pages

Thursday, December 6, 2012

၂၁ ရာစုနှစ်ကြီး နှစ်ပေါင်း ၁၀၀ တည်ပါစေ


ဘာလိုလိုနှင့် ၂၁ရာစုထဲ တကယ်ရောက်တော့မည်။ ကျွန်တော်ငယ်စဉ်က ကမ္ဘာကြီး သည်
လောက်ကြာကြာ  ခံလိမ့်မည်ဟု  လုံးဝမထင်ခဲ့။  နျူကလီးယားစစ်ကြီးဖြစ်ကာ  ကမ္ဘာကြီး  မကြာမီ
ပျက်စီးမည်  ဟူ၍ပဲ  ခေါင်းထဲစွဲနေခဲ့သည်။  ကမ္ဘာစစ်ကြီး  ဖြစ်မည်။  နျူးကလီးယားဗုံးတွေ  ကြဲချ
ကြမည်။ တစ်ကမ္ဘာလုံး သေမည်။ ငါလည်း ဘယ်လွတ်ပါ့မလဲ။ ကံဆိုးလေစွ။ လူသားမျိုး ပြုတ်ခါနီး
အချိန်ကျမှ  ကပ်ပြီး  လူလာဖြစ်ရတဲ့ငါ။  အဲသည်အတွေးက  ကျွန်တော့်ခေါင်းထဲ  နှစ်ပေါင်းများစွာ
ကြီးစိုးခဲ့သည်။ ဘာကြောင့်လဲ။
ကျွန်တော်တို့ လူမှန်းသိစ အရွယ်မှာ လူကြီးတွေ မကြာခဏ ပြောတတ်သည့် ကိုယ်တွေ့
ဖြစ်ရပ်များက၊ စစ်ကြီးတုန်းက အကြောင်း။ ကမ္ဘာတစ်လွှားက လူတွေသည် ဘာအတွက်မှန်း မသိ
တစ်ယောက်ကိုတစ်ယောက် အသည်းအသန် ကြိုးစားပမ်းစား သတ်ခဲ့ကြသည်တဲ့။ အင်္ဂလိပ် ဆို
တာ၊ ဂျပန်ဆိုတာတွေ တို့ဆီရောက်လာပြီး သတ်ကြ သေကြ။ တို့တွေလည်း ကြားက သေကြေ
ပျက်စီးကြ။
သတင်းစာလေး  ဘာလေး  ဖတ်တတ်လာတော့  ကြောက်ခမန်းလိလိ  ကြားသိရသည်က
အဏုမြူဗုံးအကြောင်း၊  ဟီရိုရှီးမားအကြောင်း။  ဗုံးကြီးတစ်လုံးတည်းနဲ့  သေလိုက်ကြတဲ့လူတွေ။
သည့်နောက်မှာတော့  အဏုမြူဗုံး  အကြီးစား  ကြီးတွေ၊ဟိုက်ဒရိုဂျင်ဗုံး  အကြီးစားကြီးတွေ  မြေ
အောက်မှာ၊ ရေအောက်မှာ၊ လေထဲမှာ ဖောက်ခွဲစမ်းသပ် နေကြပုံ အကြောင်း။ အဲသည်နောက်
တိုက်ချင်းပစ်  ဒုံးပျံကြီးတွေ၊  ဧရာမ  ဗုံးကြဲလေယာဉ်ကြီးတွေ၊  သမုဒ္ဒရာ  ရေအောက်မှာ  တိတ်တ
ဆိတ် ရွေ့လျားနေသည့် နျူကလီးယား ဒုံးယာဉ်တင် ရေငုပ်သင်္ဘောကြီးတွေအကြောင်း။
လူတွေကဒါကြီးတွေနှင့် ဘာလုပ်ကြဦးမည်လဲ။
ဒါတွေနှင့် လုပ်မည့်အရာ တစ်ခုတည်းပဲ ရှိပါသည်။
သေကြသတ်ကြမည်ပေါ့။
အစဉ်အဆက် လူတွေလုပ်ခဲ့ကြတာတွေပဲကြည့်။
