pages

Tuesday, November 26, 2019


များသောအားဖြင့်တော့ “ပန်းတိုင်” ဆိုတာ လွယ်လွယ်နဲ့ ရောက်နိုင်တာမျိုးတော့
မဟုတ်လေဘူး။ ပန်းတိုင်က လန်ကျတာတွေ၊ ပန်းတိုင်ပျောက်သွားတာတွေ၊ ပျက်ပြယ်သွားတဲ့
ငယ်အိပ်မက်တွေ၊ အများကြီး ကြုံဖူးကြမှာပါ။

ဒီလိုအဖြစ်မျိုးတွေကို စဉ်းစားပြီး စိတ်ပျက်အားလျှော့လိုက်လို့ မဖြစ်ပါဘူး။
ဒီနေရာမှာ ကမ္ဘာကျော်ပြဇာတ်ဆရာကြီး ” ဂျော့ဘားနဒ်ရှော ” ရဲ့ အတွေ့အကြုံကို
နှလုံးသွင်းစေချင်ပါတယ်။ ” ရှော ” က အခုလို ပြောဖူးတယ်။ ” ကျုပ်ငယ်ငယ်က
ဆယ်ခုလုပ်ရင်၊ ကိုးခုလောက်က မအောင်မြင်တာများတယ်။ ဒါပေမဲ့ ကျုပ်က
အရှုံးသမားမဖြစ်ချင်တော့ အလုပ်ကို ဆယ်ဆတိုးလုပ်ရတာပေါ့ ”

The 7 Habits of Highly Effective Teens စာအုပ်ကိုရေးတဲ့ ” ရှောင်ကိုဗေး ”
ကတော့ ပန်းတိုင်ကို ရှေးရှုသွားရာမှာ အရေးကြီးတဲ့ သော့ချက် (KEY) တွေရှိသတဲ့။
အခု ဒီသော့ချက်တွေကို ဆက်ပြောပါမယ်။

*သော့ချက် (၁) – တက်ကြွပါ။ ကြွတက်တာ မဖြစ်စေနဲ့။*

လူငယ်တွေမှာ မိုးကုပ်စက်ဝိုင်းလောက်ကျယ်တဲ့ ပန်းတိုင်ကြီးတွေ ရှိတတ်ပါတယ်။
ကောင်းပါတယ်။ ဒီမျှော်လင့်ချက် မိုးကုပ်စက်ဝိုင်းအတွက် ရနိုင်မယ့်
ဆုလာဘ်နဲ့ပေးရမယ့် တန်ဖိုးကိုတော့ ချိန်ဆရပါလိမ့်မယ်။ ဒါကို တွက်ဆပြီးမှ
စွန့်ရဲရင်လုပ်၊ မစွန့်ရဲရင် မလုပ်နဲ့၊ ဒါက ပိုသဘာဝကျမယ်ထင်တယ်။

ဥပမာ- အများအတွက် အနစ်နာခံသူ၊ ကိုယ်ကျိုးစွန့်လွှတ်သူ၊ အာဇာနည်သူရဲကောင်းဆိုတာ
တကယ့်မြင့်မြတ်သူတွေပါ။ အားကျသင့်ပါတယ်။ ဒါပေမဲ့ လိုအပ်ရင် အသက်တောင်
စွန့်ရတယ်ဆိုတာကိုတော့ အလေးထား တွက်ဆရပါလိမ့်မယ်။ ဦးပုညရဲ့ တေးထပ်တစ်ပုဒ်
ရှိပါရော့လား။ စိပ်ပုတီးကြီးနဲ့ ရိပ်ကြီးခိုတော့မယ်ဆိုပြီး
ဆုံးဖြတ်ချက်နဲ့လာတဲ့သူတစ်ယောက်၊ တောစပ်လည်းရောက်ရော သူ့မိန်းမသတိရတာနဲ့ ခုလို
” ဟဲ ” လိုက်တယ်ဆိုပဲ။ ” မောင်ကြီးကို တစ္ဆေကိုက်လိမ့်မယ်၊ ကွယ် …
မင်းလိုက်ခဲ့ဦး … ” ။

ကိုယ်လုပ်နိုင်သလောက် အတိုင်းအတာနဲ့ မာန်သွင်းတာ ” တက်ကြွမှုပါ ” ၊
အလွန်ကောင်းပါတယ်။ မလုပ်နိုင်ဘဲနဲ့ လေထတာ၊ မာန်သွင်းတာကတော့ တက်ကြွတာမဟုတ်ဘူး။
ကြွတက်တာပါ။ ကောင်းမယ်မထင်ဘူး။

*သော့ချက် (၂) – ရွေးချယ်သူဖြစ်ပါစေ၊ အရွေးချယ်ခံ မဖြစ်ပါစေနဲ့။*

” တင်မီ ” ဆိုတဲ့ ကလေးမတစ်ယောက်ရဲ့ အတွေ့အကြုံပါ။ သူနဲ့ လက်ထပ်မယ့်ယောက်ျားမှာ
ဘယ်လို အရည်အချင်းတွေ ရှိသင့်တယ်ဆိုတာ ” တင်မီ ” က စာရင်းလုပ်ထားတယ်တဲ့ … ။
ဒါမျိုးတွေ ဖြစ်မှာပေါ့ …။
- လေးစာမှု
- မေတ္တာစစ်
- ရိုးဖြောင့်မှု
- သစ္စာရှိမှု
- တော်တည့်မှန်ကန်
- ဟာသဓာတ်ခံ
- လုံခြုံစိတ်ချမှုပေး
- ဖခင်ကောင်း
- နားထောင်နိုင်သူ
- ဘ၀ရပ်တည်မှုအတွက် အာမခံချက်ရှိ … စတာမျိုးတွေ ဖြစ်ပါလိမ့်မယ်။

ဒါပေမဲ့”တင်မီ” ရဲ့ ရည်းစား “ခရစ်” မှာ ဒီအရည်အချင်းတွေ တစ်ခုမှ မရှိလေဘူး။
“တင်မီ” က သူ့စိတ်သူ ဖြေပါတယ်။ “ဘယ်တတ်နိုင်မလဲ ငါနဲ့ ဖူးစာမှန်လို့
ဆုံစည်းကြရတာ…။ ဘုရားသခင် အလိုတော်တိုင်းပေါ့ … ” ။ “တင်မီ” မှာ ကိုယ်ပိုင်
မစ်ရှင်(Mission) ဖော်ပြချက်တော့ ရှိပါရဲ့။ ဒါပေမဲ့ ကိုယ့်မစ်ရှင်ကို
ကိုယ်တိုင် မရွေးချယ်နိုင်ဘူး။ သူက ရွေးချယ်သူနေရာမှာမနေဘဲ အရွေးချယ်ခံဘ၀ကို
ကျေနပ်နေတာကလား …။ ဒီကလေးမ အိမ်ထောင်ရေး ကံမကောင်းမှာ သေချာတယ်။

*သော့ချက် (၃) – ဖြစ်အောင်လုပ်၊ ဆင်ခြေမပေးနဲ့။*

ရွေးချယ်ပြီးပြီ ဆုံးဖြတ်ပြီးပြီဆိုတာနဲ့ ဆင်ခြေပေးလို့မရတော့ဘူး။
စမ်းကြည့်ဦးမယ်လုပ်လို့ မဖြစ်တော့ဘူး။ မဖြစ်ဖြစ်အောင် လုပ်ဖို့ပဲရှိတော့တယ်။
မြန်မာရာဇ၀င်မှာ ဘုရင့်နောင်ရဲ့ နောင်ရိုးတိုက်ပွဲ ကြားဖူးမှာပေါ့။ ဖောင်တွေ
လှေတွေ အကုန်မီးရှို့ပစ်တော့ ဆုတ်လမ်းမရှိတော့ဘူး။ သေ-မြေကြီး၊ ရှင်-ရွှေထီး
စိတ်ဓာတ်နဲ့ အနိုင်တိုက်တော့တယ်။ ကမ္ဘာ့သမိုင်းမှာလည်း ဒါမျိုးတွေရှိပါတယ်။
ကျူးဘားကနေ မက္ကစီကိုကို သင်္ဘော ၁၁ စီးနဲ့ ချီတက်တိုက်ခိုက်တဲ့ “ကော်တီ” ဆိုတဲ့
ရေကြောင်းဗိုလ်ချုပ်ဟာ မက္ကစီကို ကမ်းခြေလည်းရောက်ရော သင်္ဘောအားလုံး
မီးရှို့ပစ်ခဲ့ဖူးတယ်။

ဂျာမန်ကဗျာဆရာကြီး “ဂိုသီ” ရဲ့ ဟောဒီကဗျာလေးကို ဖတ်ကြည့်လိုက်ပါ။
- အိပ်မက်ရှိရင် အကောင်အထည်ဖော်
- ဆုံးဖြတ်ပြီးရင် စ,လုပ်
- ရဲရင့်မှုထဲမှာ ပါရမီရှိ၊ စွမ်းအားလည်းရှိ၊ ပဉ္စလက်တန်ခိုးလည်း ရှိလေရဲ့

စတားဝါးရုပ်ရှင်ထဲက ဂျေဒိုင်သခင်ယိုဒါပြောတဲ့ စကားကိုလည်း အစဖော်လိုက်ပါဦးမယ်။
“လုပ်မယ်ဆိုလုပ်၊ မလုပ်ဘူးဆိုမလုပ်နဲ့၊ စမ်းကြည့်ဦးမယ်ဆိုတာ မရှိဘူး” ။ ဘ၀မှာ
“ရီဟာဆယ်” မရှိဘူးလို့ သတိပေးချင်တာ ဖြစ်ပါလိမ့်မယ်။

*သော့ချက် (၄) – အလှည့်အပြောင်းကို အသုံးချ၊ မကြောက်နဲ့၊ မရှောင်နဲ့။*

လူတစ်ယောက်ရဲ့ ဘ၀ဖြတ်သန်းချိန်မှာ အလှည့်အပြောင်းကာလတွေ ရှိတတ်ပါတယ်။
အကောင်းရော အဆိုးရောပေါ့။ ဥပမာ ဒါမျိုးတွေ …။
- စာသင်နှစ်အစ သို့မဟုတ် စာသင်နှစ်အဆုံး
- စာမေးပွဲအောင်ခါစ သို့မဟုတ် စာမေးပွဲကျခါစ
- ရည်းစားရခါစ သို့မဟုတ် ရည်းစားနဲ့ကွဲခါစ
- အိမ်ထောင်ကျခါစ သို့မဟုတ် အိမ်ထောင်ဘက်နဲ့ ကွာကွာရခိုက်
- မွေးဖွားခြင်းနဲ့ ကြုံရခိုက် သို့မဟုတ် သေဆုံးခြင်းနဲ့ ကြုံရခိုက်
- ရာထူးတိုးခါစ သို့မဟုတ် ရာထူးကျခါစ
- ချမ်းသာချိန် သို့မဟုတ် ဆင်းရဲချိန်

အောင်မြင်မှုကို မသာယာဖို့ လိုသလို ဆုံးရှုံးမှုမှာလည်း
စိတ်ပျက်ချောက်ချားနေလို့ မဖြစ်ပါဘူး။ ကြုံလာတဲ့ အပြောင်းအလဲတိုင်းကို
ဘ၀ခရီးအတွက် တွန်းအားအဖြစ် သဘောယူနိုင်ကြဖို့ပါ။

*သော့ချက် (၅) – အပြန်အလှန် အမှီသဟဲပြု၊ တစ်ကိုယ်တော် သူရဲကောင်းမလုပ်နဲ့။*

တောင်မြင့်မြင့်ကြီးတွေကို တက်ကြတဲ့အခါ တောင်တက်အဖွဲ့ဝင်တွေဟာ
တစ်ယောက်ခါးကိုတစ်ယောက် ကြိုးချည်ဆက်ထားရပါတယ်။ ဒါမှ တစ်ယောက်ယောက်
ခြေချော်လက်ချော် ဖြစ်ခဲ့ရင် ကယ်နိုင်မှာကိုး။ ဒီလိုပါပဲ။ ဘ၀ရဲ့ တချို့သော
ပန်းတိုင်တွေဟာ တောင်ထိပ်တွေလို မြင့်မားတတ်တာမို့ တစ်ကိုယ်တော်
သူရဲကောင်းစိတ်နဲ့ ချွန်လုပ်လို့ မရပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်
အမှီသဟဲပြုပြီး ၀ိုင်းဝန်းကြိုးစားရပါတယ်။

