာ သင့်ရဲ့ ကိုယ်တွင်းမှာလည်း ရှိနေပါတယ်။ အဲဒီအရာတွေက သင် သူတို့ကို ဘယ်အချိန်မှာ လှမ်းခေါ်မလဲလို့ စောင့်နေကြပါတယ်။
အောင်မြင်တဲ့သူတွေဟာ သူတို့ရဲ့ ခွန်အားတွေကို သူတို့ရဲ့ စိတ်ဝင်စားမှု၊ သူတို့ရဲ့ ၀ါသနာတွေမှာ ထည့်ထားကြတယ်။ သူတို့ဟာ အခက်အခဲတွေ၊ နောက်ပြန်လန်ကျမှုတွေ၊ စိတ်ပျက်စရာတွေကို ကြံ့ကြံ့ခိုင်နိုင်ကြတယ်။
အောင်မြင်ရေးလျှို့ဝှက်ချက်တွေ ရှာဖွေနေတာကို ရပ်လိုက်ပါ။ သင့်အောင်မြင်မှုရဲ့ တကယ့်လျှို့ဝှက်ချက်ဟာ သင်ကိုယ်တိုင်ပဲဆိုတာကို စပြီး သဘောပေါက်ပါ။ “နှလုံးသားဟာ ဘာမဆို လုပ်နိုင်တယ်” လို့ Moliere က ပြောပါတယ်။ သင့်ရဲ့ အလုပ်ထဲမှာ သင့်နှလုံးသားကို ရှာဖွေပါ။ သင်ဟာ ဘယ်အရာကိုမဆို လုပ်နိုင်ပါလိမ့်မယ်။
Ref: THE SECRET TO SUCCESS by Nan S. Russell
http://yourlifesuccess.blog.com/


သင့်ရဲ့ ပန်းတိုင်ကို သွားရာမှာ အရေးကြီးတဲ့ သော့ချက် (KEY) တွေ

များသောအားဖြင့်တော့ “ပန်းတိုင်” ဆိုတာ လွယ်လွယ်နဲ့ ရောက်နိုင်တာမျိုးတော့ မဟုတ်လေဘူး။ ပန်းတိုင်က လန်ကျတာတွေ၊ ပန်းတိုင်ပျောက်သွားတာတွေ၊ ပျက်ပြယ်သွားတဲ့ ငယ်အိပ်မက်တွေ၊ အများကြီး ကြုံဖူးကြမှာပါ။

ဒီလိုအဖြစ်မျိုးတွေကို စဉ်းစားပြီး စိတ်ပျက်အားလျှော့လိုက်လို့ မဖြစ်ပါဘူး။ ဒီနေရာမှာ ကမ္ဘာကျော်ပြဇာတ်ဆရာကြီး ” ဂျော့ဘားနဒ်ရှော ” ရဲ့ အတွေ့အကြုံကို နှလုံးသွင်းစေချင်ပါတယ်။ ” ရှော ” က အခုလို ပြောဖူးတယ်။ ” ကျုပ်ငယ်ငယ်က ဆယ်ခုလုပ်ရင်၊ ကိုးခုလောက်က မအောင်မြင်တာများတယ်။ ဒါပေမဲ့ ကျုအရှုံးသမားမဖြစ်ချင်တော့ အလုပ်ကို ဆယ်ဆတိုးလုပ်ရတာပေါ့ ”

The 7 Habits of Highly Effective Teens စာအုပ်ကိုရေးတဲ့ ” ရှောင်ကိုဗေး ” ကတော့ ပန်းတိုင်ကို ရှေးရှုသွားရာမှာ အရေးကြီးတဲ့ သော့ချက် (KEY) တွေရှိသတဲ့။ အခု ဒီသော့ချက်တွေကို ဆက်ပြောပါမယ်။

သော့ချက် (၁) – တက်ကြွပါ။ ကြွတက်တာ မဖြစ်စေနဲ့။

လူငယ်တွေမှာ မိုးကုပ်စက်ဝိုင်းလောက်ကျယ်တဲ့ ပန်းတိုင်ကြီးတွေ ရှိတတ်ပါတယ်။ ကောင်းပါတယ်။ ဒီမျှော်လင့်ချက် မိုးကုပ်စက်ဝိုင်းအတွက် ရနိုင်မယ့် ဆုလာဘ်နဲ့ပေးရမယ့် တန်ဖိုးကိုတော့ ချိန်ဆရပါလိမ့်မယ်။ ဒါကို တွက်ဆပြီးမှ စွန့်ရဲရင်လုပ်၊ မစွန့်ရဲရင် မလုပ်နဲ့၊ ဒါက ပိုသဘာဝကျမယ်ထင်တယ်။

