pages

Sunday, December 2, 2012

ဗင်ဂိုးရဲ့ နားရွက်နှင့် သုဘာထေရီရဲ့ မျက်လုံး

တစ်နေ့တော့ ဗင်းဂိုးက ဇိမ်ဂေဟာတစ်ခုကို ရောက်သွားပါတယ်။ အဲဒီဇိမ်ဂေဟာမှာ ရာချယ်ဆိုတဲ့ ကောင်မလေးနဲ့ တွေပါတယ်။ ကောင်မလေးက ဗင်ဂိုးနားရွက်ကလေးကိုကိုင်ပြီး ပြောင်သလိုလိုနဲ့ ချီမွမ်းခန်းဖွင့်ပါတယ်။အမြဲလာဖို့လည်း ပြောပါတယ်။ ဒီလိုနဲ့တစ်ကြိမ်အသွားမှာတော့ ရာချယ်ဆိုတဲ့ ကောင်မလေးက “ ချစ်တုန်းပဲလား ” လို့မေးပါတယ်။ ဗင်ဂိုးကလည်း “ ချစ်တုန်းပါပဲကွယ် ” လို့ပြန်ဖြေပါတယ်။ ဒီတော့ကောင်မလေးက ဗင်ဂိုးရဲ့ နားရွက်ကလေးကို အသာအယာလိမ်ဆွဲပြီး “ တကယ်ချစ်ရင် သက်သေပြတဲ့ အနေနဲ့ ရှင့်ရဲ့နားရွက်ကလေးကို ပေးမလား” လို့ မေးလိုက်ပါသတဲ့။ နောက်တစ်ရက်မှာတော့ ဗင်ဂိုးက သူရဲ့ ညာဘက်နားရွက်တစ်ဖက်ကို သင်တုန်းဓါးနဲ့လှီးဖြတ်ပြီး ကောင်မလေးကိုသွားပေးလိုက်ပါသတဲ့။
ဒီဇာတ်ကွက်လေးကို ပြန်သတိရပြီး “ ရူးတာ ” လို့ စိတ်ထဲက ပြောလိုက်ပါတယ်။ တကယ်လို့ စိတ်ထဲကမပြောပဲ အသံထွက်ပြောလိုက်ရင် စာအုပ်လက်ဆောင်လာပေးတဲ့သူနဲ့ တိုးသွားရင်တော့ နောက်ပေးတော့မှာ မဟုတ်ဘူး။ စာအုပ်လက်ဆောင်လာပေးတဲ့သူက UNITY စာပေက ကိုသန်းဆွေနဲ့ ကိုစိုးဝင်းပါ။ စာအုပ်က စာမျက်နှာ ၆၇၇ မျက်နှာ ပါရှိတယ်။ ဘုရားဟော ပါဠိတော်တစ်အုပ်စာလောက်ပါ။
ဗင်ဂိုးကိုရူးတာလို့ အပြစ်တင်လိုက်ပြီး စားပွဲဘေးက ပိဋကတ်တော်စာအုပ်တွေကိုကြည့်ရင်း “ ငါလည်း ဘာထူးသေးလဲ၊ အခုတော့ ဗင်ဂိုးအတွက် အချိန်တွေ လေးငါးရက်လောက် အလကား ပေးလိုက်ရတာ။ ငါလည်းရူးတာပဲ၊ဘာထူးလဲ ” လို့  ကိုယ့်ကိုယ်ကိုယ်ပြောရင်း သက်ပြင်းကို မသိမသာ ချလိုက်မိပါတယ်။ စာရေးသူမှာ စာသာရေးနေတယ်။ မဖတ်ရသေးတဲ့ ပိဋကတ်စာအုပ် အကြွေးတွေက အများကြီးပါ။ ဗင်ဂိုးနဲ့ ရူးပြီးတော့ အကောင်းလုပ်ဖို့ ထေရီအဋ္ဌကတာကို ကိုင်ရပါတယ်။ FUTURE LIGHT မဂ္ဂဇင်းအတွက်ပါ။ ဖတ်ရင်းနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဇာတ်လမ်းလေးတစ်ပုဒ်ကို တွေ့လိုက်ရပါတယ်။
