pages

Thursday, September 26, 2013

ကောင်းတယ်လို့ပဲထင်



“ဤမည်သောကောင်းမှုကို ငါပြုခဲ့ပြီဟု မိမိ၏ ကောင်းမှု့ကိုသာလျှင် လူသည် မြင်တတ်၏။ ဤမည်သော မကောင်းမှု့ကို ငါပြုမိ၏။ ဤသို့ပြုမိခြင်းသည် ငါ၏အပြစ်ပါတကားဟု မိမိ၏ မကောင်းမှု့ကိုမမြင်တတ်။ ဤသို့ဆင်ခြင်ရှု့မြင်ရန်ကား ခဲယဉ်လှချေ၏” ဟုတ်နိုင်ပါသည်။ ဟုတ်ကိုဟုတ်ပါသည်။ လူဆိုသည်မှာ မိမိလုပ်တာကိုတော့ ကောင်းတယ်ဟုထင်သည်။ ကိုယ်လုပ်တာကို မကောင်းဘူးဟု မမြင်သူသည် ကိုယ့်အပြစ်ကို မမြင်သောသူပင်ဖြစ်သည်။
မိတ္တဗလဋီကာစာအုပ် **How To Win Friends And Influence People ကိုရေးသူ ဒေးကာနေဂျီသည် အထက်ပါအာသောကမင်းကြီး၏ အဆိုအမိန့်ကို သူ့စာအုပ်၌ ကိုးကားခဲ့လေသည်လား၊ မကိုးကားခဲ့ဘူးလားဆိုသည်ကိုတော့ မမှတ်မိ။
ထိုစာအုပ်ကို ရစဉ်ကာလက စာအုပ်မျက်နှာဖုံးတွင် ဤစာအုပ်ကို ခြောက်သန်းကျော် ရောင်းပြီးပြီဟု ဖော်ပြထားသည်ကို အမှတ်ရနေသည်။ ရောင်းရပေမှာပေါ့၊ လူတွေကြိုက်နှစ်သက်သည့် အကြောင်းအရာတွေကို သူက ရေးတတ်ပေတာကိုး။ ဒေကာနေဂျီက သူစာအုပ်ကို စိတ်လှုပ်ရှားဖွယ်ရာ လူဆိုးဖမ်းပွဲနှင့် စဖွင့်ထားသည်ကို အမှတ်ရမိသည်။
မကြုံစဖူးသော လူဆိုးဖမ်းပွဲကို နယူးယောက်မြို့သူမြို့သားများ တွေ့မြင်နေရသည်။ တစ်ရာငါးဆယ်မျှရှိသော ရဲအဖွဲ့ဝင်နှင့် စုံထောက်များသည် ရက်သတ္တပတ်ပေါင်းများစွာ ရှာဖွေခဲ့သော နယူးယောက်မြို့ လူဆိုးစားရင်းတွင် ကြောက်မက်ဖွယ်ရာ အကောင်းဆုံး၊ အရက်စက်ဆုံး လူသတ်သမား ကရိုလီကို တိုက်ခန်းတစ်ခုအတွင်း၌ ပိတ်မိထားသည်။ ရဲအဖွဲ့ဝင်အချို့သည် လူဆိုးရှိရာအခန်း၏ အမိုးကိုရိုက်ချိုးဖောက်ခွဲ၍ အခန်းတွင်းသို့ မျက်ရည်ယိုဗုံးပစ်သွင်းသည်။ နီးစပ်ရာ တိုက်ခန်းများတွင် အသင့်နေရာယူထားကြသော ကျန်အဖွဲ့ဝင်တို့က စက်သေနတ်များဖြင့် လှမ်း၍ပစ်ခတ်ကြသည်။ တစ်နာရီကျော်မျှ စက်သေနတ်သံများ၊ ပစ္စတိုပစ်ခတ်သံများက ရပ်ကွက်ကြီးတစ်ခုလုံးကို ပဲ့တင်ထပ်နေသည်။ အခန်းတွင်းမှနေ၍ ကရိုလီကလည်း ရဲများကို ခုခံပစ်ခတ်လျှက်ရှိသည်။ ဤသို့ အပြန်အလှန် ပစ်ခတ်နေသည်ကို နယူးယောက်မြို့သား တစ်သောင်းကျော်လောက်က စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့်နေကြသည်။