ပုံပြင်တွေထဲမှာ  ခုနစ်ပြည်ထောင်မင်းတွေ  စစ်ခင်းသည့်အကြောင်း  ဖတ်ဖူးကြမည်။

အကြောင်းရင်းက  များသော  အားဖြင့်  မင်းသမီးအခိုးခံရသည့်ကိစ္စဖြစ်တတ်သည်။  ဒါလောက်
ကလေးနဲ့တော့ မလုပ်ကြပါနဲ့ဗျာဟု ကျွန်တော် မတောင်းပန်ရဲပါ။ မင်းသမီးတစ်ယောက်လုံး အခိုး  
ခံရတာ စစ်မတိုက်ဘဲ ဒီအတိုင်း လက်ပိုက် ကြည့်နေရမလားကွဟု အဲသည်ခေတ်က ပုဂ္ဂိုလ်တွေ
ကျွန်တော့ကို ဖိဟောက်ပါလိမ့်မည်။ ဒီခေတ်ဆိုရင်ကော။ အတူတူပဲနေမည် ထင်ပါသည်။
ထားပါတော့ အကြောင်းရင်းက အကြောင်းမဟုတ်ပါ။ လူတွေသည် တစ်ကြောင်းမဟုတ်
တစ်ကြောင်းရှာကာ စစ်တိုက်လာကြသည်ပဲ။ ကျောက်ခေတ်တုန်းက ကျောက်တုံး ကျောက်ခဲနှင့်။
ဘယ်လောက်မှ ဉာဏ်မရှိသေးသည့် ကျောက်ခေတ်လူသားပင် သတ်ဖို့ဖြတ်ဖို့ အတွက်ကျတော့
သူ လုပ်တတ်သည်။ အသားကောင်းပေ့ ဆိုတဲ့ ကျောက်တုံးကို ထုထောင်း ဖဲ့ရွဲ့။ ချွန်ချွန် မြမြ
ကျောက်သား  အကွဲအစရလျှင်  မာမာကျောကျော  သစ်ကိုင်းကျိုးမှာ  နွယ်ကြိုးနှင့်  နာနာချည်။
အဲဒါဆို တွေ့တဲ့အကောင် အသေထိုးဖို့ လက်နက်ကောင်း တစ်ခုရပြီ။ ကျောက်တုံး၊ ကျေက်လှံ၊
ကျောက်ပုဆိန်တွေနှင့် ထုထောင်းခုတ်ထစ်ရာက နောက်တော့ ဓားလှံ၊ လေးမြား။
အဲသည်နောက် သေနတ်၊ စက်သေနတ်၊ အမြောက်၊ စက်အမြောက်။ တိုးတက်လာလိုက်
ကြတာတွေ။  တချို့က  စစ်ကြောင့်  တိုးတက်သည်ဟုပင်  ဆိုကြသေးသည်။  အဲသည်  တိုးတက်
လာတာတွေနှင့် တိုက်ကြ၊ ခိုက်ကြ၊ သတ်ကြ။ လူပေါ်ဦးစကတည်းက သည်ကနေ့အထိ။ ရှေးပဝေ
သဏီ ကာလတွေ အသာထား၊ ပြီးခဲ့သည့် နှစ်တစ်ရာ ကာလ၊ နှစ်ဆယ်ရာစု ထဲကိုပဲ ပြန်စာရင်း
ချကြည့်လျှင်။ သေးသေးမွှားမွှားတွေ ဖယ်ထား၊ ကြီးကြီးမားမားတွေပဲ ရွေးပြီးပြောလျှင်၊
-  ၁၉ ရာစုအကုန် ၂၀ ရာစုအစ အာဖရိကမှာ ဘိုးဝါးစစ်ပွဲ(၁၈၉၉-၁၉၀၂) (ဗြိတိသျှနှင့် တောင်
အာဖရိက ဒတ်ခ်ျများ) အဲသည်နောက်၊
-  ရုရှား- ဂျပန်စစ်ပွဲ(၁၉၀၄- ၅)