သင့်ရဲ့ ပန်းတိုင်ကို သွားရာမှာ အရေးကြီးတဲ့ သော့ချက်တွေကို ဖော်ပြပြီးပါပြီ။
ဒီသော့ချက်တွေကို အသုံးပြုပြီး မိမိဘ၀ရဲ့ ပန်းတိုင်များသို့
အရောက်လှမ်းနိုင်တဲ့သူတွေ ဖြစ်ကြပါစေ။

*The 7 Habits of Highly Effective Teens by Sean Covey* ကို*
ကျော်ဝင်း*ဘာသာပြန်သော
* နှစ်ဆယ့်တစ်ရာစုသားရွှေဥ* စာအုပ်မှ ထုတ်နှုတ်သည်။
Credit: Your Life Success
(www.yourlifesuccess.blog.com

Thursday, April 18, 2019

What matter most is how you see yourself. ကိုယ့်ကိုယ်ကိုယ် ဘယ်လိုခံစားမိသလဲဆိုတာ ကိုယ့်ရဲ့ လက်ထဲမှာပဲ ရှိပါတယ်။

မှန်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ကြည့်ပြီး ဒီလို ပြောခဲ့ဖူးသလား။
‘ ငါ့ရဲ့ မျက်နှာက ဒါမျိုးမဟုတ်ရင်၊ ကိုယ်လုံးက ဒါမျိုးမဟုတ်ရင်၊ နှာခေါင်းက ဒါမျိုးမဟုတ်ရင် ကောင်းမှာပဲ ’
ကိုယ့်ဘ၀ကိုယ် ပြန်တွေးပြီး ဒီလိုပြောခဲ့ဖူးသလား။
‘ ဘာကြောင့်များ တခြားလူတွေက သိပ်ပြီး ပါရမီထူးနေကြ၊ ဥာဏ်ရည်တွေ ထက်မြက်နေကြတာလဲ ’
‘ ငါ သူတို့လို စိတ်ချမ်းသာမှုရအောင် ဘယ်လို လုပ်နိုင်မလဲ ’
ကျနော်တို့ အတော်များများမှာ ဒီလိုအတွေးမျိုးတွေ ရှိကြပါတယ်။
ဒါပေမဲ့ ဒီနေရာမှာ အလွန်အရေးကြီးတဲ့အချက်က -
ပင်ကို အရည်အချင်းရှိတာ၊ ရုပ်ရည်ချောမောတာ အလွန်အသုံးကျပါတယ်။ သို့ပေမယ့် ဥာဏ်ကောင်းသူတွေ၊ ရုပ်ရည်ချောမောသူတွေ ကမ္ဘာတစ်ဝန်းမှာ အများကြီးပဲ။ အဲဒီလူတွေကို ကျနော်တို့ အားကျနေဖို့ မလိုပါဘူး။ တချို့သော ဥာဏ်ကောင်းသူတွေ၊ ရုပ်ချောသူတွေဟာ စိတ်ကသိကအောက်ဖြစ်စရာတောင် ကောင်းသေးတယ်။
အေဘရာဟမ် လင်ကွန်း၊ မာသာ ထရီဇာနဲ့ မဟတ္တမ ဂန္ဒီတို့လို သမိုင်းမှာ လူကြည်ညို လေးစားခံရသူတွေဟာ ရုပ်ရည်လည်း မချောကြပါဘူး။ ဥာဏ်လည်း အထူးကောင်းသူတွေ မဟုတ်ကြပါဘူး။
ရည်ရည်ချောတာ၊ ဥာဏ်ကောင်းတာတွေထက် ကျနော်တို့ တန်ဖိုးအထားဆုံး အရည်အချင်းတွေကတော့ ရိုးသားခြင်း၊ သတ္တိရှိခြင်း၊ ဇွဲရှိခြင်း၊ စိတ်ထားမွန်မြတ်ခြင်းနဲ့ မိမိကိုယ်မိမိ နှိမ့်ချခြင်းတို့ပဲ ဖြစ်ပါတယ်။
အဲဒီစာရင်းလေးကို ကြည့်လိုက်ပါ။ သင့်အနေနဲ့ စိတ်ဝင်စားစရာ တစ်ခုခု တွေ့ပါလိမ့်မယ်။ သင်ဟာ ဒီအရည်အချင်းတွေနဲ့ ပြည့်စုံပြီး မွေးဖွားလာတာ မဟုတ်ပါဘူး။ ဒီအရည်အချင်းတွေရအောင် ပြုစုပျိုးထောင်ယူရပါမယ်။
ဘယ်သူကမဆို ဒီအရည်အချင်းတွေ ရှိလာနိုင်ပါတယ်။
ကိုယ်တကယ်လိုချင်ရင် ဒါတွေ ရနိုင်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် ရိုသေလေးစားမှုနဲ့ တခြားသူတွေက ကိုယ့်ကို ရိုသေလေးစားဖို့အတွက် ဥာဏ်ပညာ ထက်မြက်ထူးချွန်နေဖို့ ဒါမှမဟုတ် စူပါမော်ဒယ်လ်ဖြစ်နေဖို့ မလိုပါဘူး။
ကိုယ်ပိုင် ရိုးသားမှု၊ ဆုံးဖြတ်နိုင်မှု၊ စိတ်ထားမွန်မြတ်မှု၊ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနိုင်မှုနဲ့ သတ္တိရှိမှုတို့ကို ကိုယ့်ဘာသာကိုယ် ပြုစုပျိုးထောင်ဖို့ပဲ ဖြစ်ပါတယ်။
ဒါကို ဂုဏ်အင်္ဂါရပ်လို့ ခေါ်ပါတယ် ။


( yourlifesuccess blog မှ)

ဒီ​နေ့အတွက်​​တော့

ဒီ​​နေ့အတွက်တော့
*****************************************************************

(၁) သည်နေ့အတွက် ငါ ပျော်ပျော်နေမယ်။
(ဤအကြံသည် အမေရိကန် သမ္မတကြီး အေဗရဟင်လင်ကွန်း ပြောသော ” လူတို့သည် မိမိတို့ စိတ်ပိုင်းဖြတ်ထားသလောက်သာ ပျော်ရွှင်ကြသည် ” ဟူသော စကားနှင့် ကိုက်ညီပေသည်။ ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှုမှာ အပြင်အပက လာသည်မဟုတ။ မိမိ၏ ကိုယ်တွင်းသန္တန်မှသာ လာနိုင်သည်။ )

(၂) သည်နေ့အတွက်တော့ ငါ ဖြစ်သမျှကို လက်ခံမယ်။ ငါဖြစ်ချင်တာမဖြစ်တိုင်း အတင်း မဖြစ်မကျယ် မလုပ်ဘူး။ ငါ သည်နေ့တော့ ငါ့သားမယား၊ ငါ့အလုပ်အကိုင် ၊ ငါ့ဖြစ်သမျှအကြောင်းတို့နဲ့ ညီညွတ်အောင်နေမယ်။ ငါ့အလိုအတိုင်း ကတောက်ကဆ မဖြစ်စေရဘူး။

(၃) သည်နေ့အတွက်တော့ ငါ့ကိုယ်ကာယကို ငါ ဂရုစိုက်မယ်။ အညောင်းအညာဖြေမယ်။ အာဟာရဖြစ်အောင် စားသောက်မယ်။ ငါ့ကိုယ်ကာယကို ပစ်မထားဘူး။ အလွဲမသုံးစားဘူး။ အဲသည်ကိုယ်ကာယကို ကျကျနနထားမှ ငါ့စိတ်တိုင်းကျလုပ်ငန်းကို လုပ်ဆောင်နိုင်ပေမယ်။

(၄) သည်နေ့အတွက်တော့ ငါ့စိတ်အင်အား တိုးအောင်ကြိုးစားမယ်။ အဖိုးတန်တဲ့ ပညာဗဟုသုတကို ဆည်းပူးမယ်။ ငါ့စိတ်ကို အလေမခံဘူး။ တွေးရ၊ မှတ်ရ၊ ကြံရတဲ့စာမျိုးဖတ်ပြီး စိတ်ကို တည်ငြိမ်အောင် လုပ်မယ်။

(၅) သည်နေ့အတွက်တော့ ငါ ကောင်းမှုပြုမယ်။ သူတစ်ပါးကို ကောင်းမှုဆောင်မယ်။ သူ ကျေးဇူးတင်ရုံကလေးမဟုတ်ဘဲ တကယ့်စေတနာနဲ့ ဆောင်ရွက်ပေးမယ်။ ငါ မလုပ်ချင်တဲ့အလုပ်ကို အနည်းဆုံး နှစ်ခုတော့ လုပ်မယ်။ သည်းခံနိုင်အောင်ကျင့်တဲ့ နည်းအဖြစ်နဲ့ လုပ်ရလိမ့်မယ်။

(၆) သည်နေ့အတွက်တော့ ငါ သူတစ်ပါးနဲ့တည့်အောင်နေမယ်။ ငါ့မျက်နှာ ကြည်လင်နိုင်သမျှ ကြည်လင်အောင် ထားမယ်။ အ၀တ်အစား သန့်သန့်ရှင်းရှင်း ၀တ်မယ်။ စကားကို ညင်ညင်သာသာ ပြောမယ်။ ယဉ်ယဉ်ကျေးကျေး ပြုမူမယ်။ သူတစ်ပါးကို ချီးကျူးမယ်။ မနှိမ်ဘူး။ အပြစ်မရှာဘူး။ ဘယ်ကိစ္စမှာဖြစ်ဖြစ် အာဏာသံနဲ့ မပညတ်ဘူး။

(၇) သည်နေ့အတွက်တော့ ဒီနေ့မှာရှိတဲ့ ကိစ္စတွေလောက်သာ စဉ်းစားဆောင်ရွက်မယ်။ နောင်ရေးလဲ တွေးမပူဘူး။ နောက်ကဖြစ်ခဲ့တာတွေလည်း တွေးပြီး မဆွေးဘူး။ သည်ကနေ့ကိစ္စကို သည်နေ့ပြီးအောင် ပိုင်းဖြတ်ပြီးလုပ်မယ်။

(၈) သည်နေ့အတွက်တော့ ငါ အလုပ်ကို အစဉ်အတိုင်းလုပ်မယ်။ တစ်နေ့လုံးအတွက် နာရီတိုင်းဘာလုပ်မယ်ဆိုတာကို ရေးချထားမယ်။ ရေးထားတဲ့အတိုင်း တစ်သဝေမတိမ်း လုပ်မယ်တော့ မဟုတ်ဘူး။ အကြောင်းသင့်သလို လုပ်ရမှာပေါ့။ ဒါပေမယ့် လုပ်ငန်းစဉ်ကလေးကတော့ လုပ်ထားမယ်။ ကတိုက်ကရိုက်ဆိုတာရယ်၊ ချီတုံချတုံဆိုတာရယ် အဲသည်နှစ်ခုဟာ အဖျက်အဆီးတွေပဲ။ သည်အဖျက်အဆီးတွေကို ချေမှုန်းပစ်လိုက်မယ်။

(၉) သည်နေ့အတွက်တော့ နာရီဝက်လောက် တစ်ကိုယ်တည်း ကို်ယ်ရောစိတ်ရော အညောင်းအညာဖြေဖို့ အနားယူမယ်။ အဲသည်တော့မှ ငါ့ဘ၀အကြောင်း ငါ ပြန်ပြီးသုံးသပ်ဖို့ ဥာဏ်ပွင့်လန်းလာမယ်။

(၁၀) သည်နေ့အတွက်တော့ ငါ ကြောက်စိတ်ကို ဖျောက်ပစ်မယ်။ ပျော်ပျော်နေဖို့ မကြောက်ဘူး။ မေတ္တာတရားပွားများဖို့ မကြောက်ဘူး။ ကိုယ်မေတ္တာပွားသလောက် သူတစ်ပါးကလည်း ကိုယ့်ကို မေတ္တာထားကြလိမ့်မယ်လို့ ယုံကြည်ရမှာ မကြောက်ဘူး။
--------------------------------------------------------------------------------------
( How To Stop Worrying And Start Living by Dale Carnegie ကို ဆရာကြီးတက်တိုး ဘာသာပြန်သော သောကကင်းဝေး နေနိုင်ရေး စာအုပ်မှ ထုတ်နှုတ်သည် )http://yourlifesuccess.blog.com/page/4/