ကရိုလီရှိရာ အခန်းတွင်းသို့ ရဲများက အဆက်မပြတ် ပစ်ခတ်နေစဉ် ကရိုလီက “သက်ဆိုင်ရာသို့”ဟု လိပ်မှုတပ်၍ စာတစ်စောင်ကိုရေးသည်။ သူရေးနေသည့် စာရွက်ပေါ်သို့ သူ့ခန္ဓာကိုယ်တွင် ထိမှန်ထားသော ဒဏ်ရာတို့မှ သွေးစီးကျနေသည်။ လူဆိုးကြီးဖြစ်ပေမယ့် သူစာက ကဗျာဆန်၍ နုနယ်လှသည်။ သူရေးပုံက “ကျွန်ုပ်၏ အင်္ကျီအောက်၌ နွမ်းနယ်နေသော နှလုံးသား ရှိပါသည်။ ကျွန်ုပ်၏နှလုံးသားသည် ကြင်နာတတ်သော နှလုံးသား……၊ ဘယ်သူ့ကိုမှ ဘေးအန္တရယ်မပြုတတ်သော နှလုံးသားဖြစ်ပါသည်” ဟူ၏
သူ၏နှလုံးသားသည် ဘယ်သူ့ကိုမှ ဘေးအန္တရယ်မပြုသော နှလုံးသားဖြစ်ပါသည်ဟုဆိုသော ကရိုလီသည် ဤအဖြစ်အပျက် မဖြစ်ခင်စောစောက ကားလိုင်စင်ပြရန်တောင်းလာသော ရဲအရာရှိကို စကားတစ်ခွန်းမျှမပြောဘဲ သေနတ်ဆွဲထုတ်ကာ ထိုအရာရှိ၏ ခန္တာကိုယ်ထဲသို့ ကျည်ကုန်ပစ်သွင်းလိုက်သည်။ ဤမျှဖြင့်မကျေနပ်သေး။ ကရိုလီက ကားထဲမှခုန်ထွက်လာပြီးနောက် လဲကျသွားကာ အသက်ငင်လျက်ရှိသည့် ရဲအရာရှိ၏ ခါးမှသေနတ်ကိုဆွဲထုတ်၍ ကျည်တစ်တောင့် ထပ်ကာပစ်ထည့်လိုက်သေးသည်။ သူ့ကိုလာရှုပ်သည်ကြောင့် ပစ်သတ်လိုက်သည်ဟု ကရိုလီက ဆင်ခြင်ပေးလိမ့်မည်လား၊ ဝေဒနာခံစားနေရတာကို မကြည့်ရက်၍ မြန်မြန်သေအောင် ပစ်လိုက်ရခြင်း ဖြစ်ပါသည်ဟု ဆင်ခြင်ပေးလိမ့်မည်လား မပြောတတ်။
ဖမ်းပြီးနောက် ကရိုလီကို သေဒဏ်ချမှတ်လိုက်သည်။ ဆင်းဆင်းထောင်ရှိ ရာဇ၀တ်ကောင်များကို လျှပ်စစ်ထိုင်ခုံ၌တင်၍ သေဒဏ်ပေးရာနေရာသို့ ရောက်လာသောအခါ ကရိုလီက “လူတွေကိုသတ်သောကြောင့် ဤသို့သေဒဏ်ခံရခြင်းဖြစ်ပါသည်”ဟုမပြော၊ နည်းနည်းမှ ၀န်မခံ။ ကရိုလီက “ဤအပြစ်ဒဏ်ခံရခြင်းသည် မိမိကိုယ်ကို ကာကွယ်သောကြောင့် ခံရခြင်းဖြစ်ပါသည်” ဟုသာဆိုသည်။
