pages

Thursday, September 26, 2013

မိတ်ကောင်း ဆွေကောင်း


“ယဉ်ကျေးသိမ်မွေ့မွန်ရည်ခြင်းဟာ တစ်ခါတစ်ရံမှာ အကောက်အကျစ် အညစ်အပတ် အလွန်တော်တဲ့ လူယုတ်မာတွေရဲ့ အဆင်တန်ဆာနဲ့တူတယ်။ အဲဒီအဆင်တန်ဆာနဲ့ ကောက်ကျစ်ညစ်ပတ်ခြင်းတွေကို ဖုံးထားတာ”
ဒီတော့ မွန်မွန်ရည်ရည် သိမ်သိမ်မွေ့မွေ့ ယဉ်ယဉ်ကျေးကျေး အမှုအရာအပြောအဆိုတွေနဲ့ ကိုယ့်အနားရောက်လာသူ၊ ကိုယ့်ကိုပေါင်းဖေါ်လာသူကို လူကောင်းသူကောင်း မိတ်ကောင်းဆွေကောင်းလို့ ထင်မိလို့ သူနဲ့ပေါင်းမိသူတွေ ဒုက္ခရောက်ကြတာ အများကြီး၊ ဘ၀ပျက်သွားသူတွေ အများကြီး။
မိတ်ကောင်းဆွေကောင်းဆိုတာ ရှားမှရှားတယ်လို့ပဲ ထင်ပါတယ်။ အရစ္စတိုတယ်က တစ်ခါမှာ “မိတ်ဆွေတို့”လို့ခေါ်လိုက်တော့-သူ့အနီးကလူတွေက ဘာများပြောမလဲလို့ သူ့ဆီကိုလှမ်းကြည့်ကြတယ်။ ဒီအခါမှာ အရစ္စတိုတယ်က “မိတ်ဆွေဆိုတာ လောကမှာ မရှိဘူး”လို့ ပြောလိုက်ဖူးတယ်။ အာရစ္စတိုတယ်လည်း သူ့တစ်သက်တာမှာ မိတ်ကောင်းဆွေကောင်းကို မတွေ့ခဲ့ရလို့ ဒီလိုပြောလိုက်တာဖြစ်မယ်။ သူရေးတဲ့ Nicomichean Ethics ဆိုတဲ့စာအုပ်ထဲမှာ “တစ်ကယ်လူတော်လူကောင်းဆိုတာ ကိုယ့်ကိုကိုယ်ပဲ မိတ်ဆွေကောင်းလို့ မှတ်ယူသူဖြစ်တယ်။ စိတ်ခွန်အားနည်းနေသူတွေသာ မိမိပြင်ပမှာ မိတ်ဆွေရှာကြတာ”တဲ့။ နောက်ဆုံးတော့ ကိုယ့်ကိုကိုယ်ပဲ အားကိုးခြင်းဟာ အကောင်းဆုံးပဲလို့ သူကယူဆထားတာ ဖြစ်ပါလိမ့်မယ်။
ဘ၀ဖြစ်တည်မှု့ ပဓာန၀ါဒီတွေထဲမှာ နာမည်ကြီးတဲ့ အဲလ်ဘတ်ကာမျူးက“ကိုယ့်နောက်က လိုက်တဲ့သူ၊ ကိုယ့်ရှေ့ကသွားတဲ့သူဆိုတာ မိတ်ဆွေမဟုတ်ဘူး၊ မိတ်ဆွေဆိုတာ ကိုယ့်ဘေးက ကိုယ်နဲ့အတူသွားတဲ့သူသာဖြစ်တယ်”ဆိုတဲ့သဘောမျိုးရေးဖူးတယ်။ ဟုတ်မှာပါ။ ကိုယ်အောင်မြင်နေတုန်း ကိုယ့်နောက်ကလိုက်နေသူ၊ တာဝန်မယူချင်၊ အမှားမကြုံချင်လို့ ကိုယ့်ကိုရှေ့ကအကာအကွယ်ထားပြီး နောက်ကလိုက်နေသူ၊ ရေသာခိုချင်လို့၊ အချောင်လိုချင်လို့ ကိုယ့်နောက်ကလိုက်နေသူဟာ မိတ်ဆွေမဖြစ်နိုင်ဘူး။ အရေးပါချင်လို့၊ အရာထွင်ကျယ်ချင်လို့၊ အခွင့်အရေး အလျင်အဦးယူချင်လို့၊ ဆရာကြီးလုပ်ချင်လို့ ကိုယ့်ရှေ့ကသွားသူဟာလည်း မိတ်ဆွေမဖြစ်နိုင်ပါဘူး။ ဒုက္ခအန္တရယ်ကျရောက်လာရင် အတူတူကျော်လွှားသူ၊ အခက်အခဲပြဿနာကြုံရင် အတူတူဖြေရှင်းသူ၊ အေးအတူ ပူအမျှ ကိုယ့်ဘေးမှာ ရှိတဲ့သူသာ မိတ်ကောင်းဆွေကောင်းဖြစ်နိုင်တယ်ဆိုတဲ့သဘောနဲ့ “မိတ်ဆွေဆိုရင် ငါ့ဘေးကငါနဲ့အတူသွား”လို့ ကာမျူးက ရေးခဲ့တာ ဖြစ်လေမလားပဲ။