-  ဘော်လကန်စစ်ပွဲများ( ၁၉၁၂- ၁၃) ဥရောပအရှေ့တောင်ပိုင်း ဘောလကန်ကျွန်းဆွယ် ဒေသ
နိုင်ငံများ)
-  ပထမကမ္ဘာစစ်(၁၉၁၄- ၁၈) (နိုင်ငံပေါင်းများစွာ)
-  တရုတ်- ဂျပန်စစ်ပွဲ(၁၉၃၁- ၄၅)
-  ဒုတိယကမ္ဘာစစ်(၁၉၃၉- ၄၅) (နိုင်ငံပေါင်းများစွာ)
-  ကိုးရီးယားစစ်ပွဲ(၁၉၅၀-  ၅၃)  မြောက်ကိုးရီးယား+ တရုတ်  နှင့်  တောင်ကိုးရီးယား+
အမေရိကန် ဦးဆောင်သော ကုလသမဂ္ဂတပ်)
-  အင်ဒိုချိုင်းနားစစ်ပွဲ(၁၉၄၆- ၅၄) (ပြင်သစ်နှင့် ဗီယက်နမ်)
-  ဗီယက်နမ်စစ်ပွဲ(၁၉၅၇- ၇၅) (အမေရိကန်နှင့် ဗီယက်နမ်)
-  အရှေ့အလယ်ပိုင်း စစ်ပွဲများ(၁၉၄၈- ၄၉) (၁၉၅၆) (၁၉၆၇) (၁၉၇၃) (၁၉၈၂) (အာရပ်နှင့်
အစ္စရေး)
-  အီရန်- အီရတ်စစ်ပွဲ(၁၉၈၀- ၉၀)
-  ဖော့ကလန်စစ်ပွဲ(၁၉၈၂) (ဗြိတိန်နှင့် အာဂျင်တီးနား)
-  ပါရှန်ပင်လယ်ကွေ့စစ်ပွဲ(၁၉၉၁) (  အီရတ်နှင့်  အမေရိကန်ဦးဆောင်သော  ကုလသမဂ္ဂ
နိုင်ငံစုံတပ်)
-  ယူဂိုဆလားဗီးယာနိုင်ငံ  ပြိုကွဲရာမှ  ဖြစ်ပေါ်သည့်  စစ်ပွဲပေါင်းများစွာ(၁၉၉၀  ခုနစ်များ)
ဒါက  စစ်ပွဲကြီးကြီးမားမားတွေချည်း  ရွေးချယ်ထားဖြင်းဖြစ်သည်။  ဒါတွေအပြင်  တစ်နိုင်ငံနှင့်
တစ်နိုင်ငံအကြား  ဖြစ်ပွားသည့်  ရေတိုရေရှည်  နယ်စပ်စစ်ပွဲတွေ၊  နိုင်ငံပေါင်းများစွာမှာ  နှစ်တို
နှစ်ရှည် ဖြစ်ပွားသည့် ပြည်တွင်းစစ် အကြီးအသေးတွေ အားလုံးသာ ထည့်ပေါင်းရလျှင် စာရင်းက
ဆုံးမည်မထင်။
*1999 ဒီဇင်ဘာလက ရေးသားခြင်း ဖြစ်ပါသည်။
အဲသည်လို စစ်တွေ တရစပ်တိုက်နေတတ်သော လူသားလက်ထဲမှာ ကမ္ဘာကို အကြိမ်ပေါင်းများစွာ
ဖျက်ပစ်လိုက်  နိုင်သည့်  နျူကလီးယား  လက်နက်တွေ  ရောက်နေပြီ။  သည်လူတွေ  ဒီလက်နက်ကြီးတွေ
မသုံးဘဲ ဘယ်လောက် ကြာကြာ နေနိုင်ကြမည်လဲ။ ကိုယ့်မှာ တကယ်တမ်း ဘေးကျပ်နံကျပ်  ဖြစ်လာသည့်
အခါမျိုးမှာ သူသေကိုယ်သေဆိုပြီး ထချကာ တစ်ကမ္ဘာလုံးကို ဆွဲခေါ်သွားနိုင်သည်။ ပြီး တစ်ယောက်ကို