အလေ့အကျင့်ဆိုး တစ်ခုကို ဖျောက်ခြင်း

အလေ့အကျင့်ဆိုး တစ်ခုကို ဖျောက်ခြင်း

” အလေ့အကျင့်ဆိုးတွေဟာ မနက်ဖြန်မှာထက် ဒီကနေ့ ဖျောက်ဖျက်ပစ်ဖို့ ပိုပြီးလွယ်ကူပါတယ် ”
- ဂျူး စကားပုံ
” လူတို့သည် သဘာဝချင်း၌ တူညီကြ၏။ သူတို့ကို မတူညီအောင် ပြုလုပ်သည်မှာ သူတို့၏ အလေ့အကျင့်များပင် ဖြစ်သည်”
- ကွန်ဖျူးရှပ်စ်
ကျနော်တို့အများစုမှာ မကောင်းဘူးလို့ကျနော်တို့ကိုယ်တိုင် ယူဆကြတဲ့ အလေ့အကျင့်ဆိုးတွေ ရှိကြတယ်။ ပြီးတော့ အဲဒီအလေ့အကျင့်တွေကို ဖျောက်ဖျက်လိုကြတယ်။ ဒါပေမဲ့ သင် ဘယ်လိုလုပ်မလဲ?
ကျနော်နဲ့ ကျနော့်မိတ်ဆွေတွေအတွက် အထောက်အကူပြုခဲ့တဲ့ နည်းလမ်းတချို့ကို ဒီကနေ့ ကျနော် မျှဝေလိုပါတယ်။
ဟောဒီမှာ – သင့်ကို အလေ့အကျင့်ဆိုးတစ်ခုကို ဖျောက်ဖျက်နိုင်ဖို့ အကူအညီပေးမယ့် နည်းလမ်း ၈ ခု

၁။ သင့် မိသားစုနဲ့ သင့်မိတ်ဆွေတွေကို ပြောပြပါ
သင်ဟာ သင့်ပတ်ဝန်းကျင်မှာရှိတဲ့လူတွေကို သင် ဆေးလိပ်ဖြတ်တော့မယ်၊ ဒါမှမဟုတ် တစ်ပတ်မှာ နှစ်ရက်ပဲ Facebook သုံးမယ် စသဖြင့် ပြောတဲ့အခါ သူတို့က သင့်ကို စောင့်ကြည့်ကြလိမ့်မယ်။ ဒီတော့ သင်မှာ ဖိအားတစ်ခု ရှိလာပြီဖြစ်တဲ့အတွက် သင်ပေးထားတဲ့ကတိကို တည်အောင်လုပ်ရပါတော့မယ်။ သင့်ကို အထောက်အကူပြုမယ့် ဒါမှမဟုတ် သင့်အပေါ်မှာ ပုံမှန်သဘောထားရှိတဲ့သူတွေကို သင်ဖျောက်ဖျက်ချင်တဲ့ အလေ့အကျင့်အကြောင်းကို ပြောပြဖို့ ကျနော်တိုက်တွန်းလိုပါတယ်။ သင့်အပေါ် မကောင်းတဲ့သူတွေကို သွားပြောရင်တော့ သင့်အတွက် ပိုပြီး အခက်တွေ့စေပါလိမ့်မယ်။
၂။ နာကျင်မှုဖြစ်အောင်လုပ်ပါ
ဒါက လူတိုင်းအတွက်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အလေ့အကျင့်ဆိုးတစ်ခုကို ဖျောက်ဖျက်ပစ်ဖို့အတွက် အလွန်အသုံးဝင်တဲ့ နည်းလမ်းတစ်ခုပါ။ သင်ဟာ သင်ဖျောက်ဖျက်ချင်တဲ့ အလေ့အကျင့်နဲ့ပတ်သက်ပြီး စိတ်ထဲမှာ နာကျင်မှုတစ်ခုဖြစ်လာအောင် လုပ်ရပါမယ်။ သင့်ကိုယ်သင် မေးပါ။ အဲဒီအလေ့အကျင့်ဆိုးကို မဖျောက်ရင် သင့်မှာ ဘယ်လို ဆိုးကျိုးတွေ ဖြစ်လာမလဲ? သင့်ဘ၀ကို ဒီအတိုင်းပဲ နေသွားတော့မှာလား? အဲဒီအလေ့အကျင့်ဆိုးကြောင့် သင်ဘာတွေ ထိခိုက်နစ်နာခဲ့ရပြီးပြီလဲ? စသဖြင့် အဲဒီအလေ့အကျင့်ဆိုးနဲ့ ပတ်သက်ပြီး နာကျင်လာအောင် လုပ်ပါ။ စိတ်ထဲမှာ ပိုပြီးနာကျင်လာလေ၊ အဲဒီအလေ့အကျင့်ကို ပိုပြီး စွန့်လွှတ်ချင်လေပါပဲ။
ဒါမှမဟုတ် တစ်ယောက်ယောက်ကို ကတိပေးဖို့စဉ်းစားပါ။ ဥပမာ – သင် ဆေးလိပ်တစ်လိပ်သောက်မိရင် သင့်ရဲ့ သူငယ်ချင်းကို ပိုက်ဆံငါးရာပေးမယ်လို့ ကတိပေးပါ။ ဒါဆိုရင် သင်ဟာ ဆေးလိပ်တစ်လိပ်သောက်မိတိုင်း သင့် သူငယ်ချင်းကို ပိုက်ဆံငါးရာပေးရမှာဖြစ်တဲ့အတွက် နောက်ဆုံးမှာတော့ ဆေးလိပ်သောက်တဲ့ အကျင့်ကို စွန့်လွှတ်နိုင်ပါလိမ့်မယ်။
၃။ သင် သွားချင်တဲ့နေရာကို ရောက်ပြီးတဲ့သူတွေရဲ့ စကားကို နားထောင်ပါ
သင့်ရဲ့ပြဿနာနဲ့ပတ်သက်ပြီး စစ်မှန်တဲ့အကြံဥာဏ် မပေးနိုင်တဲ့သူတွေ ဒါမှမဟုတ် အမှန်တကယ်လက်တွေ့မရှိတဲ့သူတွေကို နားထောင်ရမှာ မဟုတ်ပါဘူး။ လက်တွေ့ဘ၀မှာ အမှန်တကယ်အသုံးကျမယ့် အကောင်းဆုံးအကြံဥာဏ်ကို ရဖို့က အရေးကြီးပါတယ်။ သင့်ပတ်ဝန်းကျင်က လူတွေထံမှာ ရှာဖွေပါ။ သင့်အတွက် အမှန်တကယ် အသုံးဝင်မယ့်၊ စိတ်ချရတဲ့ စာအုပ်ကောင်းတွေ၊ Blog တွေ၊ Forum တွေမှာ ရှာဖွေပါ။
၎။ ဒါက နောက် ငါးနှစ် ဆယ်နှစ်မှာ ဘာဖြစ်နိုင်မလဲ?
သင့်ရဲ့အနာဂတ်ကို သင့်စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း မြင်အောင်ကြည့်ပါ။ သင် ဘယ်ကို သွားမှာလဲ? အကြွေးတွေ၊ နှလုံးရောဂါတွေ၊ ကျန်းမာရေးမကောင်းမှုတွေနဲ့ အမျိုးမျိုးသော ကန့်သတ်ချက်တွေဆီကို သင့်အနာဂတ်က ဦးတည်နေသလား? ဒါမှမဟုတ် သင်ဟာ တစ်ခုခုမှ အပြောင်းအလဲမလုပ်ဘူးဆိုရင် ရောက်သွားမယ့် နေရာဆီကိုလား? ပြီးရင်တော့ – သင်ဟာ အပြုသဘောဆောင်တဲ့ အပြောင်းအလဲတစ်ခု လုပ်ပြီးတဲ့အခါ သင်ရောက်သွားမယ့် နေရာကို စိတ်ကူးကြည့်ပါ။
သင် အပြောင်းအလဲလုပ်မယ်ဆိုရင် နောက် ငါးနှစ် ဆယ်နှစ်မှာ သင့်အတွက် ကောင်းတဲ့အရာတွေ၊ နှစ်သက်ဖွယ် အရာတွေ ဘာတွေဖြစ်လာမလဲ? ဒါတွေအားလုံးကို သင့်စိတ်ထဲမှာ မြင်အောင်ကြည့်ပါ။ အဲဒီနောက် – ကောင်းတဲ့အကျိုးဆက်တွေနဲ့ မကောင်းတဲ့အကျိုးဆက်တွေကို ချရေးပါ။ ပြီးတော့ သင် အလေ့အကျင့်ဆိုးတစ်ခုကို စွန့်လွှတ်ရမလား၊ ဒါမှမဟုတ် နေ့ရက်ဟောင်းတွေဆီပဲ ပြန်သွားမလားလို့ ဆုံးဖြတ်ရတဲ့အခါတိုင်း အဲဒီစာရင်းကို ပြန်ကြည့်ပါ။
၅။ ဖြားယောင်း ဆွဲဆောင်မှုတွေကို ရှောင်ရှားပါ
သင့်ရဲ့ အလေ့အကျင့်ဆိုးကို ဘယ်ဟာက စတင်ဖြစ်ပေါ်စေတာလဲဆိုတာ သိပါ။ သင် ပိုက်ဆံတွေ အများကြီး သုံးဖြစ်တဲ့ နေရာတွေ၊ သင့်အိမ်မှာ မရှိသင့်တဲ့၊ သင့်အတွက်လည်း ဘာမှအသုံးမကျတဲ့ ပစ္စည်းတွေ၊ ပြီးတော့ သင့်ကို အဲဒီအလေ့အကျင့်ဆိုးတွေဆီ ဆွဲခေါ်နေတဲ့သူတွေ။
၆။ အစားထိုးပါ
သင်ဟာ တစ်ခုခုကို ရပ်လိုက်ပြီဆိုရင် သင့်ဘ၀မှာ နေရာတစ်ခု လစ်လပ်သွားပါတယ်။ အဲဒီနေရာလွတ်မှာ အလေ့အကျင့်သစ်တစ်ခုနဲ့ အစားထိုးလိုက်ရင် အရင် အလေ့အကျင့်ဟောင်း ပြန်ဖြစ်လာဖို့ဆိုတာ မလွယ်ကူတော့ပါဘူး။ သင်ဟာ ဗိုက်ဆာတိုင်းအခါတိုင်း အာလူးကြော်တွေ၊ ချိုချဉ်တွေစားတတ်တယ်ဆိုပါစို့။ အဲဒီအစား သင် ဗိုက်ဆာတဲ့အခါတိုင်း သစ်သီးတွေနဲ့ အစေ့အဆံတွေကို စားခြင်းဖြင့် အစားထိုးလိုက်ပါ။ ဒါမှမဟုတ် သင်ဟာ Facebook နဲ့ အင်တာနက်ကို ညနေတိုင်း သုံးနေတာကို ရပ်ဖို့အတွက်၊ စာအုပ်တွေ ပိုဖတ်ခြင်း၊ သင်တန်းတစ်ခုတက်ခြင်း၊ သို့မဟုတ် အားကစားတစ်ခုပြုလုပ်ခြင်းဖြင့် အစားထိုးပါ။
၇။ တစ်ကြိမ်မှာ တစ်ခု
သင့်ဘ၀ကို တစ်ခါတည်းနဲ့ လုံးဝပြောင်းလဲပစ်လိုက်ဖို့ဆိုတာ ကောင်းတဲ့စိတ်ကူးတစ်ခုလို့ ထင်ရပါတယ်။ စူပါမင်း (Superman) ဖြစ်ဖို့ ဒါမှမဟုတ် အံ့ဖွယ် အမျိုးသမီးတစ်ယောက်ဖြစ်ဖို့ မကြိုးစားပါနဲ့။ အစစ်အမှန် ဘ၀အောင်မြင်မှု တိုးတက်စေဖို့ တစ်ကြိမ်မှာ အလေ့အကျင့်တစ်ခုကိုသာ ပြောင်းလဲပါ။
၈။ အလွန်အမင်း ပြင်းပြင်းထန်ထန် မဖြစ်ပါစေနဲ့
သင်ဟာ သင့်ရဲ့အလေ့အကျင်းဆိုးတစ်ခုအကြောင်းကို တစ်ချိန်လုံးတွေးနေမယ်၊ တစ်နေ့လုံးပြောဆိုနေမယ်ဆိုရင်၊ အဲဒီအကျင့်ကို ဖျောက်ဖို့ရာဟာ အလွန်အမင်းကြီးမားတဲ့ အရာတစ်ခုလို ဖြစ်နေပါလိမ့်မယ်။ သင့်ရဲ့ နေ့ရက်တွေဟာ ပိုခက်ခဲလာပြီး စိတ်ဖိစီးမှုတွေလည်း ပိုများလာပါလိမ့်မယ်။ အဲဒီအစား၊ ရိုးရှင်းပါစေ။ သင် ဘယ်အလေ့အကျင့်ကိုပဲ ဖျောက်ချင်သည်ဖြစ်စေ၊ အဲဒီလိုမျိုး အခြားလူထောင်ပေါင်းများစွာတို့မှာလည်း ရှိခဲ့ကြတာပဲ၊ သူတို့လည်း အဲဒီအကျင့်ကို ဖျောက်ဖျက်ခဲ့ကြရတာပဲဆိုတာ သဘောပေါက်ပါ။ ဟုတ်ပါတယ်၊ တစ်ခေတ်ပြီးတစ်ခေတ် ပိုပြီး ခက်ခဲလာတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ လိုအပ်တာထက်ပိုပြီး ခက်ခဲအောင်လုပ်ဖို့တော့ မလိုပါဘူး။