ဇာတ်ဆောင်က အမျိုးသားတော့ မဟုတ်ပါဘူး ။ အမျိုးသမီးပါ ။ အမျိုးသမီးတောင် လူဝတ်ကြောင် အမျိုးသမီး မဟုတ်ပါဘူး ။ အနာဂါမ်တည်ပြီး ထေရီမတစ်ပါးပါ။သူ့နာမည်က သုဘာတဲ့။ သုဘာရဲ့အဓိပ္ပာယ်က “ ရုပ်ရည်အဆင်းလှပတင့်တယ်သူ ” လို့ အဓိပ္ပာယ်ရပါတယ် ။ နာမည်နဲ့လူနဲ့လိုက်အောင်လည်း သုဘာဟာ လှပတင့်တယ်ချောမောသူပါတဲ့။ သူမရဲ့အလှတွေထဲမှာ အဓိကအလှက မျက်လုံးပါတဲ့။ သူမရဲ့ မျက်လုံးက မြင်ရတဲ့သူကို သိပ်ဆွဲဆောင်မှု ရှိတာပါပဲ။
သုဘာက ရာဇဂြိုလ်မြို့က ပုဏ္ဏားကြီးတစ်ယောက်ရဲ့သမီးပါ ။ လူဝတ် အပျိုစင်ဘ၀ကတည်းက သဒ္ဓါတရားရှိတဲ့ အမျိုးသမီးလေးပါ ။ သုဘာက သူ့မှာ အလှတွေရှိပေမယ့် မတည်မြဲတဲ့ အလှရဲ့ အပြစ်ကိုမြင်ပြီး မဟာပဇာပတိ ဂေါတမီဆီမှာ ဘိက္ခုနှီမ ပြုလိုက်ပါတယ် ။ ဘိက္ခုနှီမပြုပြီး တရားကို ကြိုးကြိုးစားစား အားထုတ်လိုက်တာ အနာဂါမိဖိုလ်ကို ရသွားပါတယ်။ အရဟတ္တဖိုလ်တော့ မရသေးပါဘူး ။
တစ်နေ့တော့ သူ့ဇာတိ ရာဇဂြိုလ်မြို့က ဇီဝကရဲ့ သရက်ဥယျာဉ်ကို တစ်ပါးတည်း ထွက်ခဲ့ပါတယ်။ တရားအားထုတ်ဖို့ပါပဲ။ လမ်းကျဉ်းတစ်နေရာရောက်တော့ ရာဇဂြိုလ်မြို့သားလည်းဖြစ်၊ ရွှေပန်းတိမ်သည်ရဲ့ သားလည်းဖြစ်တဲ့ လူငယ်တစ်ယောက်နဲ့ ရင်ဆိုင်တိုးပါတော့တယ်။ ရာဇဂြိုလ်မြို့သားလူငယ်က သုဘာထေရီကို တွေ့လိုက်တာနဲ့ မျက်လုံးရဲ့အလှကလည်း အထင်းသားပေါ်နေတာဆိုတော့ ချက်ချင်း ချစ်တဲ့စိတ် ဖြစ်သွားပါသတဲ့။ ဒါကြောင့် လမ်းမဖယ်တော့ပါဘူး။ ရှေ့က ကာထားလိုက်ပါတယ်။ သုဘာထေရီက တောင်းတောင်းပန်ပန်နဲ့ ဖယ်ခိုင်းပေမဲ့ မဖယ်ပေးပါဘူး။ မဖယ်ရုံတင်မကပဲ “ အို … နှမရယ်၊ သင်ဟာ ငယ်လည်းငယ်တယ်၊ ရုပ်ရည်အဆင်းလည်းလှတယ်၊ အခုလို ငယ်တုန်းမှာ ဘာဖြစ်လို့ ရဟန်းပြုရတာလဲ။ အဲဒီသင်္ကန်းကြီးကိုဖယ်ပြီး ကျွန်တော်နဲ့ လိုက်ခဲ့စမ်းပါ ” လို့ ချစ်ရေး စဆိုပါတော့တယ်။
