pages

Thursday, April 18, 2019

ဒီ​နေ့အတွက်​​တော့

ဒီ​​နေ့အတွက်တော့
*****************************************************************

(၁) သည်နေ့အတွက် ငါ ပျော်ပျော်နေမယ်။
(ဤအကြံသည် အမေရိကန် သမ္မတကြီး အေဗရဟင်လင်ကွန်း ပြောသော ” လူတို့သည် မိမိတို့ စိတ်ပိုင်းဖြတ်ထားသလောက်သာ ပျော်ရွှင်ကြသည် ” ဟူသော စကားနှင့် ကိုက်ညီပေသည်။ ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှုမှာ အပြင်အပက လာသည်မဟုတ။ မိမိ၏ ကိုယ်တွင်းသန္တန်မှသာ လာနိုင်သည်။ )

(၂) သည်နေ့အတွက်တော့ ငါ ဖြစ်သမျှကို လက်ခံမယ်။ ငါဖြစ်ချင်တာမဖြစ်တိုင်း အတင်း မဖြစ်မကျယ် မလုပ်ဘူး။ ငါ သည်နေ့တော့ ငါ့သားမယား၊ ငါ့အလုပ်အကိုင် ၊ ငါ့ဖြစ်သမျှအကြောင်းတို့နဲ့ ညီညွတ်အောင်နေမယ်။ ငါ့အလိုအတိုင်း ကတောက်ကဆ မဖြစ်စေရဘူး။

(၃) သည်နေ့အတွက်တော့ ငါ့ကိုယ်ကာယကို ငါ ဂရုစိုက်မယ်။ အညောင်းအညာဖြေမယ်။ အာဟာရဖြစ်အောင် စားသောက်မယ်။ ငါ့ကိုယ်ကာယကို ပစ်မထားဘူး။ အလွဲမသုံးစားဘူး။ အဲသည်ကိုယ်ကာယကို ကျကျနနထားမှ ငါ့စိတ်တိုင်းကျလုပ်ငန်းကို လုပ်ဆောင်နိုင်ပေမယ်။

(၄) သည်နေ့အတွက်တော့ ငါ့စိတ်အင်အား တိုးအောင်ကြိုးစားမယ်။ အဖိုးတန်တဲ့ ပညာဗဟုသုတကို ဆည်းပူးမယ်။ ငါ့စိတ်ကို အလေမခံဘူး။ တွေးရ၊ မှတ်ရ၊ ကြံရတဲ့စာမျိုးဖတ်ပြီး စိတ်ကို တည်ငြိမ်အောင် လုပ်မယ်။

(၅) သည်နေ့အတွက်တော့ ငါ ကောင်းမှုပြုမယ်။ သူတစ်ပါးကို ကောင်းမှုဆောင်မယ်။ သူ ကျေးဇူးတင်ရုံကလေးမဟုတ်ဘဲ တကယ့်စေတနာနဲ့ ဆောင်ရွက်ပေးမယ်။ ငါ မလုပ်ချင်တဲ့အလုပ်ကို အနည်းဆုံး နှစ်ခုတော့ လုပ်မယ်။ သည်းခံနိုင်အောင်ကျင့်တဲ့ နည်းအဖြစ်နဲ့ လုပ်ရလိမ့်မယ်။

(၆) သည်နေ့အတွက်တော့ ငါ သူတစ်ပါးနဲ့တည့်အောင်နေမယ်။ ငါ့မျက်နှာ ကြည်လင်နိုင်သမျှ ကြည်လင်အောင် ထားမယ်။ အ၀တ်အစား သန့်သန့်ရှင်းရှင်း ၀တ်မယ်။ စကားကို ညင်ညင်သာသာ ပြောမယ်။ ယဉ်ယဉ်ကျေးကျေး ပြုမူမယ်။ သူတစ်ပါးကို ချီးကျူးမယ်။ မနှိမ်ဘူး။ အပြစ်မရှာဘူး။ ဘယ်ကိစ္စမှာဖြစ်ဖြစ် အာဏာသံနဲ့ မပညတ်ဘူး။

(၇) သည်နေ့အတွက်တော့ ဒီနေ့မှာရှိတဲ့ ကိစ္စတွေလောက်သာ စဉ်းစားဆောင်ရွက်မယ်။ နောင်ရေးလဲ တွေးမပူဘူး။ နောက်ကဖြစ်ခဲ့တာတွေလည်း တွေးပြီး မဆွေးဘူး။ သည်ကနေ့ကိစ္စကို သည်နေ့ပြီးအောင် ပိုင်းဖြတ်ပြီးလုပ်မယ်။

(၈) သည်နေ့အတွက်တော့ ငါ အလုပ်ကို အစဉ်အတိုင်းလုပ်မယ်။ တစ်နေ့လုံးအတွက် နာရီတိုင်းဘာလုပ်မယ်ဆိုတာကို ရေးချထားမယ်။ ရေးထားတဲ့အတိုင်း တစ်သဝေမတိမ်း လုပ်မယ်တော့ မဟုတ်ဘူး။ အကြောင်းသင့်သလို လုပ်ရမှာပေါ့။ ဒါပေမယ့် လုပ်ငန်းစဉ်ကလေးကတော့ လုပ်ထားမယ်။ ကတိုက်ကရိုက်ဆိုတာရယ်၊ ချီတုံချတုံဆိုတာရယ် အဲသည်နှစ်ခုဟာ အဖျက်အဆီးတွေပဲ။ သည်အဖျက်အဆီးတွေကို ချေမှုန်းပစ်လိုက်မယ်။

(၉) သည်နေ့အတွက်တော့ နာရီဝက်လောက် တစ်ကိုယ်တည်း ကို်ယ်ရောစိတ်ရော အညောင်းအညာဖြေဖို့ အနားယူမယ်။ အဲသည်တော့မှ ငါ့ဘ၀အကြောင်း ငါ ပြန်ပြီးသုံးသပ်ဖို့ ဥာဏ်ပွင့်လန်းလာမယ်။

(၁၀) သည်နေ့အတွက်တော့ ငါ ကြောက်စိတ်ကို ဖျောက်ပစ်မယ်။ ပျော်ပျော်နေဖို့ မကြောက်ဘူး။ မေတ္တာတရားပွားများဖို့ မကြောက်ဘူး။ ကိုယ်မေတ္တာပွားသလောက် သူတစ်ပါးကလည်း ကိုယ့်ကို မေတ္တာထားကြလိမ့်မယ်လို့ ယုံကြည်ရမှာ မကြောက်ဘူး။
--------------------------------------------------------------------------------------
( How To Stop Worrying And Start Living by Dale Carnegie ကို ဆရာကြီးတက်တိုး ဘာသာပြန်သော သောကကင်းဝေး နေနိုင်ရေး စာအုပ်မှ ထုတ်နှုတ်သည် )http://yourlifesuccess.blog.com/page/4/

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...