http://yourlifesuccess.blog.com

လုပ်ချင်တာတွေ လုပ်နိုင်ဖို့၊ လုပ်သင့်တာတွေလည်း လုပ်နိုင်ဖို

ဝန်ခံရရင် လုပ်စရာရှိတာတွေကို ကိုယ်တို့ မလုပ်ချင်ပါဘူး။ အဲဒါတွေက ပျင်းစရာကောင်းတယ်လေ။ ဖြစ်နိုင်ရင် ကိုယ်လုပ်ချင်တာတွေကိုပဲ တစ်ချိန်လုံး ထိုင်လုပ်နေချင်တယ်။ ဒါပေမဲ့ ဒီလိုလုပ်လို့လည်း မဖြစ်ပြန်ဘူး။

ကဲ.. ဒါဆိုလည်း လုပ်သင့်တာတွေကိုပဲ လုပ်မယ်။ လုပ်ချင်တာတွေ တစ်ခုမှ မလုပ်ဘူး။ အဲ… ဒီလိုဆိုရင် ဘ၀ဟာ ပျော်စရာ ကောင်းပါတော့မလား။ ဘ၀က အလုပ်တာဝန်တွေနဲ့ပဲ ပိနေပြီး ပျော်စရာမကောင်းဘူးဆိုရင် နေရတာ မတန်တော့ဘူးလေ။

ဒီတော့ ကိုယ်တို့ရဲ့ ပြဿနာက – လုပ်ချင်တာတွေလုပ်နိုင်ဖို့၊ လုပ်သင့်တာတွေလည်း လုပ်နိုင်ဖို့။ ( လုပ်သင့်တာ ဆိုတာကြီးကို ကိုယ်က ထည့်ကို မပြောချင်ပါဘူး။ မတတ်သာလို့သာ ပြောနေရတယ်)

ဒီပြဿနာဟာ မင်းအတွက် တကယ်အရေးကြီးပါတယ်။ ဒီတော့ မင်းအတွက် အကြံဥာဏ်တချို့ ကိုယ်က ပေးချင်ပါတယ်။

၁။ မင်းရဲ့ အာရုံကို ဘာတွေက ဖမ်းစားနေသလဲ။ ဆိုလိုတာက မင်း ဘာတွေကို လုပ်ချင်သလဲ။ မင်းလုပ်ချင်တဲ့ အရာတွေကို စာရင်းချရေးကြည့်ပါ။ ကိုယ်လုပ်ချင်တာတွေကို ဥပမာအနေနဲ့ ပြောပြမယ်နော်။
- အင်တာနက်သုံး
- G talk, Facebook မှာ သူငယ်ချင်းတွေနဲ့ စကားစမြည်ပြော
- ၀ဘ်ဆိုဒ်၊ ဘလော့ဂ်တွေဖတ်
- အသစ်ထွက် ရုပ်ရှင်ကားတွေ ကြည့်
- နည်းပညာအသစ်တွေ လေ့လာ
- Your Life Success Blogအတွက် စာ ပုံမှန်ရေး
- သူငယ်ချင်းတွေနဲ့ လျှောက်လည်

ဒါ ကိုယ့်အနေနဲ့ပဲ ဥပမာ ပြောပြတာပါ။ မင်းအနေနဲ့ ကိုယ့်ရဲ့ စာရင်းထဲမှာ မပါတာတွေကိုလည်း ချရေးနိုင်ပါတယ်။

၂။ မင်းရဲ့စာရင်းကို ရေးပြီးလောက်ပါပြီ။ အဲဒီထဲက တစ်ခုချင်းစီကို ပြန်ကြည့်ပြီး ဒါ ငါတကယ်လုပ်ချင်တာ ဟုတ်ရဲ့လားလို့ မင်းကိုယ်မင်း ပြန်မေးကြည့်ပါ။ ပြီးတော့ မင်းတကယ်မလုပ်ချင်တာတွေကို ခြစ်ချပစ်လိုက်ပါ။
( ကိုယ်ကတော့ ကိုယ့်ရဲ့စာရင်းထဲက တစ်ခုမှ ပြန်မခြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါတွေက ကိုယ် တကယ်လုပ်ချင်တဲ့ အရာတွေမို့လို့ပါပဲ)

၃။ ကဲ.. အခုဆိုရင် မင်း တကယ်လုပ်ချင်တဲ့အရာတွေကို သိပါပြီ။ ဒါဆိုရင် ရှင်းပါတယ်။ မင်းရဲ့ စာရင်းထဲမှာ မပါတဲ့အရာတွေအတွက် အချိန်မပေးနဲ့ပေါ့။ ပြီးတော့ အရေးကြီးတာတစ်ခု ရှိပါတယ်။ မင်းရဲ့ အချိန်တွေဟာ အလွန်အဖိုးတန်ပါတယ်။ ဒီတော့ မင်းသူငယ်ချင်းတစ်ယောက်က မင်းကို ၀တ္ထုစာအုပ် အထူကြီးတစ်အုပ် လာပေးတယ်ဆိုပါစို့။ အဲဒီစာအုပ်ကြီးကို မင်းက မကြိုက်ဘူး။ မဖတ်ချင်ဘူး။ ဒါဆို မင်း ဘာလို့ ဖတ်နေမှာလဲ။ အဲဒီအတွက် ကုန်မယ့် အချိန်တွေမှာ မင်း ၀ါသနာပါတာ၊ မင်းရဲ့ စာရင်းထဲက မင်းလုပ်ချင်တာတစ်ခုခုကို လုပ်လိုက်ပေါ့။ ကိုယ်တို့အများစုဟာ ကိုယ်တကယ်မလုပ်ချင်တဲ့ အရာတွေနဲ့ အချိန်ကုန်နေတတ်ကြတယ်။ ကိုယ်တို့ရဲ့ နှလုံးသားတွေကို ကိုယ်တို့ ပြန်နားထောင်သင့်ပါပြီ။ (နေဦးနော်.. နောက်မှာ ကိုယ်ပြောချင်တာတွေ ကျန်သေးတယ်။ ကိုယ် ကတိပေးပါတယ်။ စာနည်းနည်းပဲ ကျန်တော့တာပါ။ ဆက်ဖတ်ကြည့်ပါဦး)

၎။ မင်းကိုယ်မင်း မေးကြည့်ပါ။ မင်းမှာ ဘာတွေ လုပ်စရာရှိသလဲ။ မင်းဟာ ကျောင်းသားတစ်ယောက်ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် လုပ်ငန်းခွင်အတွင်းကလည်း ဖြစ်ချင်ဖြစ်မယ်။ ဘာပဲဖြစ်ဖြစ်၊ မင်းမှာ လုပ်စရာတွေ၊ လုပ်သင့်တာတွေ ရှိမှာပေါ့။ အဲဒါတွေက မင်းဘ၀အတွက် အရေးကြီးပါတယ် (ကိုယ် တကယ်ပြောတာပါ)။ အဲဒါတွေကိုလည်း ချရေးကြည့်ပါ။

၅။ ၀န်ခံရရင် လုပ်စရာရှိတာတွေကို ကိုယ်တို့ မလုပ်ချင်ပါဘူး။ ဒါတွေဟာ ပျင်းစရာကောင်းတယ်လေ။ ဖြစ်နိုင်ရင် ကိုယ်လုပ်ချင်တာတွေပဲ တစ်နေကုန် ထိုင်လုပ်နေချင်တယ်။ ဒါပေမဲ့ ဒီလိုလုပ်လို့လည်း မဖြစ်ပြန်သေးဘူး။
ဒီတော့ မင်းကို ကိုယ်က အကြံဥာဏ်တစ်ခု ပေးချင်ပါတယ်။ အဲဒါကတော့ စာကြောင်းလေး နှစ်ကြောင်းထဲပါ။ ဒီစာမှာ ကိုယ်အဓိကပြောချင်တာကလည်း အဲဒီစာကြောင်းလေး နှစ်ကြောင်းပါပဲ။ အဲဒါ ကတော့ -
လုပ်ချင်တာကို ဦးစားပေးလုပ်၊
လုပ်သင့်တာကိုလည်း ပြီးအောင်လုပ်။

ဟုတ်ပါတယ်။ ဒီစာမှာ မင်းကို ကိုယ်ပြောချင်တာ ဒါပါပဲ။ အခုဆို မင်းတကယ်လုပ်ချင်တဲ့အရာတွေကို ချရေးပြီးပြီ။ မင်းလုပ်သင့်တာတွေကိုလည်း သိပြီ။ ဒီတော့ လုပ်ချင်တာကို ဦးစားပေးလုပ်၊ လုပ်သင့်တာကိုလည်း ပြီးအောင်လုပ်။ ဒါဆိုရင် မင်းဟာ နေ့ရက်တိုင်းကို ကျေနပ်ပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။

အရေးကြီးလို့မို့ နောက်တစ်ခါ ပြန်ပြောပါမယ်။
လုပ်ချင်တာကို ဦးစားပေးလုပ်၊
လုပ်သင့်တာကိုလည်း ပြီးအောင်လုပ်။

( ကိုးကား- REF: လုပ်ချင်တာတွေ လုပ်နိုင်ဖို့၊ လုပ်သင့်တာတွေလည်း လုပ်နိုင်ဖို့ by ကြည်မင်း )



Read More Happiness & Life Success Tips, Go To www.yourlifesuccess.blog

Lifestyle ပြောင်းလဲခြင်း


Lifestyle ပြောင်းလဲခြင်း


တစ်ခါ​တေ​လမှာ ကိုယ်လုပ်နေတာတွေကို ကိုယ်ကိုယ်တိုင် သဘောမကျတာမျိုးဖြစ်ဖူးသလား။ ဘ၀နေထိုင်မှု ပုံစံ (Lifestyle) တစ်ခုလုံးကို ပြောင်းလဲပစ်ချင်စိတ်တွေရော ဖြစ်ဖူးသလား။

မင်းအတွက် သတင်းကောင်းတစ်ခုရှိပါတယ်။ အဲဒါကတော့ -

မင်းဟာ မင်းရဲ့အကျင့်တွေထက် ပိုပြီး အားကြီးတယ်ဆိုတာပါပဲ။

ဒါကြောင့် မင်းမကြိုက်တဲ့အကျင့်တွေကို မင်းပြောင်းပစ်နိုင်ပါတယ်။

မှန်ထဲကို ကြည့်ပြီး ဒီလိုပြောလိုက် -

” ဟေး … မင်းရဲ့ အဲဒီအကျင့်တွေကို ငါမကြိုက်ဘူး ”

ပြီးရင် အဲဒီအကျင့်တွေကို ကောင်းတဲ့အကျင့်တွေနဲ့ အစားထိုးလိုက်ပေါ့။ လွယ်တော့ မလွယ်ဘူးပေါ့လေ။ ဒါပေမဲ့ မင်းမလုပ်နိုင်စရာ အကြောင်းမရှိပါဘူး။