ဒီတော့ သုဘာထေရီမက “ အို … အမျိုးသား စပ်ဆုပ်ဖွယ် ရွံရှာဖွယ်တွေ ပြည့်နေတဲ့ သုသာန်မြေကို တိုးပွားစေတဲ့ ဖောက်ပြန်ပျက်စီးတတ်တဲ့ ဒီခန္ဓာကိုယ်ကို သင်က ချစ်စရာလို့ ထင်မှတ်နေတယ်။ ငါ့ရဲ့ခန္ဓာကိုယ်ပေါ်က ဘာကိုများ သင်နှစ်သက်နေတာလဲ ” လို့ မေးလိုက်ပါတယ်။
လူငယ်ကလည်းချက်ချင်းပါပဲ။ “ သင့်ရဲ့မျက်လုံးလေးကို ချစ်တာ ” လို့ ပြန်ဖြေလိုက်ပါတယ်။
လူငယ်ရဲ့ အဖြေစကား ကြားရတော့ သုဘာထေရီမက သူမရဲ့မျက်လုံးတစ်ဖက်ကို လက်နဲ့ထုတ်ပြီး ပေးလိုက်ပါတယ်။ စာထဲမှာတော့ မျက်လုံးလို့ပဲ သာမန်ပြထားပါတယ်။ ဘယ်လား ညာလားဆိုတာတော့ ခွဲခြားမပြထားပါဘူး။
မထင်မှတ်တဲ့ အပြုအမူနဲ့ မြင်ကွင်းကို မြင်လိုက်ရတော့ လူငယ်လည်း ကြောက်လန့်ပြီး တောင်းပန် ထွက်ခွာသွားပါတော့တယ်။
ဒီနေရာမှာ သုဘာထေရီမရဲ့ အပြုအမူကို ကြည့်ပြီး “ ရုးတာ” လို့ ပြောလို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သုဘာထေရီမအနေနဲ့ ဒီတစ်ခုတည်းပဲ ရွေးချယ်စရာ ရှိလို့ပါ။ ပြီးတော့ ဒီလိုလုပ်မှလည်း လူငယ်အတွက် အဆင်ပြေမှာမို့ပါ။
တကယ်လို့သာ သုဘာထေရီက ဒီလိုမပြုပဲ နှုတ်နဲ့ပဲ တရားဟောနေရင် လူငယ်ကလည်း ကာယကံမြောင် ဗလက္ကာယ ပြုတော့မှာပါ။ နေရာကလည်း လူသူကင်းဆိတ်နေတာဆိုတော့ ပြုမူဖို့လည်း သိပ်လွယ်လှပါတယ်။ ကာယကံမြောက် ကျူးလွန်မိသွားရင်တော့ လူငယ်အတွက် အ၀ီစိငရဲ ကျတော့မှာပါ။ သုဘာထေရီက လူငယ်ရဲ့အကျိုးကိုငဲ့ပြီး မပြုသင့်တဲ့ အပြုအမူတစ်ခုကို ပြုပေးလိုက်တာပါ။
သုဘာထေရီဟာ မျက်စီတစ်ဖက်နဲ့ပဲ မြတ်စွာဘုရားရှိရာကို ထွက်ခဲ့ပါတယ်။ မြတ်စွာဘုရားကို ဖူးတွေ့လိုက်ရတာနဲ့ ပျက်စီးသွားတဲ့ မျက်လုံးဟာ ပကတိအတိုင်း အကောင်းပြန်ဖြစ်သွားပါတယ်။ မျက်လုံးက မြတ်စွာဘုရားရှင်ရဲ့ တန်ခိုးကြောင့် ပြန်ကောင်းရတာဆိုတော့ ပီတိတွေ ဖြစ်လာပါတယ်။ မြတ်စွာဘုရားရှင်ကလည်း သုဘာထေရီပီတီဖြစ်နေတာကို သိပါတယ်။ ဒါကြောင့် အရဟတ္တဖိုလ် ရဖို့အတွက် ကမ္မဋ္ဌာန်းနည်းကို ချက်ချင်းပေးလိုက်ပါတယ်။