ဥပမာ- အများအတွက် အနစ်နာခံသူ၊ ကိုယ်ကျိုးစွန့်လွှတ်သူ၊ အာဇာနည်သူရဲကောင်းဆိုတာ တကယ့်မြင့်မြတ်သူတွေပါ။ အားကျသင့်ပါတယ်။ ဒါပေမဲ့ လိုအပ်ရင် အသက်တောင် စွန့်ရတယ်ဆိုတာကိုတော့ အလေးထား တွက်ဆရပါလိမ့်မယ်။ ဦးပုညရဲ့ တေးထပ်တစ်ပုဒ် ရှိပါရော့လား။ စိပ်ပုတီးကြီးနဲ့ ရိပ်ကြီးခိုတော့မယ်ဆိုပြီး ဆုံးဖြတ်ချက်နဲ့လာတဲ့သူတစ်ယောက်၊ တောစပ်လည်းရောက်ရော သူ့မိန်းမသတိရတာနဲ့ ခုလို ” ဟဲ ” လိုက်တယ်ဆိုပဲ။ ” မောင်ကြီးကို တစ္ဆေကိုက်လိမ့်မယ်၊ ကွယ် … မင်းလိုက်ခဲ့ဦး … ” ။

ကိုယ်လုပ်နိုင်သလောက် အတိုင်းအတာနဲ့ မာန်သွင်းတာ ” တက်ကြွမှုပါ ” ၊ အလွန်ကောင်းပါတယ်။ မလုပ်နိုင်ဘဲနဲ့ လေထတာ၊ မာန်သွင်းတာကတော့ တက်ကြွတာမဟုတ်ဘူး။ ကြွတက်တာပါ။ ကောင်းမယ်မထင်ဘူး။

သော့ချက် (၂) – ရွေးချယ်သူဖြစ်ပါစေ၊ အရွေးချယ်ခံ မဖြစ်ပါစေနဲ့။

” တင်မီ ” ဆိုတဲ့ ကလေးမတစ်ယောက်ရဲ့ အတွေ့အကြုံပါ။ သူနဲ့ လက်ထပ်မယ့်ယောက်ျားမှာ ဘယ်လို အရည်အချင်းတွေ ရှိသင့်တယ်ဆိုတာ ” တင်မီ ” က စာရင်းလုပ်ထားတယ်တဲ့ … ။ ဒါမျိုးတွေ ဖြစ်မှာပေါ့ …။
- လေးစာမှု
- မေတ္တာစစ်
- ရိုးဖြောင့်မှု
- သစ္စာရှိမှု
- တော်တည့်မှန်ကန်
- ဟာသဓာတ်ခံ
- လုံခြုံစိတ်ချမှုပေး
- ဖခင်ကောင်း
- နားထောင်နိုင်သူ
- ဘ၀ရပ်တည်မှုအတွက် အာမခံချက်ရှိ … စတာမျိုးတွေ ဖြစ်ပါလိမ့်မယ်။

ဒါပေမဲ့”တင်မီ” ရဲ့ ရည်းစား “ခရစ်” မှာ ဒီအရည်အချင်းတွေ တစ်ခုမှ မရှိလေဘူး။ “တင်မီ” က သူ့စိတ်သူ ဖြေပါတယ်။ “ဘယ်တတ်နိုင်မလဲ ငါနဲ့ ဖူးစာမှန်လို့ ဆုံစည်းကြရတာ…။ ဘုရားသခင် အလိုတော်တိုင်းပေါ့ … ” ။ “တင်မီ” မှာ ကိုယ်ပိုင် မစ်ရှင်(Mission) ဖော်ပြချက်တော့ ရှိပါရဲ့။ ဒါပေမဲ့ ကိုယ့်မစ်ရှင်ကို ကိုယ်တိုင် မရွေးချယ်နိုင်ဘူး။ သူက ရွေးချယ်သူနေရာမှာမနေဘဲ အရွေးချယ်ခံဘ၀ကို ကျေနပ်နေတာကလား …။ ဒီကလေးမ အိမ်ထောင်ရေး ကံမကောင်းမှာ သေချာတယ်။

သော့ချက် (၃) – ဖြစ်အောင်လုပ်၊ ဆင်ခြေမပေးနဲ့။

ရွေးချယ်ပြီးပြီ ဆုံးဖြတ်ပြီးပြီဆိုတာနဲ့ ဆင်ခြေပေးလို့မရတော့ဘူး။ စမ်းကြည့်ဦးမယ်လုပ်လို့ မဖြစ်တော့ဘူး။ မဖြစ်ဖြစ်အောင် လုပ်ဖို့ပဲရှိတော့တယ်။ မြန်မာရာဇ၀င်မှာ ဘုရင့်နောင်ရဲ့ နောင်ရိုးတိုက်ပွဲ ကြားဖူးမှာပေါ့။ ဖောင်တွေ လှေတွေ အကုန်မီးရှို့ပစ်တော့ ဆုတ်လမ်းမရှိတော့ဘူး။ သေ-မြေကြီး၊ ရှင်-ရွှေထီး စိတ်ဓာတ်နဲ့ အနိုင်တိုက်တော့တယ်။ ကမ္ဘာ့သမိုင်းမှာလည်း ဒါမျိုးတွေရှိပါတယ်။ ကျူးဘားကနေ မက္ကစီကိုကို သင်္ဘော ၁၁ စီးနဲ့ ချီတက်တိုက်ခိုက်တဲ့ “ကော်တီ” ဆိုတဲ့ ရေကြောင်းဗိုလ်ချုပ်ဟာ မက္ကစီကို ကမ်းခြေလည်းရောက်ရော သင်္ဘောအားလုံး မီးရှို့ပစ်ခဲ့ဖူးတယ်။