တစ်ယောက် ဒုံးပျံများစွာနှင့် ချိန်ရွယ်ကာ အမြန်ဆုံး ခလုတ်နှိပ်နိုင်ဖို့ အသင့်ပြင်ထားတာ၊ သူက လုပ်လာ
လျှင် စက္ကန့်မဆိုင်း လက်တုံ့ပြန်နိုင်ရန် အတွက် လေယာဉ်ပျံတွေပေါ်မှာ နျူကလီးယား ဗုံးကြီးတွေတင်ကာ
လေထဲ အလှည့်ကျ ပျံဝဲခိုင်းထားတာ၊ စသည့် စသည့် အစီအစဉ်တွေမှာ အတိမ်းအစောင်း တစ်စုံတစ်ရာ
ဖြစ်ကာ  မတော်တဆ  ဆိုသလိုလည်း  စစ်ပွဲကြီး  ထဖြစ်သွားနိုင်သည်။  အဲသည်  အကြောင်းတွေကြောင့်
သည်ကမ္ဘာကြီးသည် သိပ်ကြာကြာ ခံလိမ့်မည်မဟုတ်။ အချိန်မရွေး ငါတို့ပါရောပြီး ကိစ္စချောမှာဟု ကျွန်
တော် သေချာနေခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုတော့။
ကျွန်တော်ပင် အသက်တော်တော် ရချေပြီ။ ကမ္ဘာက မပျက်သေး။ နှစ်ပေါင်း ကုဋေကုဋာ နေလာ
ခဲ့သည့်  ကမ္ဘာကြီး ကိုယ့်သက်တမ်း တိုတိုကလေး အတွင်းမှာမှ ပျက်မည်ထင်နေတာ ကျွန်တော်များ ဘဝင်
မြင့်၍လား။ အဏုမြူဗုံးက ဟီရိုးရှီးမားနှင့် နာဂါစကီမှာ ၁၉၄၅ ခုနှစ်က ပေါက်ကွဲခဲ့ပြီး ယခုနောက်ထပ် ဘယ်
မြို့ ဘယ်ရွာမှာမှ မပေါက်ကွဲသေး။ အမယ်၊ ပြန်စဉ်းစား ကြည့်လိုက်တော့ အရင်တုန်းက လူတွေ ကြောင့်ကြ
ကြနှင့် မကြာခဏပြောဆိုခဲ့ရသည့် တတိယ ကမ္ဘာစစ် ဆိုတာကြီးကလည်း ဘယ်ဆီပျောက်သွားမှန်း မသိ။
သည့်ကနေ့အထိ ပေါ်မလာ။ ပထမကမ္ဘာစစ် ၁၉၁၈ မှာပြီး၍ ၂၁ နှစ်အကြာ ၁၉၃၉ မှာ ဒုတိယကမ္ဘာစစ် ဖြစ်
သည်။ အဲသည်နှုန်းနှင့်တွက်လျှင် ဒုတိယကမ္ဘာစစ်ကြီး ၁၉၄၅ မှာပြီး၍ နှစ် ၂၀ လောက်အကြာ ၁၉၆၅- ၆၆
လောက်မှာ တတိယကမ္ဘာစစ်ကြီး ဖြစ်ဖို့ရှိသည်။ တကယ်လည်း ဒုတိယကမ္ဘာစစ် အပြီးမှာပဲ တတ်နိုင်သည့်
နိုင်ငံ မှန်သမျှ အဏုမြူလက်နက်တွေ အလုအယက် ကြိုးစားထုတ်လုပ် ကိုင်ဆောင်ကာ တတိယ ကမ္ဘာစစ်
ကြီး တိုက်ဖို့ အသင့်ပြင်ဆင်ခဲ့ ကြသည် မဟုတ်လား။ သို့သော် ၅၄ နှစ်ကြာသည့်တိုင် ကမ္ဘာစစ်ကြီး ဖြစ်မ
လာ။ ဘာကြောင့်လဲ။