ဤနေရာတွင်ပြောချင်သည်မှာ လူဆိုးကြီးကရိုလီသည် သူကိုယ်သူနည်းနည်းမှ အပြစ်မတင်ဟူသော အချက်ပင်ဖြစ်ပါသည်ဟု ဒေးကာနေဂျီ သတိပေးတာကို ကြားယောင်ပါသည်။ လူဆိုးကြီးကိုယ်တိုင်ကပင် သူကိုယ်သူအပြစ်မပြောပါက သာမန်လူတွေအဖို့ မိမိကိုယ်ကို အပြစ်ပြောဖို့၊ အပြစ်တင်ဖို့ ဝေးစွ၊ ဝေးလေစွ။ လူတွေဟာ ကိုယ်လုပ်တာတော့ ကိုယ့်ဟာကို ကောင်းတယ်လို့ပဲထင်သည်။ ကိုယ့်လုပ်တာမကောင်းဘူးဟု ဘယ်တော့မှ ကိုယ့်ကိုကိုအပြစ်မတင်၊ အပြစ်မမြင်။ အပြစ်မမြင်တော့ အပြစ်တင်လာတာ၊ အပြစ်ပြောလာတာကို နည်းနည်းမှ မကြိုက်။ အပြစ်တင်လိုဟန် အမှုအရာမျိုးပြခြင်းကိုလည်း ကြိုက်လိမ့်မည်မဟုတ်၊ ဒါဖြင့် လူတွေ ဘာကိုကြိုက်တာလဲ။
ဒေးကာနေဂျီ ငါးမျှားထွက်သည့်အကြောင်းကို အမှတ်ရပြန်သည်။ သူက မိန်းပြည်နယ်ဘက်သို့ ထွက်၍ ငါးမျှားလေ့ရှိသည်။ သူကိုယ်တိုင်ကတော့ ရေခဲမုန့်နှင့် စတော်ဘယ်ရီကို ကြိုက်သည်။ သို့ရာတွင်ငါးတွေကတော့ နှံကောင်နှင့် တီကောင်ကိုပဲကြိုက်သည်။ သို့ဖြစ်၍ ငါးမျှားရာ၌ ရေခဲမုန့်နှင့် မျှား၍မဖြစ်၊ စတော်ဘယ်ရီနှင့်လည်း မျှား၍မဖြစ်၊ ငါးလိုချင်လျှင်တော့ ငါးတွေကြိုက်သည့် နှံကောင် သို့မဟုတ် တီကောင်နှင့်မျှားရမည်။ ထိုအတူ လူတွေကိုယ့်ဘက် အောင်မြင်စွာပါလာလိုလျှင် လူတွေ ကြိုက်တတ်တာနှင့် မျှားယူရလိမ့်မည်ဟု ဒေးကာနေဂျီက ပြောလိုခြင်းဖြစ်သည်။
ဒါဆိုလျှင် လူတွေကြိုက်တတ်သည်က ဘာတွေလဲ။ လူတွေကြိုက်တာက အပြစ်မပြောတာကို ကြိုက်သည်၊ အပြစ်မတင်တာကို ကြိုက်သည်။ အပြစ်တင်ခြင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သော အကောင်းပြောခြင်းကို ကြိုက်သည်။ ချီးမွမ်းခြင်းကိုကြိုက်သည်။ မနှိမ်မချ မထိခိုက်ဘဲ ပြောဆိုခြင်းကို ကြိုက်သည်။ မိမိကို ခွင့်လွတ်သည်းခံဟန်ပန်မျိုး မြင်ရလျှင်လည်း ကြိုက်မည်။ဤအကြိုက်တွေကို ပေးလျှင် ကိုယ့်ဘက်ကို လူတွေပါလာတော့မည်။ ဒေးကာနေဂျီက မိမိနှင့်အခြားလူများစု၍ ရိုက်ထားသော အုပ်စုလိုက်ပုံကိုရလျှင် လူသည် မည်သူ့ပုံကို အလျင်ဦးဆုံး ရှာပြီးကြည့်ပါသလဲတဲ့။ လူသည် မိမိပုံကိုသာလျှင် သူများပုံတွေထက် အလျင်ဦးဆုံးရှာ၍ ကြည့်တတ်သည်။ နောက်တော့မှ သူများတွေရဲ့ပုံကို ကြည့်ချင်ကြည့်မည်။ လူသည် ကိုယ့်ကိုယ်ကို စိတ်အ၀င်စားဆုံး၊ လူသည် ကိုယ့်ကိုယ်ကို အလေးထားဆုံး၊ လူသည် ကိုယ့်ကိုယ်ကို အရေးပါဆုံးဟုမြင်သည်။ အရေးအပါဆုံးဟု မြင်သောကြောင့် မိမိကို အလေးထားလာလျှင် ကြိုက်သည်။ လေးစားသမှုပြုလာခြင်းကို ကြိုက်သည်။ လူသည် မိမိကို အရေးပါခွင့်၊ တွင်ကျယ်ခွင့်ပြုလျှင် ကြိုက်သည်။ မိမိကိုနေရာပေးလျှင် ကြိုက်သည်။ ဤအကြိုက်တွေကို ကိုယ်ကပေးလျှင် အကြိုက်တွေ့သွားကြသောသူတွေ ကိုယ်ဘက်ရောက်လာကြမည်။ လူတွေကိုယ်ဘက်ရောက်လာခြင်းသည်ပင် လူတွေကိုအောင်နိုင်ခြင်း ဖြစ်သည်။ လူတွေကိုယ့်ဘက်ရောက်လာမှတော့ ကိုယ်လိုလားတာတွေ ဖြစ်မြောက်အောင်မြင်မှာ သေချာသည်။
ဤအကြောင်းတွေကို တွေးရင်းမှ ပုဂံဘုရင် နရသီဟပတေ့နှင့် ၀က်လက်ခိုးမသား အကြောင်းကိုလည်း သတိရလာပြန်သည်။ နရသီဟပတေ့တွင် ဥဇနာ၊ ကျော်စွာ၊ သီဟသူ အမည်ရသော သားသုံးပါးရှိသည်။ နရသီဟပတေ့က စားတော်အတွက် ပထမသားနှစ်ပါးကို ၀က်လက်ကိုပေးစေ၍ သားအငယ်သီဟသူကို ၀က်ပေါင်ကိုပေးစေသည်ဟုဆိုသည်။ ဤသို့ခွဲခြားပေးခြင်းကို သီဟသူ၏မယ်တော် ရှင်မောက်ကမကြိုက်၊ မကျေနပ်။ ၀က်ပေါင်ကိုသာ ရသောကြောင့် သူ့သားတော် ဂုဏ်ငယ်သည်ဟု ထင်သည်။ ထို့ကြောင့် စားတော်သည်အကြီးကို တံစိုးလက်ဆောင်ပေးပြီး သီဟသူကို ၀က်လက်၊ ကျန်မင်းသားနှစ်ပါးကို ၀က်ပေါင်ကို ပေးစေသည်။ ဤသို့ပြုသည်ကို ဘုရင်ကြီး နရသီဟပတေ့က သိသွားသည်။ နရသီဟပတေ့က သားကင်သည်အကြီးကို ပြစ်ဒဏ်ပေးသည်။ ဤအဖြစ်အပျက်ပြီးနောက် ဘုရင်ကြီးက ရှင်မောက်ကို ၀က်လက်ခိုးမဟူ၍လည်းကောင်း၊ သီဟသူကို ၀က်လက်ခိုးမသားဟူ၍လည်းကောင်း ကျီစယ်လိုသည့် သဘောဖြင့်ခေါ်လေ့ရှိသည်။ ဤသို့ခေါ်ခြင်းကို သီဟသူကမကြိုက်၊ ချီးမွမ်းသည့်စကား၊ အလေးအမြတ်ထားသည့်စကား၊ ဂုဏ်ပြုသည့်စကားမဟုတ်တော့ ကိုယ့်ခမည်းတော်က ခေါ်သည့်စကားကိုပင် သည်းမခံနိုင်၊ သူ့ကိုနှိမ်နယ်သည်။ နှိမ်ချသည်၊ ဂုဏ်သိက္ခာကို ဖျက်သည်ဟု မြင်ကာ ဒေါသဖြစ်သည်၊ အာဃာတတွေထားသည်။
