pages

Thursday, September 26, 2013

ရုန်း


ချစ်ခင်မြတ်နိုးတွယ်တာတယ်ဆိုတဲ့ သံယောဇဉ်တွေနဲ့ ကျွန်တော်တို့ဟာ သိပ်ကိုပျော်မွေ့ကြတယ်။ ရွှင်ပြုံးကြည်သာမှု့တွေဖြစ်တယ်။ အဲဒီသံယောဇဉ်တွေကြောင့်ပဲ ကျွန်တော်တို့ဟာ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲတွေဖြစ်ပြန်ရော။ ရင်ဘတ်စည်တီးရှိုက်ကြီးတငင် ငိုကြွေးရတာတွေလည်းရှိတယ်။ သံယောဇဉ်တွေကနေ ထွက်မြောက်နိုင်ရင် ကောင်းမယ်ဆိုတာသိတယ်။ သိပါတယ်ဗျာ။
ခင်ဗျားတို့ကြားဖူးမယ်ထင်ပါတယ်၊ တစ်နေ့ ရဟန်းတော်အချို့ သာဝတ္တိမြို့အတွင်း ဆွမ်းခံကြွနေတုန်းမှာ မင်းအမိန့်နဲ့ဖမ်းမိတဲ့ ခိုးသူတွေကို သံခြေချင်းတွေခတ်၊ ခြေတွေလက်တွေမှာ ကြိုးတွေနဲ့ အခိုင်အခံ့ချည်ပြီး လှောင်အိမ်ထဲသွင်းနေတာကို မြင်တွေ့ကြတယ်။ ညနေချမ်းရောက်တဲ့အခါမှာ အဲဒီရဟန်းတွေက ဂေါတမမြတ်စွာဘုရားထံသွားပြီး သူတို့မြင်ခဲ့ရတဲ့ ခိုးသူတွေ နှောင်ဖွဲ့ခံရပုံကို ပြောကြားလျှောက်ထားမိကြတယ်။ အဲဒီအခါမှာ ဂေါတမမြတ်စွာဘုရားက သံခြေချင်း၊ ကြိုးစတဲ့အရာတွေနဲ့နှောင်ဖွဲ့ထားတာဟာ မပြောပလောက်သေးပါဘူး။ ဥစ္စာ၊ စပါး၊ သားမယားစသည်တို့မှာ တပ်မက်တွယ်တာခြင်းဆိုတဲ့ တဏှာကိလေသာ အနှောင်အဖွဲ့က အဆအရာအထောင်အသိန်းမက ပိုပြီးခိုင်မြဲတယ်။
သံဖြင့်ပြုလုပ်ထားသော သံခြေချင်းအနှောင်အဖွဲ့၊ သစ်သားဖြင့်ပြုလုပ်ထားသော ထိတ်တုံးအနှောင်အဖွဲ့၊ မြက်လျှော်ဖြင့်ပြုလုပ်ထားသော နှောင်ကြိုးအဖွဲ့ကို ခိုင်ခံ့သော၊ မြဲမြံသော အနှောင်အဖွဲ့ဟု မဆိုကြကုန်။ ပတ္တမြားနားတောင်း စသည့် ရတနာတို့၌ တွယ်တာငဲ့ကွက်ခြင်း တဏှာ…..ဤတဏှာအနှောင်အဖွဲ့မျိုးကိုသာ ခိုင်ခံ့သော၊ မြဲမြံသော အနှောင်အဖွဲ့ဟု ပညာရှိတို့ ဆိုကုန်၏။
ပညာရှိတို့ကတော့ အဲဒီတဏှာကိလေသာဆိုတဲ့ အနှောင်အဖွဲ့ကို ရုန်းဖြတ်ပြီးတော့ ထွက်ကြတယ်လို့ ဂေါတမမြတ်စွာဘုရားက ပြောပြ၊ ဟောပြတယ်။
ကိလေသာနှောင်ကြိုးတွေကနေ ရုန်းထွက်ဖြတ်တောက်နိုင်ကြသူ ပညာရှိသူတွေကို အားကျမိပါတယ်ဗျာ။ ဒီလိုအားကျခြင်းနဲ့အတူ………
သံယောဇဉ်ကြိုး၊ ဆယ်မျိုးခိုင်ခိုင် ချုပ်ထား တုပ်ထား လှုပ်အားမနိုင်။ “ကာမထောင်တွင်း၊ နှောင်တွင်းပိုင်ပိုင်၊ မှတ်ကရော့၊ ခတ်သော့သံချည်တိုင်” ဆိုတဲ့ ဓမ္မကဗျာလေးကိုလည်း အမှတ်ရတယ်။ အမှတ်ရခြင်းနဲ့ကပ်ပြီး ထိတ်လန့်ခြင်းကလည်းပါလာတယ်။ ချည်နှောင်ထားတဲ့ သံကြိုးကြီးတွေခိုင်တဲ့အထဲမှာ ကျွန်တော်တို့သံတိုင်ကြီးတွေနဲ့ ပူးတွဲပြီး မရုန်းနိုင်အောင် သော့ခတ်ထားရသလို ခံစားရတဲ့အဖြစ်ကြောင့်ပါ။