သည်ခေတ်ကျမှ  လူတွေရုတ်တရက်  သဘောကောင်းသွားကြသည်လား။  လူတွေမှာ  အရင်တုန်း
ကထက် မေတ္တာတရားတွေ ပိုပြီးပေါများ ကြွယ်ဝလာကြလို့လား။ မဖြစ်နိုင်တာ။ လူ့သဘာဝဆိုတာ သည်
လောက်  အပြောင်းအလဲမြန်သည့်  အရာမျိုးမဟုတ်။  ဒါဖြင့်  ဘာကြောင့်လဲ။  ကိုယ့်လက်နက်  ကိုယ်ပြန်
ကြောက်လာတဲ့ အတွက်ကြောင့်လား။ အဲဒါလည်း အကြောင်းတစ်ချက်တော့ ဖြစ်လိမ့်မည်ထင်သည်။ ပြီး
လူတွေမှာ ရှေးကထက် မေတ္တာတရားတွေ ပိုများမလာသော်လည်း စဉ်းစားဉာဏ်၊ ဝေဖန်ဉာဏ်၊ တွက်တတ်
ချက်တတ်တဲ့  ဉာဏ်တွေကတော့  တစ်နေ့တခြား  တိုးတက်လာနေသည်ဟု  ထင်သည်။  ဒုတိယကမ္ဘာစစ်
နောက်ပိုင်း နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း လူတွေ စစ်မတိုက်သည်မှ မဟုတ်ဘဲ။ အမေရိကန်တွေရော
ရုရှားတွေပါ စစ်ပွဲအသေးလေးတွေ၊ အလတ်စားတွေ ပါဝင်ဆင်နွှဲခဲ့ကြသည်။ သို့သော်စစ်ကို အကန့်အသတ်
နှင့်(Limited war) တိုက် ကြသည်။ အလုံးစုံသွန်မှောက်ပြီး(total war) မတိုက်။ အမေရိကန်တွေ ဗီယက်
နမ်မှ အရှုံးနှင့်ပိုင်းပြီး ပြန်လာသည်။ အဏုမြူဗုံးသုံးပြီး မတိုက်။
နိုင်ငံရေး စီးပွားရေးစနစ်ချင်း ယှဉ်ပြိုင်ရာမှာရှုံးသဖြင့် ဆိုဗီယက်ယူနီယံ အပြိုကွဲခံခဲ့သည်။ ရုရှားတွေ
အဏုမြူ လက်နက်သုံးပြီး အင်ပါယာကို ထိန်းသိမ်းဖို့ မကြိုးစားခဲ့။ ကိုယ်ရှုံးသည့်ကိစ္စ ဒေါသမထွက်ဘဲ နေ
ကြပ့ါမလား။  သည်လူတွေ  အဲသည်လောက်တော့  သဘောမကောင်းနိုင်။  သို့သော်  သဘောမကောင်း
သော်လည်း  သဘောထားတော့  မသေးကြသည့်သဘော။  ဆင်ခြင်တုံတရား  မကင်းလွတ်သည့်သဘော။
ဘာကြောင့်လဲ။ စစ်လက်နက်ပစ္စည်းကြီးတွေ ထုတ်လုပ်သုံးစွဲနေသည့် ကြားကပဲ သည်ဟာတွေကို ထိန်း
ချုပ်ကန့်သတ်ဖို့ပါ မပြတ်ကြံစည်ကြိုးစားသည့် အလေ့အကျင့် ရှိခဲ့ကြသောကြောင့် ဖြစ်သည်။
အဏုမြူဗုံး၊ ဟိုက်ဒရိုဂျင်ဗုံးတွေ လုပ်ကြသည်။ ဟေ့၊ ဒါပေမဲ့ နျူထရွန်ဗုံးတော့ မလုပ်ကြနဲ့ကွာ၊ တဲ့။