ပြီးတော့ မင်းရဲ့ Lifestyle ကို ပြောင်းလဲဖို့အတွက် အရာရာ အစက ပြန်စဖို့မလိုပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ မင်းသိတဲ့ အကောင်းဆုံးနည်းတွေနဲ့ မင်းဘ၀ကို နေထိုင်ခဲ့ပြီးပြီလေ။ ဒါကြောင့် မင်းဘ၀ကို သုညက ပြန်စဖို့ မလိုပါဘူး။ မင်းအခုရောက်နေတဲ့ နေရာကနေပဲ စနိုင်ပါတယ်။



- မင်းမှာ ရှိနေတဲ့ မကောင်းတဲ့အကျင့်တွေ အားလုံးကို စဉ်းစားကြည့်လိုက်ပါ။ ဒါကို မင်းရဲ့ မြန်မာစာဆရာမကို စာစီစာကုံးအဖြစ် ရေးပြစရာမလိုဘူးနော်။ မင်းတစ်ယောက်တည်းပဲ ဖတ်မှာမို့ စိတ်ချလက်ချ ရေးချနိုင်ပါတယ်။

- ပြီးရင် မင်း အဲဒီအကျင့်တွေကို ဘာကြောင့်မကြိုက်သလဲ စဉ်းစားကြည့်ပါ။ အဲဒီအကျင့်တွေကို မင်းမကြိုက်တဲ့အကြောင်းရင်း၊ ပြီးတော့ အဲဒီအကျင့်တွေကြောင့် ဖြစ်လာမယ့် ဆိုးကျိုးတွေ အဲဒါတွေကို မင်း စဉ်းစားလို့ရသမျှ ချရေးပါ။ မင်း မကြိုက်တဲ့အချက်တွေ အများကြီးရလေလေ အဲဒီအကျင့်ကို မင်းပိုပြီး စွန့်လွှတ်ချင်လေပါပဲ။

- ပြီးရင် အဲဒီအကျင့်တစ်ခုချင်းစီကို မင်းဘယ်လိုစွန့်လွှတ်မလဲ။ ချက်ချင်းကြီး မဖြစ်နိုင်သေးရင် နည်းနည်းချင်း လျှော့ချနိုင်မယ့် နည်းလမ်းတွေကို စဉ်းစားကြည့်ပါ။

- အဲဒီအကျင့်တွေကို အစားထိုးဖို့ ဘယ်လိုမျိုး ကောင်းတဲ့အကျင့်တွေကို မင်းလိုချင်သလဲ။ ပြီးတော့ အဲဒါတွေကို လုပ်ဖို့ အချိန်တွေ ဘယ်လိုပေးမလဲ။

ကဲ.. အခုဆို မင်းရဲ့ အကျင့်ဆိုးတွေကို စွန့်လွှတ်ဖို့လည်း ဆုံးဖြတ်ပြီးပြီ။ မင်း လိုချင်တဲ့ အကျင့်ကောင်းတွေကိုလည်း မင်းသတ်မှတ်ပြီးသွားပြီ။

မင်း သတ်မှတ်ထားတဲ့ စံနှုန်းတွေအတိုင်း မင်းနေထိုင်တော့မယ်ဆိုတာ သေချာပါတယ်။

အရေးကြီးဆုံးအရာ

ဒီနေရာမှာ မင်းအတွက် အရေးကြီးဆုံးအရာတစ်ခု ရှိပါတယ်။ အဲဒါကတော့ စည်းကမ်း ဆိုတဲ့ အရာပါပဲ။

ဟုတ်ပါတယ်။ ဘာကိုပဲလုပ်လုပ် စည်းကမ်းဆိုတာ လိုတာပါပဲ။ မင်းရဲ့ Lifestyle ကို ပြောင်းလဲပစ်ဖို့လည်း စည်းကမ်းဆိုတာ လိုတာပဲပေါ့။

ဒါပေမဲ့ ကောင်းတာတစ်ခုက အဲဒီစည်းကမ်းတွေကို မင်းကိုယ်တိုင် ချမှတ်နိုင်တယ်ဆိုတာပါပဲ။ ဒါကြောင့် မင်းရဲ့စည်းကမ်းကိုတော့ မင်းကိုယ်တိုင် လိုက်နာရပါလိမ့်မယ်။

ဥပမာ- မင်း မနက် ၇ နာရီမှာ အိပ်ရာထဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် မဖြစ်ဖြစ်အောင်ထပါ။ ဒါဆို မင်းကိုယ်မင်း ယုံကြည်မှု ပိုရှိလာမယ်။ မင်းကိုယ်မင်း ပိုပြီး လေးစားလာမယ်။

တခြား ကိစ္စတွေမှာလည်း ဒီလိုပဲ မင်းဆုံးဖြတ်ထားတဲ့အတိုင်းသာ လုပ်သွားပါ။ မဖြစ်ဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ထားရင် ဘယ်အရာကမှ မင်းကို မနှောင့်ယှက်နိုင်တော့ပါဘူး။ ဒီလိုနဲ့ မင်းဟာ မင်းမကြိုက်တဲ့အကျင့်တွေအားလုံးကို စွန့်လွှတ်နိုင်လာပါမယ်။ ပြီးတော့ မင်းလိုချင်တဲ့ ဘ၀နေထိုင်မှုပုံစံ (Lifestyle) တစ်ခုကိုလည်း စိတ်တိုင်းကျ တည်ဆောက်နိုင်ပါလိမ့်မယ်။

အခုဆို မင်း စိတ်တိုင်းကျ Lifestyle တစ်ခု တည်ဆောက်တော့မယ်ဆိုတာ ကိုယ် ယုံကြည်ပါတယ်။ မင်း ဘယ်လိုမျိုး Lifestyle တစ်ခု တည်ဆောက်ဖို့ ကြိုးစားနေပါသလဲ။ အဲဒီလို တည်ဆောက်ရာမှာ မင်း ဘယ်လောက်အထိ အောင်မြင်နေပြီလဲ။ မင်းရဲ့ အတွေ့အကြုံတွေ၊ မင်းရဲ့ ခံစားချက်၊ ပြီးတော့ မင်းရဲ့အကြံဥာဏ်တွေကို တခြားသူတွေကို မျှဝေပါ။ ဒါဟာ အလွန်ကောင်းပါတယ်။ ဒီစာရဲ့အဆုံးမှာ Comment ရေးပြီးတော့ပဲဖြစ်ဖြစ်၊ Your Life Success Community မှာ ၀င်ရောက်ရေးသားပြီးတော့ပဲဖြစ်ဖြစ် မင်းရဲ့ အတွေ့အကြုံတွေ၊ စိတ်ကူးအကြံဥာဏ်တွေကို တခြားသူတွေကို မျှဝေပါ။ ပြီးတော့ သူတို့ဆီက ဝေဖန်ချက်တွေ၊ အကြံပြုချက်တွေ၊ အတွေ့အကြုံတွေ ကိုလည်း ပြန်လည်ရယူပါ။



For More and More Happiness & Life Success Tips,

Go to www.yourlifesuccess.blog.com

သင်ဟာ အောင်မြင်မှုကို ကြောက်နေသလား?


လူအများစု သူတို့ရဲ့ ရည်မှန်းချက်တွေကို မအောင်မြင်ကြတဲ့ အကြောင်းအရင်းတစ်ခုကတော့ ရှုံးနိမ့်မှာကို ကြောက်နေလို့ ဖြစ်ပါတယ်။ ဒါပေမယ့် သတိမပြုမိကြတဲ့အချက်တစ်ခုကို သင်သိပါသလား? အဲဒါကတော့ အောင်မြင်မှုကို ကြောက်ရွံ့ခြင်းပါပဲ။

ရှုံးမှာကို ကြောက်ခြင်းဟာ လူတွေကို မလှုပ်ရှားနိုင်အောင် လုပ်တယ်၊ ဆုံးဖြတ်ချက်တွေ မချနိုင်ဘူး၊ တစ်ခုခုကို မလုပ်ဆောင်နိုင်စေဘူး။ ဒီလိုစိတ်အခြေအနေမျိုးက သတိပြုမိဖို့လွယ်ကူပါတယ်။ အဲဒီစိတ်ကို ပြန်ပြီး ထိန်းချုပ်နိုင်ဖို့ စာအုပ်တွေလည်း အများကြီး ရှိနေပါတယ်။ ဒါပေမယ့် အောင်မြင်မှုကို ကြောက်ရွံ့ခြင်းကတော့ ပိုပြီး နက်နဲတယ်။ သတိထားမိဖို့ခက်တယ်။ ဖျောက်ဖျက်ပစ်ဖို့ကတော့ ပိုပြီး ခက်ခဲပါတယ်။

သင့်မှာလည်း အဲဒီလို ဖြစ်ချင်ဖြစ်လာနိုင်ပါတယ်။ အောင်မြင်မှုကို ကြောက်နေတယ်ဆိုတာကို ပြတဲ့ အချက်တွေကတော့ ဒီမှာပါ။
 •အောင်မြင်ရေး တက်ကျမ်းတွေ၊ တိုးတက်ရေး စာအုပ်တွေ အများကြီး ဖတ်တယ်၊ လေ့လာတယ်။ ဒါပေမယ့် သင့်ဘ၀က တိုးတက်မလာတဲ့အပြင် ပိုဆိုးလာနေတယ်။
 •သင်ဟာ သင့်ကိုယ်သင် သင်လုပ်နိုင်တယ်လို့ ထင်တာထက် လျှော့လုပ်နေတယ်။
 •ကိစ္စအသစ်တစ်ခုခုကို စိတ်အားထက်သန်မှုအပြည့်နဲ့ စလုပ်တယ်။ ဒါပေမယ့် ခဏလုပ်ပြီးတော့ မပြီးခင်မှာပဲ အားထုတ်မှုတွေ လျော့သွားတယ်၊ ဒါမှမဟုတ် ရပ်ပစ်လိုက်တယ်။


အပေါ်က ဖော်ပြထားတဲ့အချက်တွေထဲက သင်နဲ့တူတဲ့ အချက်တစ်ခုခု ရှိသလား။

အောင်မြင်မှုကို ကြောက်တဲ့စိတ်ဟာ သင့်ကို နောက်ပြန်ဆွဲထားလေ့ရှိတယ်။ ဒီအောက်က စာရင်းကို ကြည့်လိုက်ပါ။ ဒါတွေကတော့ အောင်မြင်မှုကို ကြောက်တဲ့စိတ်ရဲ့ အရိပ်လက္ခဏာတွေပါပဲ။

အချိန်ဆွဲခြင်း – လုပ်မှဖြစ်မယ့်အရာတွေကို အချိန်ရွှေ့ဆိုင်းတာ၊ ဒါမှမဟုတ် သင်လိုချင်တဲ့ရလာဒ်ကို ပေးနိုင်မှန်းသိပေမယ့် အဲဒီအလုပ်ကို အချိန်ဆွဲနေတာ။ လူတိုင်းလူတိုင်းဟာ တစ်ချိန်တစ်ခါတော့ သူတို့ကိုယ်တွင်းက အဲဒီ သရဲတစ္ဆေကို ကြုံဖူးကြတာပါပဲ။

အချိန်ဆွဲခြင်းဟာ အောင်မြင်မှုကို သတ်ပစ်တယ်။ သင်ဟာ ရှေ့ကို ခြေလှမ်းတစ်လှမ်းမှ မလှမ်းဘဲနဲ့ သင်ရည်ရွယ်ရာကို ဘယ်လိုရောက်ဖို့ မျှော်လင့်ပါသလဲ။ သင့်ရည်မှန်းချက်ကို ပိုပြီးနီးလာစေမယ့် ခြေလှမ်းငယ်လေးတွေကို နေ့စဉ်လုပ်ဆောင်ဖို့ ဆန္ဒပြင်းပြပါ။ လက်တွေ့ဆောင်ရွက်ပါ။ ဘယ်လိုဆောင်ရွက်မှုမျိုးပဲဖြစ်ဖြစ် စလုပ်ပါ။ သင်သွားနေစဉ်မှာ သင့်ခြေလှမ်းတွေကို ပြန်ဆန်းစစ်ပါ၊ ဒါပေမယ့် ဘာမှမလုပ်ဘဲ ထိုင်နေတာမျိုးတော့ မလုပ်ပါနဲ့။

