pages

Thursday, April 18, 2019

လုပ်ချင်တာတွေ လုပ်နိုင်ဖို့၊ လုပ်သင့်တာတွေလည်း လုပ်နိုင်ဖို

ဝန်ခံရရင် လုပ်စရာရှိတာတွေကို ကိုယ်တို့ မလုပ်ချင်ပါဘူး။ အဲဒါတွေက ပျင်းစရာကောင်းတယ်လေ။ ဖြစ်နိုင်ရင် ကိုယ်လုပ်ချင်တာတွေကိုပဲ တစ်ချိန်လုံး ထိုင်လုပ်နေချင်တယ်။ ဒါပေမဲ့ ဒီလိုလုပ်လို့လည်း မဖြစ်ပြန်ဘူး။

ကဲ.. ဒါဆိုလည်း လုပ်သင့်တာတွေကိုပဲ လုပ်မယ်။ လုပ်ချင်တာတွေ တစ်ခုမှ မလုပ်ဘူး။ အဲ… ဒီလိုဆိုရင် ဘ၀ဟာ ပျော်စရာ ကောင်းပါတော့မလား။ ဘ၀က အလုပ်တာဝန်တွေနဲ့ပဲ ပိနေပြီး ပျော်စရာမကောင်းဘူးဆိုရင် နေရတာ မတန်တော့ဘူးလေ။

ဒီတော့ ကိုယ်တို့ရဲ့ ပြဿနာက – လုပ်ချင်တာတွေလုပ်နိုင်ဖို့၊ လုပ်သင့်တာတွေလည်း လုပ်နိုင်ဖို့။ ( လုပ်သင့်တာ ဆိုတာကြီးကို ကိုယ်က ထည့်ကို မပြောချင်ပါဘူး။ မတတ်သာလို့သာ ပြောနေရတယ်)

ဒီပြဿနာဟာ မင်းအတွက် တကယ်အရေးကြီးပါတယ်။ ဒီတော့ မင်းအတွက် အကြံဥာဏ်တချို့ ကိုယ်က ပေးချင်ပါတယ်။

၁။ မင်းရဲ့ အာရုံကို ဘာတွေက ဖမ်းစားနေသလဲ။ ဆိုလိုတာက မင်း ဘာတွေကို လုပ်ချင်သလဲ။ မင်းလုပ်ချင်တဲ့ အရာတွေကို စာရင်းချရေးကြည့်ပါ။ ကိုယ်လုပ်ချင်တာတွေကို ဥပမာအနေနဲ့ ပြောပြမယ်နော်။
- အင်တာနက်သုံး
- G talk, Facebook မှာ သူငယ်ချင်းတွေနဲ့ စကားစမြည်ပြော
- ၀ဘ်ဆိုဒ်၊ ဘလော့ဂ်တွေဖတ်
- အသစ်ထွက် ရုပ်ရှင်ကားတွေ ကြည့်
- နည်းပညာအသစ်တွေ လေ့လာ
- Your Life Success Blogအတွက် စာ ပုံမှန်ရေး
- သူငယ်ချင်းတွေနဲ့ လျှောက်လည်

ဒါ ကိုယ့်အနေနဲ့ပဲ ဥပမာ ပြောပြတာပါ။ မင်းအနေနဲ့ ကိုယ့်ရဲ့ စာရင်းထဲမှာ မပါတာတွေကိုလည်း ချရေးနိုင်ပါတယ်။

၂။ မင်းရဲ့စာရင်းကို ရေးပြီးလောက်ပါပြီ။ အဲဒီထဲက တစ်ခုချင်းစီကို ပြန်ကြည့်ပြီး ဒါ ငါတကယ်လုပ်ချင်တာ ဟုတ်ရဲ့လားလို့ မင်းကိုယ်မင်း ပြန်မေးကြည့်ပါ။ ပြီးတော့ မင်းတကယ်မလုပ်ချင်တာတွေကို ခြစ်ချပစ်လိုက်ပါ။
( ကိုယ်ကတော့ ကိုယ့်ရဲ့စာရင်းထဲက တစ်ခုမှ ပြန်မခြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါတွေက ကိုယ် တကယ်လုပ်ချင်တဲ့ အရာတွေမို့လို့ပါပဲ)