တာတာလူမျိုးတွေ ၀င်တိုက်သောအခါ နရသီဟပတေ့ အောက်မြန်မာပြည်သို့ ဆုတ်ပြေးရသည်။ တာတာတို့က ပြည်မြို့အောက်တရုတ်မော်အထိ လိုက်သည်။ တာတာတို့ ပြန်ဆုတ်သွားသောအခါ နရသီဟပတေ့က ပုဂံသို့ပြန်တက်လာသည်။ ပြည်မြို့သို့ရောက်သည်။ ပြည်တွင် ပြည်စားသားတော် သီဟသူရှိသည်။ ၀က်လက်ခိုးမသားဟု အခေါ်ခံရ၍ အငြိုးအတေးထားခဲ့သော သီဟသူက သူ့ဖခမည်းတော် နရသီဟပတေ့ကို စားတော်တွင် အဆိပ်ခတ်၍ သတ်သည်ဟုဆိုသည်။ သူတစ်ပါးမကြိုက်နိုင်တာကို ပြောမိ၍ အသက်ပါဆုံးရှုံးရသည့် နရသီဟပတေ၏အဖြစ်….။ မိမိ၏အရေးပါမှု့ကိုထိခိုက်စေသော စကားမျိုးပြောလာလျှင် နရသီဟပတေ့ကိုယ်တိုင် နည်းနည်းမျှမကြိုက်၊ သူ၏ဂုဏ်သိက္ခာကိုထိခိုက်စေသော “ပန်းပွတ်သည် သားမြေးတွေ ကောင်းစားနေသောကြောင့်” ဆိုသောအမတ်ကြီး ရာဇသင်္ကြန်၏ စကားကို သူနည်းနည်းမျှမကြိုက်နိုင်ဖြစ်ခဲ့သည်။
ကိုယ့်ကိုပြောလျှင် မကြိုက်နိုင်သည့် စကားမျိုးကို သူတစ်ပါးကိုမပြောဘဲ နရသီဟပတေ့က နေသလားဆိုတော့ မနေ။ သူများမကြိုက်သည့်စကားမျိုးကို နရသီဟပတေ့က ပြောဖြစ်အောင်ပြောသည်။ အသောက ကျောက်စာအတိုင်း ကိုယ်ပြောတာကိုတော့ ကိုယ့်ဟာကိုယ် ကောင်းတယ်ပဲထင်သည်။ ကိုယ်ပြောတာမှာ အပြစ်ရှိတယ်ရယ်လို့ နည်းနည်းမှမမြင်။ ဤအကြောင်းကိုတွေးရင်း နရသီဟပတေ့ဘုရင်ကြီး စားတော်တည်သည့်ဟင်းခွက်တွေကို မြင်ယောင်ကြည့်သည်။ ဟင်းခွက် ၃၀၀ ပြည့်မှ စားတော်ခေါ်သည်ဆို မဟုတ်လား။ ဟင်းအမျိုးအမည်နှင့် ဟင်းခွက်တည်နေပုံကို မြင်ယောင်ကြည့်ရင်း ညနေမိတ်ဆွေများနှင့် စားသောက်ဖို့ချိန်းထားသည်ကို သတိရလာသည်။