ကျွန်တော်တို့လို အသက်ကြီးလာတဲ့ လူကြီးတွေနဲ့ဆိုင်တဲ့ အဖြစ်အပျက် တစ်ခုရှိသေးတယ်။ ကောသလမင်းကြီးမှာ ပါဝေယျကလို့ခေါ်တဲ့ ဆင်ကြီးရှိခဲ့တယ်။ ဒီဆင်ကြီးဟာ အသက်ငယ်ရွယ်နုပျိုစဉ်က အလွန်ခွန်အားဗလကောင်းတယ်။ စစ်တိုက်တဲ့နေရာမှာ အင်မတန်ကျွမ်းကျင်တယ်၊ သတ္တိပြောင်မြောက်တယ်။ အခုတော့ ဒီဆင်ကြီး အိုလာပြီ၊ ဒါနဲ့ မင်းကြီးက ဆင်အိုကြီးကို ဘေးမဲ့ပေးလိုက်တယ်။ တစ်နေ့မှာ အဲဒီဆင်ကြီးဟာ အိုင်းတစ်ခုထဲကိုဆင်းရင်း နွံမှာနစ်သွားတယ်။ ဆင်ကြီးဟာ ညွန်ထဲက လွတ်မြောက်အောင်ရုန်းတယ်။ ဒါပေမယ့် ဇရာကထောင်းပြီဆိုတော့ ရုန်းအားမကောင်းဘူးဖြစ်နေတယ်။ ဒီအဖြစ်ကို ကောသလ မင်းကြီးကြားသိတဲ့အခါမှာ ဆင်ကြီးကိုညွန်ထဲကထုတ်ဆောင်ဖို့အတွက် ဆင်ဆရာကို လွှတ်လိုက်တယ်။ ဆင်ဆရာက ဆင်ကြီးကိုညွန်ထဲကထုတ်ဆောင်ဖို့သွားတဲ့အခါမှာ စစ်ချီစစ်ထိုးတဲ့အခါ အသုံးပြုတဲ့ စစ်ပွဲစည်ကြီးကိုယူသွားတယ်။ စည်တွေမောင်းတွေ သယ်သွားတယ်ဆိုပါတော့။
ညွန်နစ်နေတဲ့ ဆင်ကြီးထံရောက်တော့ ဆင်ဆရာက စစ်ပွဲကိုပြပြီး စစ်ပွဲစည်ကြီးကိုတီးတယ်။ တစ်ကယ်စစ်ထိုးတော့မယ့် အခြေအနေမျိုးဖြစ်အောင် တပည့်နောက်လိုက်နောက်ပါတွေနဲ့ ပူးပေါင်းဖန်တီးပြီး စစ်ကြွေးကြော်သံတွေနဲ့ စည်တို့မောင်းတို့တီးပေးပါလိမ့်မယ်။ ဒီအခါမှာ ဆင်ကြီးဟာ ရဲစိတ်ရဲမာန်တွေ တက်ကြွလာပြီး တအားရုန်းလိုက်တာ တစ်ခါတည်း ကုန်းပေါ်ရောက်သွားတယ်။
ဒီလိုဆင်ကြီး ညွန်ထဲက ရုန်းထွက်နိုင်တဲ့အဖြစ်ကို မြင်ခဲ့ကြရတဲ့ ရဟန်းတော်တွေက ဂေါတမမြတ်စွာဘုရားကို လျှောက်ထားကြတယ်။ ဒီအခါမှာ ဂေါတမမြတ်စွာဘုရားက ရဟန်းတော်တွေကို…..
မမေ့လျော့ခြင်း အပ္ပမာဒတရား၌ မွေ့လျော်ကြကုန်လော့၊ မိမိစိတ်ကို စောင့်ရှောက်ကြလော့၊ ညွန်၌နစ်သောဆင်သည် မိမိကိုယ်ကို ညွန်ပျောင်းမှ ထုတ်ဆောင်သကဲ့သို့ ကိလေသာညွန်ပျောင်းမှ မိမိကိုယ်ကိုထုတ်ဆောင်ကြ….လို့မိန့်တော်မူတယ်။ အဲဒီဂေါတမမြတ်စွာဘုရားရဲ့စကားဟာ ကျွန်တော်တို့နဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ စကားဗျ။ ဒါပေမယ့် ကျွန်တော်တို့မှာ ဖြစ်နေတာက ခိုင်ခံ့လွန်းတဲ့ သံတိုင်ကြီးမှာ သံကြိုးတွေနဲ့ ရစ်ပတ်နှောင်ဖွဲ့ပြီး သော့ခတ်ထားတဲ့ ကျွန်တော်တို့ကို ဘယ်သူများလာပြီးသော့ဖွင့်ပေးပါ့မလဲ၊ ကိလေသာညွန်ထဲက ရုန်းထွက်နိုင်အောင် ဘယ်သူများလာပြီး စည်တီးရင်း အားပေးပါ့မလဲလို့ မျှော်နေမိတဲ့အဖြစ်ပါဗျာ၊ နေပါဦး၊ ခင်ဗျားတို့ကတော့ မရုန်းဘူးလား၊ ဘယ်လိုလဲ၊ မရုန်းကြတော့ဘူးလား……..
မရုန်းဘူးလား…..မရုန်းကြတော့ဘူးလားဟု အထက်ပါပုဂ္ဂိုလ်က မေးနေသော်လည်း ကျွန်တော်တို့လူစုဘက်မှ စကားပြန်မရဘဲ တိတ်ဆိတ်စွာ ထိုင်လျက်ရှိသော ထိုနေ့ကမြင်ကွင်းကို မြင်ယောင်ဆဲရှိနေပါသည်။ 


နန္ဒာသိန်းဇံ၏ မနက်ဖြန်များကိုဖြတ်သန်းနေသောစိတ်ကူးများ
စာအုပ်မှ 


No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...