အဲသည်ကောင်က လူတွေသေသည်။ အဆောက်အအုံတွေမပျက်။ တင့်ကားထဲက စစ်သားသေမည်။ တင့်
ကား မပျက်။ သည်ဗုံးက ပိုပြီး လူမဆန်သော သဘောရှိသည်။ ပြီး သည်ဗုံးရှိလျှင် သုံးမိစရာ အကြောင်းများ
သည်။ ရန်သူ့နယ်မြေမှာ သည်ဗုံးကြဲပြီး ဝင်ရောက်သိမ်းပိုက်၍ ရနိုင်သည်။ ဒါကြောင့် ခင်ဗျားလည်း မလုပ်နဲ့၊
ကျုပ်လည်းမလုပ်နဲ့။
တိုက်ချင်းပစ်ဒုံးပျံကြီးတွေ လုပ်ထားကြသည်။ သို့သော် ဒုံးခွင်းဒုံးကောင်းကောင်းတွေ လုပ်ဖြစ်လျှင်
ရန်သူ့ထိုးနှက်မှုကို ကာကွယ်နိုင်မည် ထင်လာမည်။ သူသေပြီး ကိုယ်ကျန်ခဲ့မည် ထင်လာနိုင်သည် ။ အဲဒါဆို
တစ်ဘက်လူနှင့် ထိပ်တိုက် ရင်ဆိုင်ချလိုက်ချင်သလို ဘာလိုလိုတွေ ဖြစ်လာမည်။ စစ်ပွဲချောက်ကမ်းပါးထဲ
လိမ့်ကျနိုင်သည့် အန္တရာယ်ကြီးမား လာမည်။ သည်ကနေ့အထိ စစ်မဖြစ်အောင် ထိန်းနိုင်ခဲ့ကြသည်က၊ စစ်
ဖြစ်လျှင် သူ ရောကိုယ်ပါ သေမှာသေချာသည်(Mutual Assured Destruction) (MAD) ဆိုတာကို ယုံ
ကြည်ထားသည့် အတွက်ကြောင့်။ အဲသည်လိုပဲ။
ယမ်းဘီလူးကျည်ဆန်တွေ ဗုံးတွေသုံးကြ။ ဓာတုလက်နက် ပိုးမွှားလက်နက်တွေ မသုံးကြနဲ့။ နျူက
လီးယားလက်နက် ခင်ဗျားမှာရှိတာ၊ ကျွန်တော့်မှာရှိတာ ရှိပါစေ၊ သည်ထက်မတိုးချဲ့နဲ့။ ပြီးတော့ မရှိသေး
တဲ့သူတွေ ကို လုံးဝမပေးနဲ့၊ မပြန့်ပွားစေနဲ့။ သည်လိုပဲ။ လူတွေထိန်းတော့ ထိန်းသားပဲ။ တကယ်တော့ လူ
တွေမှာ`စစ်’ ပွဲသာရှိသည်မဟုတ်။ ငြိမ်းချမ်းရေး ဆိုတာလည်း ရှိပါသည်။ စစ်ပွဲကြီးတွေတိုက်ပြီး ခဏတစ်
ဖြုတ် အမောဖြေနေသည့် အချိန်လား။ ဒါမှမဟုတ် စစ်ကို တကယ်ကြောက်သွားသည့် အချိန်လား။ အဲသည်
အချိန်မျိုးမှာ ငြိမ်းချမ်းရေး၊ ချစ်ကြည်ရေးဆိုတာတွေလည်း လူတွေ တကယ် အားကြိုးမာန်တက် လုပ်တတ်
ကြပါသည်။
ရှေးဂရိမြို့ပြနိုင်ငံခေတ်ကတည်းက  ကုလသမဂ္ဂဆန်ဆန်  နိုင်ငံစုံအဖွဲ့အစည်းမျိုး  ထူထောင်ခဲ့ဖူး