သုဘာထေရီက မြတ်စွာဘုရားပေးတဲ့ ကမ္မဋ္ဌာန်းနည်းအတိုင်း ဖြစ်နေတဲ့ ပီတိကိုခွာပြီး ခန္ဓာကိုယ်ကို ဥာဏ်စိုက်ရှုလိုက်တာ အရဟတ္တဖိုလ် ရသွားပါတော့တယ်။
ဗင်ဂိုးလည်း နားရွက်တစ်ဖက်ကို အမျိုးသမီးလေးကို ပေးခဲ့တယ်။ သုဘာထေရီကလည်း မျက်လုံးတစ်လုံးကို အမျိုးသားလေးကို ပေးခဲ့တယ်။ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုကို ပေးခဲ့တာချင်းတူပေမဲ့ ခံယူချက်ခြင်း ဦးတည်ချက်ခြင်းတော့ မတူပါဘူး။ ဗင်ဂိုးရဲ့ အပြုအမူက တရားသဘောနဲ့ကြည့်ရင် ရူးတာပါ။ သုဘာထေရီရဲ့ အပြုအမူက တစ်စုံတစ်ယောက်ရဲ့ အကျိုးကို ငဲ့တာပါ။
တကယ့်အရှိဇာတ်ဝတ္ထုပဲဖြစ်ဖြစ်၊ ဖန်တီးထားတဲ့ ဇာတ်ဝတ္ထုပဲဖြစ်ဖြစ် ဇာတ်ဆောင်တွေရဲ့ ကံသုံးပါးအမူအရာတွေမှာ အဓိပ္ပါယ်မဲ့မှု၊ အဓိပ္ပါယ်ရှိမှုတွေကတော့ အားပြိုင်နေတတ်ပါတယ်။ အချို့ဇာတ်ဝတ္ထုတွေမှာ အဓိပ္ပါယ်မဲ့မှုတွေ ခပ်များများရယ်ပါ။
သက်ရှိလူတစ်ယောက်ရဲ့ နေထိုင်မှုကို ကြည့်ရင်လည်း ဒီအတိုင်းပါပဲ။ လူဘ၀သက်တမ်းလေးက တိုတိုလေးရယ်ပါ။ အဲဒီသက်တမ်းတိုတိုလေးရဲ့ ဘ၀နေထိုင်မှုတွေထဲမှာ အဓိပ္ပါယ်မဲ့မဲ့နေထိုင်မှုတွေက များနေရင် လူ့ဘ၀ရလာတာ ဘယ်လာအဓိပ္ပါယ်ရှိတော့မလဲ။ တကယ်စဉ်းစားကြည့်ရင် မန်ယူနဲ့ အာစင်နယ်ပွဲ မကြည့်ရလို့လည်း ဘ၀ကဘာမှ မဖြစ်သွားပါဘူး။ အဲဒီအချိန် စာအုပ်တစ်အုပ် ဖတ်နေမယ်။ တရားတိတ်ခွေ နားထောင်နေမယ်။ တရားမှတ်နေမယ်ဆိုရင် ဘ၀က တကယ်အဓိပ္ပါယ်ရှိနေတာပါ။ ဘောလုံးသမားတွေကတော့ ဒီလို ပြောတာကို ကြိုက်မှာ မဟုတ်ကြပါဘူး။ ဓမ္မသဘောနွယ်အောင် ပြောရရင် ကိုယ့်ရဲ့ကံသုံးပါး အမူအရာတွေဟာ ကိုသိုလ်ဖြစ်နေရင် အဓိပ္ပါယ်ရှိနေတာပါ။ အကုသိုလ်ဖြစ်နေရင်တော့ အဓိပ္ပါယ်မဲ့နေပါပဲ။ တစ်နည်းအားဖြင့် ရူးနေတာပါပဲ။