အဲဒီလိုမိတ်ဆွေမျိုးရရင်တော့ လူ့ဘ၀လူ့ခရီးစဉ်မှာ ကျေနပ်အားရခြင်းများစွာနဲ့ လူ့ဘ၀လူ့ခရီးကို လျှောက်မိမှာပဲ။ ဒါပေမဲ့ ဒီလိုမိတ်ဆွေမျိုးကလည်း ရဖို့မလွယ်ဘူး။ ကိုယ်ကကော ဒီလိုမိတ်ဆွေမျိုး ဖြစ်နိုင်လို့လား….လို့လဲမေးဖို့လိုမယ်။
ဗုဒ္ဓ၀ါဒီတွေ အသိများကြတဲ့ အရှင်အာနန္ဒာမထေရ်က တစ်ခါမှာ “မိတ်ကောင်းဆွေကောင်း ရှိခြင်းဟာ ကိစ္စတစ်ဝက်ပြီးမြောက်နိုင်တယ်”လို့ပြောတယ်။ ဒီလိုပြောတာကိုကြားတဲ့ ဂေါတမဗုဒ္ဓက အရှင်အာနန္ဒာကို…….
“အာနန္ဒာ….ဒီလို မဆိုနဲ့၊ မိတ်ကောင်းဆွေကောင်းရှိရင် ကိစ္စအလုံးစုံ ပြီးမြောက်တယ်”လို့ မိန့်ကြားဖူးတယ်။
ဟုတ်လိုက်တာမှဗျာ၊ ဂေါတမဗုဒ္ဓဆိုတဲ့ မိတ်ဆွေကောင်းနဲ့ တွေ့ရလို့ အရဟတ္တမဂ်-ဖိုလ်ပညာတွေကို သိမြင်သွားသူအများကြီး။ ဒီလိုသိမြင်တဲ့သူတွေမှာ ကျွန်တော်တို့လို စားဖို့၊ ၀တ်ဖို့၊ နေဖို့အတွက် လုပ်စရာကိစ္စလည်းမရှိတော့ဘူး။ ချစ်ရေး၊ ကြိုက်ရေး၊ အိမ်ထောင်ပြုရေး၊ သားရေးသမီးရေးကိစ္စတွေလည်း မရှိတော့ဘူး။ ဟိုလူနဲ့အဆင်ပြေအောင်၊ ဒီလူနဲ့အဆင်ပြေအောင် မျက်နှာချိုသွေးရ၊ ဟိုလူကြောက်ရ၊ ဒီလူရိုသေရ ဆိုတာတွေလည်း မရှိတောဘူး။ မတ်တပ်စာရှိပေမယ့် တုံးလုံးစာမရှိသေးဘူးဟဲ့ဆိုပြီး ရှာရ၊ဖွေရ၊ စုရ၊ ဆောင်းရတဲ့ ကိစ္စတွေ၊ အိုခြင်းဆင်းရဲ၊ နာခြင်းဆင်းရဲ၊ ဆေးရုံတက်ရခြင်းဆင်းရဲ၊ ဟိုလူအတွက်၊ ဟိုသား ဟိုသမီးအတွက်၊ ဟိုမြေးအတွက် ကြောင့်ကြရတာမျိုးတွေ၊ မှာရကြားရတာတွေ၊ အမလေး၊ ဘလေးအော်ဟစ်ပြီး မခံချိတဲ့ဝေဒနာတွေနဲ့ သေရခြင်းတွေလည်း သူတို့မှာ မရှိတော့ဘူး။ ဂေါတမဗုဒ္ဓဆိုတဲ့ မိတ်ကောင်းဆွေကောင်းနဲ့ တွေ့လို့ ကိစ္စအလုံးစုံသူတို့မှာ ပြီးစီးသွားခဲ့ကြတာ…….သူတို့တွေကို အမှတ်ရတိုင်း ၀မ်းသာလွန်းလို့ ကျွန်တော်က အကြိမ်ကြိမ် ရှစ်ခိုးဦးညွှတ်မိပါတယ်။
အထက်ပါအကြောင်းအရာတွေကို ပြောပြပြီး ဦးခေါင်းထက်မှာ လက်အုပ်တချီချီလုပ်နေတဲ့ သူ့ကိုကြည့်ရင်း “မိတ်ကောင်းဆွေကောင်းနှင့် ခရီးသွားခြင်း”ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြောဖို့၊ ရေးဖို့ စိတ်ကူးရခဲ့ပါတယ်။


နန္ဒာသိန်းဇံ၏ မနက်ဖြန်များကိုဖြတ်သန်းနေသောစိတ်ကူးများ
စာအုပ်မှ 

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...