သည်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ မလိုအပ်ဘဲ စစ်မတိုက်ကြနဲ့။ တော်ရုံကိစ္စညှိနှိုင်း ဖြေရှင်းကြ။ ပြီး၊ လေးနှစ်
တစ်ခါ တခြား ကိစ္စတွေ ပဋိပက္ခတွေ အသာထားပြီး အိုလံပစ်ပွဲမှာ လာယှဉ်ပြိုင်ကြ။ ခင်ဗျားလှံကြီးနဲ့ ဟိုလူ့
သည်လူ့မထိုးနဲ့။ ဘယ်လောက်ဝေးဝေး ရောက်အောင် ပစ်နိုင်မလဲ၊ ပြိုင်ပွဲထဲဝင်ပြီး ပစ်ကြည့်။ ထိုးချင်ကြိတ်
ချင် စိတ်တွေ ကြီးမားနေသလား။ လာ၊ ဟောသည်ကြိုးဝိုင်းထဲဝင်။ ခင်ဗျားလိုပဲ ထိုးချင်နေတဲ့ ဟိုလူနဲ့ ရေ
ကုန်ရေခမ်း ထိုးစမ်းဗျာ။ သည်လိုနည်းတွေနဲ့ စစ်စိတ်စစ်သွေးတွေကို လမ်းလွှဲပေးခဲ့ကြသည်။
ပြီး ရောမခေတ်၊ အလယ်ခေတ်နှင့် သည်ဘက်ရာစုနှစ်များ တစ်လျှောက် လုံး ဥရောပမှာ၊ ကမ္ဘာမှာ၊
စစ်မဖြစ်ဖို့ ငြိမ်းချမ်းဖို့ နည်းလမ်းတွေ ရှာခဲ့ကြသည်။ နိုင်ငံရေးတွေးခေါ်ရှင်များက စာအုပ်စာတမ်း၊ ကျမ်းတွေ
ရေးကာ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအစီအစဉ်တွေ တင်ပြကြသည်။ ရှင်ဘုရင်များ၊ နိုင်ငံရေးခေါင်း
ဆောင်များ ပူးပေါင်းကာ နိုင်ငံတကာငြိမ်းချမ်းမှု ထိန်းသိမ်းရေး အဖွဲ့အစည်းတွေ အမည်အမျိုးမျိုး တပ်ကာ
ဖွဲ့စည်းခဲ့ သည်။ ခဏခံတာရှိသည်။ ခပ်ကြာကြာခံတာရှိသည်။ ၂၀ ရာစုထဲမှာတော့ ပထမကမ္ဘာစစ်အပြီးမှာ
နိုင်ငံပေါင်းချုပ်အသင်း၊ ဒုတိယကမ္ဘာစစ်အပြီးမှာ ကမ္ဘာ့ကုလသမဂ္ဂ။
နိုင်ငံပေါင်းချုပ်အသင်းကြီးကတော့  ကမ္ဘာကြီးငြိမ်းချမ်းအောင်  ကြာရှည်ထိန်းမထားနိုင်ခဲ့။  ၁၉၃၀
ကျော်လောက်မှာပင် နာဇီဂျာမနီက အနီးအနားနိုင်ငံငယ်တချို့ကို စစ်ပွဲကြီးမဆင်နွဲဘဲ အင်အားသုံးပြီး သိမ်း
ပိုက်သည့် စစ်အေး(Cold War) ဆိုတာတွေပေါ်လာသည်။ အဲသည်နောက်မှာတော့ ကမ္ဘာ့သမိုင်းမှာ အ
ကြီးမားဆုံး  စစ်ပူကြီး  ဒုတိယကမ္ဘာစစ်။  ကမ္ဘာ့ကုလသမဂ္ဂခေတ်မှာလည်း  အရင်းရှင်အမေရိကန်အုပ်စုနှင့်