သူတစ်ပါးသာ အပြစ်ပြောနေတာပါ။ ကိုယ့်ကျတော့လည်း ဘာထူးလို့လဲ။ လပြည့်ညမှာ တော်တော်နဲ့ မအိပ်ဖြစ်ပဲ လကို ထိုင်ကြည့်နေခဲ့ဖူးတာ၊ မသွားပဲနေရင် နေလို့ရတဲ့နေရာကို အပျော်သဘောမျိုး သွားဖြစ်အောင် သွားခဲ့တာ၊ မဖတ်ဘဲနေမယ်ဆိုရင် နေလို့ရတဲ့စာကိုဖတ်ပြီး အချိန်ဖြုန်းနေတာ စသည်ဖြင့်ပေါ့ အများကြီးပါပဲ။ ဒါက ဖြတ်သန်းခဲ့တဲ့နှစ်နဲ့ ချိန်ပြီးပြောတာပါ။
လက်ရှိပစ္စုပ္ပန်ရဲ့ ကံသုံးပါးအမူအရာလေးတွေမှာလည်း အဓိပ္ပါယ်မဲ့တာလေးတွေက အစဉ်သဖြင့် တွဲတွဲပါနေတတ်ပါတယ်။ အဓိပ္ပါယ်မဲ့တဲ့ အတွေးတွေ တွေးနေတာ၊ အဓိပ္ပါယ်မဲ့တဲ့ စကားတွေ ပြောနေတာ၊ အဓိပ္ပါယ်မဲ့တဲ့ မပြုအမူလေးတွေ ပြုမူနေတာ နေ့စဉ်လိုလိုပါပဲ။ ဘာတွေလဲလို့မေးရင် အမျိုးအမည်တွေက များလွန်းလို့ ပြောပြဖို့ ခပ်ခက်ခက်ရယ်ပါ။ ပန်းပွင့်လေးတွေ ပွင့်, မပွင့် အောက်တဆင်းကြည့်တာ၊ ကိုယ်ကြိုက်တဲ့ ဘောလ်ပင်နဲ့ အရောင်မရလို့ စာမရေးပဲနေတာ စသည်ဖြင့် အများကြီးပါပဲ။
တစ်ခါတစ်လေတော့လည်း အဓိပ္ပါယ်မဲ့တဲ့ အလုပ်ကလေးတွေ လုပ်ဖြစ်ရင် သတိလေးဝင်လည်း ၀င်လာလိုက်မယ်တိုရင် “ ရူးတာ ” လို့ ကိုယ့်ကိုယ်ကို ခပ်တိုးတိုးလေး ပြောမိလိုက်ပါတယ်။
စိတ်တော့မဆိုးနဲ့နော် … စာဖတ်သူဟာ တစ်နေ့ကို အချိန်ဘယ်လောက် ရူးဖြစ်သလဲ၊ ပုထုဇဉ်ပဲ ရူးပေါ့။ ဒါပေမဲ့ ရူးချိန် သိပ်တော့ မများစေနဲ့ပေါ့။ တကယ်လို့ အဓိပ္ပါယ်မဲ့တဲ့ အလုပ်ကလေးကို လုပ်မိတယ်၊ သတိလေးလည်း ၀င်ဖြစ်လိုက်မယ်ဆိုရင် “ ရူးတာ ” လို့ ကိုယ့်ကိုယ်ကို ပြောကြည့်လိုက်ပါလား။ ဘယ်သူမှ မကြားအောင်တော့ ပြောနော်။ ကြားသွားရင် ကိုယ့်ကို တကယ့်အရူး ထင်နေလိမ့်မယ်။ သတိဝင်တိုင်း မကြာမကြာ ပြောပြောပေးရင် ရူးချိန်တော့ လျော့လျော့သွားမှာပါပဲလေ။
ကျမ်းကိုး-
၁။ ထေရီအဋ္ဌကထာ၊ သုဘာထေရီဝတ္ထု
၂။ ထေရီထေရာ ရဟန္တာပုဂ္ဂိုလ်ကြီးများ (သဏ္ဏသိရီ)

 ဆရာတော် ရဝေနွယ်(အင်းမ)၏ အတွေးများနှင့် မိတ်ဖွဲခြင်း စာအုပ်မှ ကူးယူတင်ပြအပ်ပါသည်။

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...