ကျောက်စာများကို ထားချန်ခဲ့၍ ပြတိုက်ဝင်းမှ ထွက်လာခဲ့သည်။ သို့ရာတွင် အတွေးကို လက်စသိမ်း၍ မရဘဲဖြစ်နေသည်။ “ပုဂံကိုမရောက်သေးရင် မြန်မာမပီသသေးဘူး”ဟု မကြာခဏပြောတတ်သောကျွန်တော်ဆရာစကားကို သတိရပြန်သည်။ တစ်ဆက်တည်းမှာပင် “ပုဂံကိုလာကြတဲ့သူတွေရဲ့စိတ်ဆန္ဒတွေဟာ အမျိုးမျိုးရှိတာပေါ့။ တချို့က ပုဂံကျောက်စာ၊ မင်စာတွေကိုလေ့လာချင်လို့လာတယ်။ တချို့က အနုပညာလက်ရာတွေ၊ ပန်းချီပန်းပုတွေကို လေ့လာချင်လို့လာတယ်။ တချို့က ဘုရားဖူးဆိုတဲ့ခေါင်းစဉ်နဲ့ အလည်လာတယ်။ အမျိုးမျိုးပေါ့။ တစ်ကယ်တော့ ပုဂံမြေပေါ်က ဘုရားပုထိုး၊ ဂူကျောင်းတွေဟာ သီလ၊ သမာဓိ၊ ပညာဆိုတဲ့ သာသနာသုံးရပ်ရဲ့ အထိမ်းအမှတ်တွေ….အဲဒီသာသနာဆိုတဲ့ အဆုံးအမတွေတိုင်း လိုက်နာကျင့်သုံးဖို့ ညွှန်းဆိုနေတဲ့ အထိမ်းအမှတ်တွေ..ဟုပြောပြသော ဆရာစကားကို အမှတ်ရလာသောကြောင့် ချိန်းဆိုရာသို့ ဦးတည်လျှောက်နေသော ကျွန်တော့်ခြေလှမ်းများက တုန့်ဆိုင်းသွားကြသည်။ သူတို့ဆီ သောက်ဖို့၊ စားဖို့ သွားတာထက် ဘုရားစေတီဆီသွားတာ ပိုကောင်းပါလိမ့်မယ် ဟူသောအတွေးဖြင့် ကျွန်တော်က မင်္ဂလာစေတီကြီးရှိရာသို့ ဦးတည်၍လျှောက်သည်။ သို့ရာတွင် ကျွန်တော်စိတ်ကတော့ မိတ်ဆွေအပေါင်းအသင်းရှိရာသို့ လျှောက်နေသည်ကို သိပါသည်။
ကျွန်တော်နောက်မှ ဖြတ်ကျော်တက်သွားသူတွေ၊ ကျွန်တော်နဲ့မျက်နှာချင်းဆိုင် လျှောက်လာသူတွေကိုကြည့်ရင်း “ကယာနံမေ၀ ဒေခတိ။ ဣယံမေကယာနေကဋေတိ” ဟူသောစာကြောင်းကို “လူတွေဟာ ကိုယ်လုပ်တာကို ကောင်းတယ်ပဲ ထင်နေကြတယ်” ဟုနုတ်မှ အသံခပ်သိုးသိုးထွက်၍ အလွယ်ဆုံးဘာသာပြန်ကြည့်သည်။ သို့ရာတွင် “နောမိနံပါပံ” အစချီသည့် နောက်စာကြောင်းကိုမှု ဘာသာပြန်လိုက်လျှင် ကိုယ့်ကိုယ်ကိုထိခိုက်တော့မှာ သေချာ၍ ဘာသာဆက်မပြန်တော့ပဲ စေတီကြီးရှိရာသို့ ခပ်သွက်သွက်လှမ်းနေမိသည့် ထိုနေ့ညနေက ကျွန်တော့်အဖြစ်ကို မြင်ယောင်လျှက်ရှိပါသည်။


နန္ဒာသိန်းဇံ၏ မနက်ဖြန်များကိုဖြတ်သန်းနေသောစိတ်ကူးများ
စာအုပ်မှ 

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...