ကွန်မြူနစ် ရုရှားအုပ်စုအကြား စစ်အေး(Cold War) ဆိုတာကြီး ကြာရှည်ကြာမျော ဖြစ်သေးသည်။ သို့
သော် စစ်ပူအဆင့်အထိ ရောက်မလာ။ ရုရှားအုပ်စုဘက်မှာ နိုင်ငံရေး၊ စီးပွားရေးစနစ်တွေ ပြောင်းလဲသွား
သဖြင့် စစ်အေးတိုက်ပွဲ ပြီးဆုံးသွားသည်။ ကုလသမဂ္ဂပျက်မသွား။
ယခုတော့ ၂၀ ရာစုကုန်ဆုံးတော့မည်။
၂၁ ရာစုမှာ နျူကလီးယားစစ်ကြီးမဖြစ်အောင် ဘယ်လိုဆက်လက် တားဆီးကြမည် လဲ။ ၂၁ ရာစု
အဝင်မှာ တန်ခိုးရှင် တစ်ဦးဦးက ကမ္ဘာ့လူသားအားလုံးကို မေတ္တာစိတ်တွေ ဖြန့်ဝေပေးမည်လား။ ၂၁ ရာစု
ကမ္ဘာသည် မေတ္တာလွှမ်းခြုံသော ကမ္ဘာကြီး ဖြစ်လာမည်လား။ မေတ္တာတရားတွေဖြင့် ကမ္ဘာကြီး ငြိမ်းချမ်း
အောင် ထိန်းနိုင်ကြမည်လား။ ကျွန်တော် မထင်ပါ။ ရာစုနှစ် ကူးပြောင်းရုံဖြင့် လူတွေ၏ စရိုက်သဘာဝတွေ
ပြောင်းလဲ သွားမည် မဟုတ်ပါ။ သို့သော် လူ့သမိုင်း ရှည်ကြာလာသည်နှင့်အမျှ လူတွေမှာ သင်ခန်းစာတွေ
ပိုများပြားလာသည်၊ အသိဉာဏ်ဗဟုသုတတွေ ကြွယ်ဝလာသည်၊ ပြဿနာအဖြေရှာသည့် နည်းစနစ်တွေ
လည်း ပိုမိုတိုးတက်လာသည်ဟု ကျွန်တော်ယုံကြည်သည်။
အဲသည်  တိုးတက်လာသည့်  အထဲမှာ၊  ကမ္ဘာမှာ  သူရောကိုယ်ပါ  သေမည့်စစ်ပွဲကြီးမျိုး  မတိုက်
ဖြစ်အောင် ထိန်းသိမ်းမည့် နည်းစနစ်တွေ၊ အစီအမံတွေလည်း ပါလိမ့်မည်ဟု ကျွန်တော်မျှော်လင့်သည်။
အဲသည်နည်း စနစ်တွေ၊ အစီအမံတွေ၊ တိုးတက်လာသော ဆင်ခြင်ဉာဏ်တွေကြောင့် ကမ္ဘာသားတွေသည်
၂၁ ရာစုအတွင်း အငြိ မ်းချမ်းကြီးမဟုတ်လျှင်ပင် စစ်ပူကြီးတွေ မဖြစ်အောင်တော့ ထိန်းနိုင်ကြလိမ့်မည်ဟု
ကျွန်တော် ထင်ပါသည်။
အဲဒါဆိုလျှင် ကျွန်တော်တို့တစ်တွေလည်း ကိုယ့်အကြောင်းကြောင့်မဟုတ်ဘဲ သူတစ်ပါးအကြောင်း
ကြောင့် အခြောက်တိုက် သေရသည့်ဘေးမှ ကင်းဝေးနိုင်ကြမည် ဖြစ်ပါသည်။
[မဟေသီ ၂၀၀၀၊ ဇန်နဝါရီ]

ဖေမြင့်-တန်ဖိုးထားအပ်သောအရာများ မှ

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...