လက်တွေ့လုပ်ဆောင်ခြင်းဟာ အောင်မြင်မှုတံခါးကို ဖွင့်မယ့်သော့ပါပဲ။ သင့်ရဲ့ လုပ်ဆောင်ခြင်းတွေက သင့်ကို သင့်ရည်မှန်းချက်နဲ့ ဝေးရာကို ခေါ်ဆောင်သွားရင်တောင်မှ သင်ဟာ ဘယ်ဟာက အလုပ်မဖြစ်ဘူးဆိုတာကိုတော့ အသိအမြင် ရလိုက်ပါလိမ့်မယ်။


ခြောက်ပစ်ကင်း သဲလဲစင် (perfect) ဖြစ်ဖို့ ကြိုးစားခြင်း – ဒါဟာလည်း အပေါ်က ဖော်ပြထားတဲ့အချက်နဲ့ အကျိုးသက်ရောက်မှုခြင်းက အတူတူပါပဲ။ သင်ဟာ ရှေ့ကို ရွေ့နိုင်မှာမဟုတ်ပါဘူး။


ပြဿနာများကိုပဲ မြင်ခြင်း – သင့်ရဲ့ အာရုံစူးစိုက်မှုကို သင် ဘယ်လိုအသုံးပြုပါသလဲ? သင်ဟာ အခက်အခဲတွေနဲ့ ပြဿနာတွေကိုပဲ အဆက်မပြတ် မြင်နေတတ်သလား။ ဒီလိုဆိုရင်တော့ နေ့ချင်းညချင်း ပြောင်းလဲဖို့ ကြိုးစားနေခြင်းဟာ အဓိပ္ပါယ်မရှိနိုင်ပါဘူး။ ဒါပေမယ့် ဒီစိတ်အခြေအနေကို သင့်ရဲ့ အောင်မြင်မှုအတွက် အသုံးချနိုင်တယ်။

“ပြဿနာတွေချည်းပဲ မြင်နေတဲ့စိတ်ကို အောင်မြင်မှုအတွက် ဘယ်လိုအသုံးချနိုင်လဲ” လို့ သင်က မေးမယ်။

ပြဿနာတွေကို ကြည့်ပါ။ ပြီးတော့ အဲဒါတွေကို ဖြေရှင်းနိုင်ဖို့ အစီအစဉ် (plan) တစ်ခုလည်း ကြိုပြင်ထားပါ။ တစ်ခုခုကို ကျော်လွှားနိုင်တဲ့အခါတိုင်း သင့်ကိုယ်သင် ချီးကျူးပါ။ နောက်ထပ် အခက်အခဲပြဿနာတွေကိုပဲ မြင်နေသေးတယ်ဆိုရင် တခြားပြဿနာတွေကိလည်း သင်ဘယ်လိုကျော်လွှားနိုင်ခဲ့တယ်ဆိုတာ သင့်ကိုယ်သင် သတိပေးပါ။ သင် ဘယ်လောက်ဝေးဝေး ရောက်ခဲ့ပြီဆိုတာ ကြည့်လိုက်ပါ။ ပြဿနာတွေကို အချက်အလက်ရှာဖွေဖို့ အသုံးပြုပါ။ ဒါဟာ အခုဖြစ်နေတဲ့ ပြဿနာလား။ ဒါဆို ဖြေရှင်းပါ။ ဒါဟာ ဖြစ်လာနိုင်တဲ့ ပြဿနာလား။ ဒါဆိုရင်တော့ အစီအစဉ်တစ်ခုကို လုပ်ထားပါ။ ပြင်ဆင်ထားပါ။ ဒါပေမယ့် အဲဒီပြဿနာရဲ့ အတွေးထဲမှာပဲ ညပ်မိမနေပါစေနဲ့။

သင့်ရဲ့ခရီးကို ပျော်ရွှင်ခံစားပါ။ အပေါ်က လမ်းညွှန်ချက်တွေအတိုင်း လိုက်သွားပါ။ သင်ဟာ အောင်မြင်မှုကို ရယူနိုင်ပါလိမ့်မယ်။ သင့်ရဲ့ ‘အောင်မြင်မှုကို ကြောက်တဲ့စိတ်’ တွေ နောက်ဆုံးတော့ ပျောက်ကွယ်သွားပြီး သင့်ရဲ့ တိုးတက်ရေးခရီးမှာ ရှေ့ကို အများကြီး ရောက်နေပြီးသား ဖြစ်ပါလိမ့်မယ်။


Ref: Are You Afraid of Success? by Ministry of Education, St. Kitts & Nevis

credit to--->http://yourlifesuccess.blog.com/2013/05/20/are-you-afraid-of-success/

Tuesday, October 17, 2017

ကိုယ့်ဘ၀ကိုယ် ချစ်ခင်လာဖို့ နည်းလမ်း ၁၀ ခု

သူတို့ဘ၀ကိုသူတို့ မုန်းတယ်ဆိုတဲ့လူတွေ ရှိပါတယ်။ သူတို့ဟာ သူတို့မှာရှိနေတဲ့အရာတွေနဲ့ မပျော်ရွှင်နိုင်ကြပါဘူး။ အကယ်၍ သင်လည်း အဲလိုပဲဖြစ်ခဲ့မယ်ဆိုရင် သင်ဟာ- ချမ်းသာမှ၊ အောင်မြင်မှ၊ မိတ်ဆွေအပေါင်းအသင်းတွေ အများကြီးရမှ၊ နာမည်ကျော်ကြားမှ၊ ပြီးပြည့်စုံတဲ့ မိသားစုရှိမှ ပျော်ရွှင်မယ်ဆိုတဲ့ လူတွေထဲက တစ်ယောက် ဖြစ်နေပါလိမ့်မယ်။  စိတ်မကောင်းစရာပါပဲ။ အဲလိုဆိုရင်တော့ မှားနေပါပြီ။ နောက်တစ်ကြိမ် “ ငါ့ဘ၀ကိုငါ မုန်းတယ် ” လို့ ပြောတဲ့အခါ သင့်ကိုယ်သင် မေးကြည့်ပါဦး။ ဒါဆို ငါသေရင် ပိုကောင်းမလား-လို့။ ဒီစကားက ကြမ်းတမ်းချင် ကြမ်းတမ်းလိမ့်မယ်။ ဒါပေမဲ့ တွေးရုံလေးပဲ တွေးကြည့်လိုက်ပါ။ သင်အသက်ရှင်နေသမျှ သင်ဟာ ပျော်ရွှင်နိုင်ပါတယ်။ ပြီးတော့ ဘ၀ကို ပိုကောင်းအောင်လုပ်နိုင်တဲ့အခွင့်အရေးလည်း အမြဲတမ်း ရှိပါတယ်။ ဟောဒီမှာ နည်းလမ်း(၁၀)ခု-

၁။ ဘ၀ရဲ့ ကောင်းတဲ့အရာတွေအပေါ်မှာ အာရုံစိုက်လိုက်ပါ

ဘ၀နဲ့ပတ်သက်လို့ ကောင်းတဲ့အရာတွေကို တစ်ခုမှ မစဉ်းစားနိုင်ဘူးဆိုရင်တော့ သင့်မှာ အဆိုးမြင်အတွေးတွေ ရှိနေဆဲပဲ။ အဲဒီအတွေးတွေကို ထွက်သွားခွင့်ပေးလိုက်ပါ။ သင့်ဘ၀ရဲ့ ဘယ်အရာတွေကို သင် တကယ်မြတ်နိုးသလဲ?

၂။ မကျေမနပ်မဖြစ်ပါနဲ့

ဘ၀ကို သင်မချစ်ဘူးဆိုရင်တောင်မှ အဲဒါကို တစ်ချိန်လုံး ပြောနေဖို့မလိုပါဘူး။ သင့်ဘ၀ကိုသင် မချစ်ဘူးလို့ ပြောလေလေ၊ အဲဒီ အနှုတ်လက္ခဏာအတွေးတွေက ပိုအားကောင်းလာလေလေပါပဲ။

၃။ သင့်ရဲ့ဘ၀ကို အခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့

သင့်ရဲ့ဘ၀ဟာ တခြားတစ်ယောက်ယောက်ရဲ့ဘ၀နဲ့ ဘယ်တော့မှ တစ်သမတ်တည်း မတူနိုင်ပါဘူး။ ကိုယ် မတတ်နိုင်တဲ့ အ၀တ်အစား ၀တ်တဲ့သူတွေ၊ ကိုယ်မစီးနိုင်တဲ့ကား စီးတဲ့သူတွေ၊ ကိုယ်မနေနိုင်တဲ့အိမ်မျိုးမှာ နေသူတွေကတော့ ကိုယ့်အနားမှာ အမြဲတမ်း ရှိနေမှာပါပဲ။ ဒါကို ကျင့်သားရအောင်လုပ်ပါ။ နေသားကျသွားပြီဆိုရင်တော့ ဘာမှ ပြဿနာမရှိတော့ပါဘူး။ တခြားတစ်ယောက်ယောက်ရဲ့ အောင်မြင်မှုကို သင့်ကိုယ်ပိုင် အောင်မြင်မှုရရှိဖို့အတွက် တွန်းအားတစ်ခုအဖြစ် အသုံးချနိုင်ပါတယ်။ ဒါပေမဲ့ သင့်မှာမရှိတဲ့အရာတွေအတွက်တော့ ဘယ်တော့မှ စိတ်မကောင်းမဖြစ်ပါနဲ့။

၎။ သင်တကယ် ချစ်မြတ်နိုးတဲ့အရာတွေကို ပိုလုပ်ပါ

သင့်ကို ပျော်ရွှင်စေမယ့်အလုပ်တစ်ခုခုကို အနည်းဆုံးတစ်ခုလောက်ဖြစ်ဖြစ် နေ့တိုင်းလုပ်ပါ။

၅။ ဘ၀ဟာ အမြဲတမ်းပြောင်းလဲနေတယ်ဆိုတာ အသိအမှတ်ပြုပါ

သင့်မှာ အလုပ်ကောင်းကောင်း မရလို့၊ ဒါမှမဟုတ် ငွေရေးကြေးရေးက သင်မျှော်မှန်းထားသလေက် အဆင်မပြေလို့ စိတ်ဓာတ်ကျနေတယ်ဆိုရင် သင့်ရဲ့ လက်ရှိအခြေအနေဟာ အခြေအနေတစ်ခုမျှသာဖြစ်တယ်လို့ လက်ခံပါ။ အရာအားလုံးဟာ ပြောင်းလဲကြပါတယ်။

Wednesday, September 27, 2017

ဟန်ချက်ညီတဲ့ဘဝ


ဟန်ချက်ညီတဲ့ဘ၀ဆိုတာ သင့်အတွက် ဘယ်လို အဓိပ္ပါယ်သက်ရောက်မှု ရှိပါသလဲ?

ဒါကို သင့်ကိုယ်သင် စဉ်းစားခဲ့ဖူးပါသလား?