၃။ ကဲ.. အခုဆိုရင် မင်း တကယ်လုပ်ချင်တဲ့အရာတွေကို သိပါပြီ။ ဒါဆိုရင် ရှင်းပါတယ်။ မင်းရဲ့ စာရင်းထဲမှာ မပါတဲ့အရာတွေအတွက် အချိန်မပေးနဲ့ပေါ့။ ပြီးတော့ အရေးကြီးတာတစ်ခု ရှိပါတယ်။ မင်းရဲ့ အချိန်တွေဟာ အလွန်အဖိုးတန်ပါတယ်။ ဒီတော့ မင်းသူငယ်ချင်းတစ်ယောက်က မင်းကို ၀တ္ထုစာအုပ် အထူကြီးတစ်အုပ် လာပေးတယ်ဆိုပါစို့။ အဲဒီစာအုပ်ကြီးကို မင်းက မကြိုက်ဘူး။ မဖတ်ချင်ဘူး။ ဒါဆို မင်း ဘာလို့ ဖတ်နေမှာလဲ။ အဲဒီအတွက် ကုန်မယ့် အချိန်တွေမှာ မင်း ၀ါသနာပါတာ၊ မင်းရဲ့ စာရင်းထဲက မင်းလုပ်ချင်တာတစ်ခုခုကို လုပ်လိုက်ပေါ့။ ကိုယ်တို့အများစုဟာ ကိုယ်တကယ်မလုပ်ချင်တဲ့ အရာတွေနဲ့ အချိန်ကုန်နေတတ်ကြတယ်။ ကိုယ်တို့ရဲ့ နှလုံးသားတွေကို ကိုယ်တို့ ပြန်နားထောင်သင့်ပါပြီ။ (နေဦးနော်.. နောက်မှာ ကိုယ်ပြောချင်တာတွေ ကျန်သေးတယ်။ ကိုယ် ကတိပေးပါတယ်။ စာနည်းနည်းပဲ ကျန်တော့တာပါ။ ဆက်ဖတ်ကြည့်ပါဦး)

၎။ မင်းကိုယ်မင်း မေးကြည့်ပါ။ မင်းမှာ ဘာတွေ လုပ်စရာရှိသလဲ။ မင်းဟာ ကျောင်းသားတစ်ယောက်ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် လုပ်ငန်းခွင်အတွင်းကလည်း ဖြစ်ချင်ဖြစ်မယ်။ ဘာပဲဖြစ်ဖြစ်၊ မင်းမှာ လုပ်စရာတွေ၊ လုပ်သင့်တာတွေ ရှိမှာပေါ့။ အဲဒါတွေက မင်းဘ၀အတွက် အရေးကြီးပါတယ် (ကိုယ် တကယ်ပြောတာပါ)။ အဲဒါတွေကိုလည်း ချရေးကြည့်ပါ။

၅။ ၀န်ခံရရင် လုပ်စရာရှိတာတွေကို ကိုယ်တို့ မလုပ်ချင်ပါဘူး။ ဒါတွေဟာ ပျင်းစရာကောင်းတယ်လေ။ ဖြစ်နိုင်ရင် ကိုယ်လုပ်ချင်တာတွေပဲ တစ်နေကုန် ထိုင်လုပ်နေချင်တယ်။ ဒါပေမဲ့ ဒီလိုလုပ်လို့လည်း မဖြစ်ပြန်သေးဘူး။
ဒီတော့ မင်းကို ကိုယ်က အကြံဥာဏ်တစ်ခု ပေးချင်ပါတယ်။ အဲဒါကတော့ စာကြောင်းလေး နှစ်ကြောင်းထဲပါ။ ဒီစာမှာ ကိုယ်အဓိကပြောချင်တာကလည်း အဲဒီစာကြောင်းလေး နှစ်ကြောင်းပါပဲ။ အဲဒါ ကတော့ -
လုပ်ချင်တာကို ဦးစားပေးလုပ်၊
လုပ်သင့်တာကိုလည်း ပြီးအောင်လုပ်။

ဟုတ်ပါတယ်။ ဒီစာမှာ မင်းကို ကိုယ်ပြောချင်တာ ဒါပါပဲ။ အခုဆို မင်းတကယ်လုပ်ချင်တဲ့အရာတွေကို ချရေးပြီးပြီ။ မင်းလုပ်သင့်တာတွေကိုလည်း သိပြီ။ ဒီတော့ လုပ်ချင်တာကို ဦးစားပေးလုပ်၊ လုပ်သင့်တာကိုလည်း ပြီးအောင်လုပ်။ ဒါဆိုရင် မင်းဟာ နေ့ရက်တိုင်းကို ကျေနပ်ပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။

အရေးကြီးလို့မို့ နောက်တစ်ခါ ပြန်ပြောပါမယ်။
လုပ်ချင်တာကို ဦးစားပေးလုပ်၊
လုပ်သင့်တာကိုလည်း ပြီးအောင်လုပ်။

( ကိုးကား- REF: လုပ်ချင်တာတွေ လုပ်နိုင်ဖို့၊ လုပ်သင့်တာတွေလည်း လုပ်နိုင်ဖို့ by ကြည်မင်း )



Read More Happiness & Life Success Tips, Go To www.yourlifesuccess.blog

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...