ဂျာမန်ကဗျာဆရာကြီး “ဂိုသီ” ရဲ့ ဟောဒီကဗျာလေးကို ဖတ်ကြည့်လိုက်ပါ။
- အိပ်မက်ရှိရင် အကောင်အထည်ဖော်
- ဆုံးဖြတ်ပြီးရင် စ,လုပ်
- ရဲရင့်မှုထဲမှာ ပါရမီရှိ၊ စွမ်းအားလည်းရှိ၊ ပဉ္စလက်တန်ခိုးလည်း ရှိလေရဲ့

စတားဝါးရုပ်ရှင်ထဲက ဂျေဒိုင်သခင်ယိုဒါပြောတဲ့ စကားကိုလည်း အစဖော်လိုက်ပါဦးမယ်။ “လုပ်မယ်ဆိုလုပ်၊ မလုပ်ဘူးဆိုမလုပ်နဲ့၊ စမ်းကြည့်ဦးမယ်ဆိုတာ မရှိဘူး” ။ ဘ၀မှာ “ရီဟာဆယ်” မရှိဘူးလို့ သတိပေးချင်တာ ဖြစ်ပါလိမ့်မယ်။

သော့ချက် (၄) – အလှည့်အပြောင်းကို အသုံးချ၊ မကြောက်နဲ့၊ မရှောင်နဲ့။

လူတစ်ယောက်ရဲ့ ဘ၀ဖြတ်သန်းချိန်မှာ အလှည့်အပြောင်းကာလတွေ ရှိတတ်ပါတယ်။ အကောင်းရော အဆိုးရောပေါ့။ ဥပမာ ဒါမျိုးတွေ …။
- စာသင်နှစ်အစ သို့မဟုတ် စာသင်နှစ်အဆုံး
- စာမေးပွဲအောင်ခါစ သို့မဟုတ် စာမေးပွဲကျခါစ
- ရည်းစားရခါစ သို့မဟုတ် ရည်းစားနဲ့ကွဲခါစ
- အိမ်ထောင်ကျခါစ သို့မဟုတ် အိမ်ထောင်ဘက်နဲ့ ကွာကွာရခိုက်
- မွေးဖွားခြင်းနဲ့ ကြုံရခိုက် သို့မဟုတ် သေဆုံးခြင်းနဲ့ ကြုံရခိုက်
- ရာထူးတိုးခါစ သို့မဟုတ် ရာထူးကျခါစ
- ချမ်းသာချိန် သို့မဟုတ် ဆင်းရဲချိန်

အောင်မြင်မှုကို မသာယာဖို့ လိုသလို ဆုံးရှုံးမှုမှာလည်း စိတ်ပျက်ချောက်ချားနေလို့ မဖြစ်ပါဘူး။ ကြုံလာတဲ့ အပြောင်းအလဲတိုင်းကို ဘ၀ခရီးအတွက် တွန်းအားအဖြစ် သဘောယူနိုင်ကြဖို့ပါ။

သော့ချက် (၅) – အပြန်အလှန် အမှီသဟဲပြု၊ တစ်ကိုယ်တော် သူရဲကောင်းမလုပ်နဲ့။

တောင်မြင့်မြင့်ကြီးတွေကို တက်ကြတဲ့အခါ တောင်တက်အဖွဲ့ဝင်တွေဟာ တစ်ယောက်ခါးကိုတစ်ယောက် ကြိုးချည်ဆက်ထားရပါတယ်။ ဒါမှ တစ်ယောက်ယောက် ခြေချော်လက်ချော် ဖြစ်ခဲ့ရင် ကယ်နိုင်မှာကိုး။ ဒီလိုပါပဲ။ ဘ၀ရဲ့ တချို့သော ပန်းတိုင်တွေဟာ တောင်ထိပ်တွေလို မြင့်မားတတ်တာမို့ တစ်ကိုယ်တော် သူရဲကောင်းစိတ်နဲ့ ချွန်လုပ်လို့ မရပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် အမှီသဟဲပြုပြီး ၀ိုင်းဝန်းကြိုးစားရပါတယ်။

သင့်ရဲ့ ပန်းတိုင်ကို သွားရာမှာ အရေးကြီးတဲ့ သော့ချက်တွေကို ဖော်ပြပြီးပါပြီ။ ဒီသော့ချက်တွေကို အသုံးပြုပြီး မိမိဘ၀ရဲ့ ပန်းတိုင်များသို့ အရောက်လှမ်းနိုင်တဲ့သူတွေ ဖြစ်ကြပါစေ။

The 7 Habits of Highly Effective Teens by Sean Covey ကို ကျော်ဝင်း ဘာသာပြန်သောနှစ်ဆယ့်တစ်ရာစုသားရွှေဥ စာအုပ်မှ ထုတ်နှုတ်သည်။

Credit: Your Life Success


LinkWithin

Related Posts Plugin for WordPress, Blogger...