ဟန်ချက်ညီတဲ့ဘ၀ဆိုတာကို သင်ကိုယ်တိုင် အဓိပ္ပါယ်ဖွင့်ဆိုထားတာမျိုး ရှိပါသလား။


 

လူတော်တော်များများကတော့ အဲဒါဟာ ဘာမှန်းမသိဘဲနဲ့တောင်မှ ဟန်ချက်ညီတဲ့ဘ၀ဆိုတာကို ရှာဖွေနေကြပါတယ်။သူတို့က ထင်ကြတယ်။ ဟန်ချက်ညီတဲ့ဘ၀ဆိုတာ စိတ်နဲ့ ခန္ဓာကိုယ်ရဲ့ အခြေအနေတစ်ခု၊ ဘယ်လိုအခြေအနေလဲဆိုတော့ မြင်ရသမျှ၊ ခံစားရသမျှဟာ တည်ငြိမ်နေ၊ ပြီးပြည့်စုံနေတဲ့ အခြေအနေတစ်ခုလို့ ထင်ကြတယ်။ အဲဒီလိုမျိုး အခြေအနေတစ်ခုဟာ အမှန်တကယ် ရှိနိုင်ပါသလား? သေချာပါတယ်၊ လုံးဝ မရှိနိုင်ပါဘူး။ ပြီးတော့ အဲဒီလိုမျိုး ဘ၀ပုံစံဟာ သင့်ကို ကြီးထွားလာစေမှာမဟုတ်၊ သင့်ရဲ့ ရည်မှန်းချက်တွေဆီကို ရောက်စေမှာမဟုတ်၊ ပြီးတော့ သင့်ကို လူသားတစ်ယောက်အဖြစ် ဖြစ်တည်လာဖို့တောင် ခွင့်ပြုမှာမဟုတ်တဲ့ ကံဆိုးမှုတစ်ခုပဲ ဖြစ်ပါလိမ့်မယ်။


တစ်ခါတစ်ရံမှာ တစ်ခုခုဟာ ဘာလဲဆိုတာကို ဖော်ပြဖို့ အကောင်းဆုံးနည်းလမ်းကတော့ အဲဒီအရာ မဟုတ်တဲ့ဟာတွေကို အရင်ဆုံး အဓိပ္ပါယ်ဖော်ကြည့်ခြင်းပါပဲ။ ဒါကြောင့် ဘာတွေက ဟန်ချက်ညီတဲ့ဘ၀ မဟုတ်ဘူးဆိုတာ ပြောပါရစေ။


ဟန်ချက်ညီတဲ့ဘ၀ဆိုတာ ဒါတွေ မဟုတ်ပါဘူး -

- နေ့စဉ်နေ့တိုင်း ပြီးပြည့်စုံတဲ့ perfect ဖြစ်တဲ့နေ့ရက်တွေကို ပိုင်ဆိုင်တာမျိုး မဟုတ်ဘူး


- နေ့စဉ်နေ့တိုင်း သင့်ရဲ့ အချိန်တွေ၊ ခွန်အားတွေအားလုံးကို သင့်ဘ၀ရဲ့ အစိတ်အပိုင်းအားလုံးမှာ အညီအမျှ      စူးစိုက်ထားတာမျိုး မဟုတ်ဘူး။


- သင့်ရဲ့ အချိန်စာရင်းထဲကို လုပ်စရာတွေအများကြီး ကျပ်သိပ်နေအောင် ထပ်ထည့်တာမျိုးမဟုတ်ဘူး။


- ဘယ်ပြဿနာကိုမဆို ဖြေရှင်းနိုင်တဲ့ မှော်အတတ်လည်း မဟုတ်ဘူး။


- တစ်ကြိမ်တစ်ခါရရှိပြီးတာနဲ့ သင့်ရဲ့ ဘ၀တစ်လျှောက်လုံးမှာ တည်မြဲနေမယ့်အရာမျိုး မဟုတ်ဘူး။


ဒါဆို ကျနော်တို့ ဒီမှာ ဘာကို ရှာဖွေနေကြတာလဲဆိုတာ သင် သိချင်နေလောက်ပါပြီ။ ကျနော် သင့်ကို ခေါင်းရှုပ်အောင် မလုပ်ခဲ့မိဘူးလို့ မျှော်လင့်ပါတယ်။


ဟန်ချက်ညီတဲ့ဘ၀ဆိုတာ -


A journeyပါ။

ဘာဖြစ်လို့လဲဆိုတော့ သင်ဟာ နေ့စဉ်နေ့တိုင်း ဟန်ချက်ညီအောင် နေထိုင်ဖို့ ခြေလှမ်းတွေကို ပြုလုပ်နေရလို့ပါပဲ။ နေ့စဉ်နေ့တိုင်း “တစ်ခုခု” ကတော့ သင့်ကို ဟန်ချက်ပျက်အောင် တွန်းထုတ်ပါလိမ့်မယ်။ (ပြီးတော့ အများအားဖြင့် အဲဒီ “တစ်ခုခု” ဆိုတာကပဲ အနိုင်ရပါလိမ့်မယ်။ ) ဒါပေမဲ့ အဲဒီလိုဖြစ်လာတဲ့အခါတိုင်းမှာ သင်ဟာ သင့်ရဲ့ဟန်ချက်ကို ရောက်အောင် ပြန်ထိန်းနိုင်ပါတယ်။


Attitudeတစ်ခုပါ။

ဘာဖြစ်လို့လဲဆိုတော့ ဟန်ချက်ညီတဲ့ဘ၀တစ်ခုကို နေထိုင်ခြင်းဆိုတာဟာ ဟန်ချက်ညီတဲ့စိတ်တစ်ခုကို ပိုင်ဆိုင်ခြင်းလို့ အဓိပ္ပါယ်ရလို့ပါပဲ။ သင့်အတွက် ပုံမှန်မဟုတ်တဲ့ ရွေးချယ်မှုတွေကို ပြုလုပ်ဖို့ သင့်ကိုယ်သင် ဖိအားမပေးနိုင်ဘူး။ လေ့ကျင့်မှုတွေ၊ သင့်ကိုယ်သင် ရှာဖွေခြင်းတွေကတစ်ဆင့် သင်ဟာ ဟန်ချက်ညီတဲ့ စိတ်တစ်ခုကို ဖန်တီးယူနိုင်ပါတယ်။ အမှတ်တစ်ခုကို ရောက်တဲ့အခါ သင်ဟာ ရလာဒ်တွေကို ရရှိပါလိမ့်မယ်။ ပြီးတော့ ကမ္ဘာကြီးတစ်ခုလုံးကို ဟန်ချက်ညီတဲ့ အရောင်တွေနဲ့ စ တွေ့ရပါလိမ့်မယ်။ ပြီးတော့ သင့်ရဲ့ ဟန်ချက်ညီတဲ့ Lifestyle အတွက် အထောက်အကူဖြစ်စေမယ့် ဆုံးဖြတ်ချက်တွေကို စတင် ချမှတ်နိုင်ပါလိမ့်မယ်။


Focusပါ။

ဘာဖြစ်လို့လဲဆိုတော့ သင့်ဘ၀ရဲ့ အစိတ်အပိုင်းတိုင်း (မိသားစု၊ ကျန်းမာရေး၊ အလုပ်၊ ငွေကြေး၊ ၀ါသနာ၊ လူမှုဘ၀နဲ့ ဘာသာအယူဝါဒ) အဲဒီအစိတ်အပိုင်းတိုင်းဟာ သင့်ရဲ့ အချိန်တွေနဲ့ အာရုံစူးစိုက်မှုတွေကို လိုအပ်ပါတယ်။ ပမာဏချင်းကတော့ မတူညီကြပါဘူး။ မိဘတစ်ယောက်ဟာ ကမ္ဘာပေါ်မှာ ရှိသမျှအရာတိုင်းထက် သူ့ရဲ့ ကလေးကို ပိုပြီး အာရုံစိုက်ပါလိမ့်မယ်။ ဘွဲ့ယူ ကျောင်းသားတစ်ယောက်ဟာ သူ့ရဲ့ စာတမ်းအတွက် သူ့ခွန်အားတွေအားလုံးကို စိုက်ထုတ်ပါလိမ့်မယ်။ ပင်စင်ယူပြီးတဲ့လူတစ်ယောက်ဟာ သူ့ရဲ့ ကျန်းမာရေးနဲ့ စိတ်နှလုံးသားကို အခြားအရာအားလုံးထက် ပိုပြီး အာရုံစိုက်ပါလိမ့်မယ်။ သင်ဟာ ဟန်ချက်ညီတဲ့ဘ၀တစ်ခုကို နေထိုင်တဲ့အခါမှာ သင့်ရဲ့ အာရုံကို မှန်ကန်တဲ့ လမ်းကြောင်းဘက်ကို အချိန်အတိုင်းအတာတစ်ခုအထိ ပြောင်းလဲနိုင်ပါတယ် ( တစ်ရက် ဒါမှမဟုတ် တစ်နှစ်လည်း ဖြစ်ချင်ဖြစ်မယ် ) အဲဒီလိုအခါမျိုးမှာ သင့်ဘ၀ရဲ့ အခြားအစိတ်အပိုင်းတွေကို လုံးဝ လျစ်လျူရှုစရာမလိုပါဘူး။


Core beliefပါ။

ဘာဖြစ်လို့လဲဆိုတော့ ဒီအခြေခံအုတ်မြစ်ကြီး မရှိဘဲနဲ့ သင်ဟာ ဟန်ချက်ညီမှုကို ဘယ်လိုမှ မတည်ဆောက်နိုင်လို့ပါပဲ။ သင်ရဲ့ စိတ်ဓာတ်တွေ မခိုင်မခံ့ ဖြစ်လာတဲ့အခါ၊ သင့်မှာ စိတ်ဓာတ်တက်ကြွမှု မရှိတဲ့အခါ၊ အားနည်းနေတဲ့အခါ၊ ဒါမှမဟုတ် (ရိုးရှင်းစွာပဲ) သင့်ရဲ့စိတ်ထဲမှာ သံသယတွေ ရှိနေတဲ့အခါမျိုးမှာ သင် မှီတည်စရာ ယုံကြည်ချက်တစ်ခု ရှိဖို့လိုပါတယ်။


Very Personal။

ဘာဖြစ်လို့လဲဆိုတော့ ဒီကမ္ဘာမှာ ရည်မှန်းချက်တွေ၊ ပြဿနာတွေ၊ လိုအပ်ချက်တွေ၊ ပင်ကိုစွမ်းရည်တွေ တထေရာတည်းတူညီတဲ့ လူနှစ်ယောက်ဆိုတာ မရှိလို့ပါပဲ။ သင်ဟာ တခြားလူတွေဆီက နည်းလမ်းတွေ၊ အကြံဥာဏ်တွေ၊ ဥပမာတွေ ယူနိုင်တယ်။ ပြီးတော့ အဲဒီအရာတွေကို သင့်ရဲ့ဘ၀ကို ဟန်ချက်ညီစေဖို့အတွက် ပြောင်းလဲနိုင်ပါတယ်။


ဟန်ချက်ညီတဲ့ဘ၀ဆိုတာ သင့်အတွက် ဘယ်လို အဓိပ္ပါယ်သက်ရောက်မှုရှိပါသလဲ။ အဲဒါကို ဒီကနေ့ သင့်ကို စဉ်းစားစေချင်ပါတယ်။ ဟန်ချက်ညီတဲ့ဘ၀ဆီကို ခရီးမစခင်မှာ သင်ဟာ ဘာကို ရှာနေတယ်ဆိုတာ သိရပါမယ်။ သင့်ရဲ့ဘ၀၊ သင့်ရဲ့ ရည်မှန်းချက်တွေ၊ နက်ရှိုင်းတဲ့ ယုံကြည်ချက်တွေ၊ ဆန္ဒတွေ၊ အဲဒီအရာတွေကို ပြန်စဉ်းစားဖို့ သင့်ကိုယ်သင် အချိန်ပေးပါ။ သင့်အတွက် ဟန်ချက်ညီတဲ့ဘ၀ဆိုတာ ဘာလဲ?


ဒါကတော့ ဟန်ချက်ညီတဲ့ဘ၀ဆိုတာကို ကျနော့်ရဲ့ ကိုယ်ပိုင် အဓိပ္ပါယ်သတ်မှတ်ချက်ပါပဲ။


- ဟန်ချက်ညီတဲ့ဘ၀ဆိုတာ အတွင်းစိတ် ငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်မှု ။


- ဟန်ချက်ညီတဲ့ဘ၀ဆိုတာ ပြည့်ဝနေတဲ့ဘ၀ ၊ ဒါပေမဲ့ အဲဒီအထဲကို အသစ်တစ်ခုခု ထပ်ထည့်ဖို့ အတွက်လည်း   အခန်းလွတ်တွေ အများကြီး ရှိနေတယ်။


- ဟန်ချက်ညီတဲ့ဘ၀ဆိုတာ ပျော်ရွှင်တဲ့မိသားစု၊ ပြီးတော့ ကျနော့် သမီးလေးတွေရဲ့ မျက်နှာတွေပေါ်က အပြုံးတွေ။


- ဟန်ချက်ညီတဲ့ဘ၀ဆိုတာ ကျနော့်ရဲ့ စိတ်ကိုရော၊ ခန္ဓာကိုယ်ကိုရော စောင့်ရှောက်တာ။


- ဟန်ချက်ညီတဲ့ဘ၀ဆိုတာ အပြင်ထွက်လမ်းလျှောက်ပြီး ကျနော့်ကို နိုးကြွစေမယ့် ကျနော့်ပတ်ဝန်းကျင်က အလှတရားတွေကို  တစ်ရက်ပြီးတစ်ရက် ကြည့်ရှုတာ။


- ဟန်ချက်ညီတဲ့ဘ၀ဆိုတာ ကျနော့်မှာရှိတဲ့ ယုံကြည်ချက်။


- ဟန်ချက်ညီတဲ့ဘ၀ဆိုတာ ကျနော့်ဘ၀ရဲ့ အရေးအကြီးဆုံးအရာများကိုသာ အာရုံစူးစိုက်တာ ( အရေးမကြီးတဲ့အရာတွေ၊ အလုပ်တွေကို ဆုံးရှုံးဖို့လည်း ၀န်မလေးတာ)


- ဟန်ချက်ညီတဲ့ဘ၀ဆိုတာ တီထွင်ဖန်တီးမှု၊  အလုပ်အကိုင်၊ မိသားစု၊ လေ့ကျင့်ခန်းနဲ့ ကျနော့်ရဲ့ ကိုယ်ပိုင်အချိန်တွေကို ရောစပ်ထားတာ။ ဒါဟာ အလွန်ပဲ ထူးကဲပါတယ်။ အချိန်အတော်များများမှာ ဖရိုမရဲဖြစ်နေနိုင်တယ်။ ပြီးတော့ ဟန်ချက်ညီအောင်ထိန်းဖို့အတွက် စိုက်ထုတ်ရတဲ့ အားထုတ်မှုတွေဟာ လုံးဝ ထိုက်တန်ပါတယ်။


သင့်ရဲ့ အိမ်စာ -

ဟန်ချက်ညီတဲ့ဘ၀ဆိုတာကို သင့်ရဲ့ ကိုယ်ပိုင်အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ချရေးပါ။သင့်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ရေးတဲ့အခါ အောက်ပါ မေးခွန်းများကို အာရုံစိုက်ပါ။

- ဘယ်လို စိတ်ခံစားမှုမျိုးဟာ သင့်ကို ဟန်ချက်ညီတယ်လို့ ခံစားရစေသလဲ?


- သင့်ရဲ့ အဓိက ယုံကြည်ချက်(Core Belief) က ဘာလဲ?


- အခြေအနေတွေအားလုံးကို ဟန်ချက်ညီတဲ့နည်းလမ်းနဲ့ ဘယ်လိုချဉ်းကပ်မလဲ?


- အခုအချိန်မှာ သင့်ဘ၀ရဲ့ အရေးအကြီးဆုံးအစိတ်အပိုင်းဟာ ဘာလဲ?


မေးခွန်းတချို့ရှိမယ်ဆိုရင် e-mail ပို့နိုင်ပါတယ်။ဒါမှမဟုတ် ဟန်ချက်ညီတဲ့ဘ၀ကို သင့်ရဲ့ ကိုယ်ပိုင် အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုလည်း မျှဝေနိုင်ပါတယ်။


ဟန်ချက်ညီတဲ့ ရက်သတ္တပတ်ကို ပိုင်ဆိုင်နိုင်ပါစေ။


Ref: Life Balamce by Anastasiya Goers

Credit
http://yourlifesuccess.blog.com



အောင်မြင်မှုရဲ့ တကယ့်လျှို့ဝှက်ချက်

လူအများစုဟာ အောင်မြင်ရေးလျှို့ဝှက်ချက်တွေကို ရှာဖွေနေကြပါတယ်။ သန်းကြွယ်သူဋ္ဌေးတစ်ယောက်ဖြစ်ဖို့အတွက် လျှို့ဝှက်ချက်၊ အလုပ်မှာ အောင်မြင်ဖို့အတွက် လျှို့ဝှက်ချက်၊ စသဖြင့် အောင်မြင်ရေးလျှို့ဝှက်ချက်တွေကို ရှာဖွေနေကြတယ်။ သူတို့တွေ အဲဒီလျှို့ဝှက်ချက်တွေကို ရှာတွေ့ဖို့အတွက် Amazon.com က စာအုပ်ပေါင်း ၁၇၉၇ အုပ်ကို လက်ရှိ စာရင်းပြုစုထားပါတယ်။ အဲဒီစာအုပ်တွေထဲမှာ ” ထူးထူးခြားခြား အောင်မြင်ကြသော အမျိုးသမီးများ၏ အောင်မြင်ရေးလျှို့ဝှက်ချက်များ ” ဆိုတဲ့ စာအုပ်က အစ၊ ” သန်းကြွယ်သူဋ္ဌေးတို့၏ လျှို့ဝှက်ချက် ၂၁ ခု”  စတဲ့ အောင်မြင်စေရမယ်လို့ ကတိပေးထားတဲ့ စာအုပ်တွေ ပါဝင်ပါတယ်။
သင်ဟာလည်း အောင်မြင်ရေးလျှို့ဝှက်ချက်ကို ရှာဖွေနေတဲ့သူတစ်ယောက်ဆိုရင်တော့ အဲဒီစာအုပ် ၁၇၉၇ အုပ်နဲ့ အချိန်ကုန်ခံမနေပါနဲ့တော့။ သင့်ကို အချိန်ကုန် သက်သာအောင် ကျနော် ပြောပြပါ့မယ်။
အဓိက အချက်က ဒါပါပဲ – အောင်မြင်မှုမှာ ဘာလျှို့ဝှက်ချက်မှ မရှိပါဘူး။ အောင်မြင်မှုအတွက် ပဉ္စလက်ဆန်တဲ့ နည်းလမ်းတွေ မရှိပါဘူး၊ ဖြတ်လမ်းတွေ မရှိပါဘူး၊ ထီလက်မှတ်တွေလိုမျိုးလည်း သင် ၀ယ်ယူလို့မရပါဘူး။
အောင်မြင်ဖို့အတွက် ရေရှည် ကြိုးပမ်းနိုင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ အလုပ်မှာ စိတ်နှစ်ထားမှု၊ ၀ါသနာကြီးမှု၊ လေ့ကျင့်မှု၊ အာရုံစူးစိုက်မှုနဲ့ အလုပ်ကြိုးစားမှုတို့ လိုအပ်တယ်ဆိုတာကို အောင်မြင်နေကြတဲ့သူတွေ သိကြပါတယ်။ တကယ်တော့ ဒါတွေဟာ ဘာလျှို့ဝှက်ချက်တွေမှ မဟုတ်ပါဘူး။
ချက်စတာ ကာလ်ဆန်ကို ကြည့်ပါ။ သူဟာ ဓာတ်ပုံကူးတဲ့ နည်းပညာကို တီထွင်ခဲ့တဲ့ အောင်မြင်တဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့ သူမအောင်မြင်ခင်က သူ့ရဲ့ စိတ်ကူးကို ကုမ္ပဏီကြီး  ၂၀ က ငြင်းပယ်ခဲ့ကြတယ်။ သူဟာ ဇွဲရှိရှိ၊ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ စောင့်ခဲ့ရတာ ၇ နှစ်ကြာတယ်။ နောက်ဆုံးမှာတော့ ကုမ္ပဏီတစ်ခုက သူရဲ့ တီထွင်မှုကို ၀ယ်ယူခဲ့တယ်။ အဲဒီနောက်မှာတော့ သူဟာ Xerox Corporation ကြီးအဖြစ် အောင်မြင်လာခဲ့တယ်။
ဒါမှမဟုတ် ဂျူလီယာ ချိုင်းလ်ဒ်ကို ကြည့်ပါ။ သူမဟာ ပြင်သစ် ချက်နည်းပြုတ်နည်းစာအုပ်အတွက် အလုပ်လက်ခံရရှိခဲ့တယ်။ ပူးပေါင်းဆောင်ရွက်သူနှစ်ယောက်နဲ့အတူ ငါးနှစ် အလုပ်လုပ်ခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူမရဲ့ စာမူကို ထုတ်ဝေသူက ငြင်းပယ်ခဲ့တယ်။ သူမ နောက်ထပ် တစ်နှစ် ထပ်ကြိုးစားတယ်။ ဒီတစ်ခါလည်း သူမရဲ့ စာမူကို ငြင်းပယ်ခံရပြန်တယ်။ ဒါပေမဲ့ ဂျူလီယာက အရှုံးမပေးဘူး။ နောက်ထပ် ရှစ်နှစ်လောက်ကြာတဲ့အခါ စာအုပ်တိုက်တစ်ခုက သူမရဲ့ ချက်နည်းပြုတ်နည်းစာအုပ်ကို ထုတ်ဝေခဲ့တယ်။ အဲဒီစာအုပ်ဟာ အုပ်ရေ သန်းချီပြီး ရောင်းချခဲ့ရတယ်။
သင်ဟာ အောင်မြင်ချင်တယ်ဆိုရင်၊ သင့်ကို အောင်မြင်စေမယ့် လျှို့ဝှက်ချက်တစ်ခုခုကို အပြင်မှာ ရှာဖွေနေတာကို ရပ်လိုက်ပါ။ အဲဒီအစား၊ သင့်ရဲ့ အမြင်အာရုံတွေကို သင့်ရဲ့ အတွင်းထဲကို လှည့်လိုက်ပါ။ သင် လိုအပ်သမျှ အရာတိုင်းကို သင် တွေ့ရပါလိမ့်မယ်။ သင့်အောင်မြင်မှုရဲ့လျှို့ဝှက်ချက်ဟာ သင်ကိုယ်တိုင်ပါပဲ။ ဒါပေမဲ့ အောင်မြင်မှုအတွက် လိုအပ်တဲ့အရာတွေ သင့်မှာမရှိသေးဘူးလို့ ထင်တယ်ဆိုရင် ထပ်စဉ်းစားကြည့်ပါဦး။ တစ်ခုခုကို အထူးဝါသနာပါတဲ့သူတွေ၊ လုပ်အားပေးအဖွဲ့အစည်းတွေ၊ ဒါမှမဟုတ် အင်တာနက် ဘလော့ဂ်တွေကို လျှောက်ကြည့်ပါ။ ကဗျာဆရာတွေ၊ အဆိုတော်တွေ၊ အနုပညာရှင်တွေ၊ အားကစားသမားတွေ၊ hacker တွေ၊ နံရံတွေပေါ်မှာ ပုံဆွဲတဲ့ ပန်းချီဆရာတွေ၊ သူတို့တွေကို လေ့လာကြည့်ပါ။
စိတ်ဓာတ်ခိုင်မာခြင်း၊ ဇွဲရှိခြင်း၊ လက်တွေ့လုပ်ဆောင်တတ်ခြင်း နဲ့ အလုပ်ကြိုးစားခြင်းတို့ကို ထင်ထင်ရှားရှားတွေ့ရပါလိမ့်မယ်။ ပြီးတော့ အဲဒီအရာတွေဟာ သင့်ရဲ့ ကိုယ်တွင်းမှာလည်း ရှိနေပါတယ်။ အဲဒီအရာတွေက သင် သူတို့ကို ဘယ်အချိန်မှာ လှမ်းခေါ်မလဲလို့ စောင့်နေကြပါတယ်။
အောင်မြင်တဲ့သူတွေဟာ သူတို့ရဲ့ ခွန်အားတွေကို သူတို့ရဲ့ စိတ်ဝင်စားမှု၊ သူတို့ရဲ့ ၀ါသနာတွေမှာ ထည့်ထားကြတယ်။ သူတို့ဟာ အခက်အခဲတွေ၊ နောက်ပြန်လန်ကျမှုတွေ၊ စိတ်ပျက်စရာတွေကို ကြံ့ကြံ့ခိုင်နိုင်ကြတယ်။
အောင်မြင်ရေးလျှို့ဝှက်ချက်တွေ ရှာဖွေနေတာကို ရပ်လိုက်ပါ။ သင့်အောင်မြင်မှုရဲ့ တကယ့်လျှို့ဝှက်ချက်ဟာ သင်ကိုယ်တိုင်ပဲဆိုတာကို စပြီး သဘောပေါက်ပါ။ “နှလုံးသားဟာ ဘာမဆို လုပ်နိုင်တယ်” လို့ Moliere က ပြောပါတယ်။ သင့်ရဲ့ အလုပ်ထဲမှာ သင့်နှလုံးသားကို ရှာဖွေပါ။ သင်ဟာ ဘယ်အရာကိုမဆို လုပ်နိုင်ပါလိမ့်မယ်။
Ref: THE SECRET TO SUCCESS by Nan S. Russell
http://yourlifesuccess.blog.com/


LinkWithin

Related Posts Plugin for WordPress, Blogger...