pages

Friday, October 19, 2012

မင်းလည်း …. ရမှာပေါ့


ကိုယ် ကလေးတုန်းက ကိုယ်တို့ဟာ မိသားစု မိတ်ဆွေတွေဆီ လည်ပတ်လေ့ရှိပါတယ်။ အဲဒီမိသားစုက ဇာနာတဲ့။
သူတို့က ကိုကာကိုလာကို ရေခဲသေတ္တာထဲ အမြဲထားတယ်။
( အမေက ပြောတယ်။ အဲဒါ သူတို့ ချမ်းသာလို့တဲ့။ ကိုယ်တို့ကတော့ အိမ်မှာ ရေပဲ သောက်ရတာပါ။)
ဒါကြောင့် မင်းအိမ်မှာ မင်းက Coke သောက်ရတဲ့အခါမှာ မင်းဟာ တကယ်အောင်မြင်နေပြီလို့ ထင်လိုက်တာလေ။
ဒီလိုနဲ့ တစ်နေ့ကျတော့ ကိုယ်တို့လည်း ကိုယ်တို့ရဲ့ ရေခဲသေတ္တာထဲမှာ Coke တွေ ထည့်ထားနိုင်ခဲ့ပါတယ်။ အဲဒီကတည်းက ကိုယ်သိလိုက်တယ်။ ကိုကာကိုလာက မင်းကို စူပါစတားဖြစ်အောင် မလုပ်နိုင်ဘူးဆိုတာလေ။
ကိုယ် ၁၂ နှစ်သားရောက်တော့ သြစတြေးလျ ၀န်ကြီးချုပ် ဖြစ်ချင်လာတယ်။ ” ၀န်ကြီးချုပ်တွေဟာ အားလုံးသိမှာပဲ ” ၊ အဲဒါနဲ့ ပတ်သက်လို့လည်း နောက်တော့ စိတ်ပြောင်းသွားတာပါပဲ။
စာအုပ်တွေ စ ရေးတဲ့တိုင်အောင် စာရေးဆရာတွေဟာ ဗဟုသုတ အတော်ပြည့်ဝကြမှာပဲလို့ ကိုယ်ထင်မိသေးတယ်။
တစ်ခါတစ်ရံမှာ မင်းလည်း အဲဒါမျိုး တွေးမိကောင်း တွေးမိမှာပါပဲ။ ပျော်ရွှင်ဖို့၊ အောင်မြင်ဖို့ မွေးဖွားလာတဲ့လူတွေ ရှိတယ်ဆိုတာမျိုးလေ။ မရှိပါဘူး။
အောင်မြင်တဲ့လူတွေဟာ သာမန်လူတွေထက် ဘာမှ ပိုမထူးကြပါဘူး။ သူတို့မှာ ဦးနှောက်တစ်ခု၊ ခြေနှစ်ဖက်၊ လက်နှစ်ဖက်ပဲ ရှိတာပါ။ နောက်ပြီး သူတို့လည်း တစ်နေ့ကို ၂၄ နာရီပဲ ရကြတာပါ။

တိုတိုပြောရရင်
ဘယ်သူမှ ပျော်ရွှင်ဖို့ အောင်မြင်ဖို့အတွက် အထူးခွင့်ပြုချက်တွေနဲ့ မွေးဖွားလာကြတာ မဟုတ်ပါဘူး။ ဘုရားသခင်ကလည်း ကောင်းကင်ဘုံကနေ ဆင်းလာပြီး “ကဲ အခုက မင်းအချိန် မင်းအခါပဲ” လို့ မပြောပါဘူး။ “ဒါက မင်းတတ်နိုင်တယ်” “ဒါက မင်း မတတ်နိုင်ဘူး” လို့လည်း မပြောပါဘူး။
မင်း ပျော်ရွှင်ဖို့၊ မင်း အောင်မြင်ဖို့အတွက် မင်းပဲ လုပ်ရမှာပါ
နေ့ရက်တိုင်းဟာ အဖိုးတန်
ကလေးတုန်းက ယုန်နဲ့လိပ်ပုံပြင်ကို ကိုယ်တို့အများစု ကြားဖူးကြမှာပါ။
ယုန်နဲ့လိပ် အပြေးပြိုင်ကြတာလေ။ ယုန်က တာထွက်ကတည်းက လှစ်ခနဲ လှစ်ခနဲ ပြေးသွားလိုက်တာ အရမ်းမြန်တယ်ဆိုပဲ။ မကြာပါဘူး။ ပန်းတိုင်ကို မြင်ရတဲ့နေရာ ရောက်သွားတယ်။ လိပ်ကတော့ တရွေ့ရွေ့ပဲဆိုတော့ စ ထွက်လာတဲ့နေရာမှာပဲ ရှိဦးမယ်လို့ သူ တွက်လိုက်တယ်။ ဒီတော့ တစ်ရေးတစ်မော အိပ်ဦးမှလို့ သူ ဆုံးဖြတ်လိုက်တယ်။ လိပ်ကတော့ ဖြည်းဖြည်းမှန်မှန်ပဲ ပန်းတိုင်ဆီကို မရပ်မနား ရွေ့လျားလာတယ်။ နောက်ဆုံး ယုန် နိုးလာတဲ့အခါကျတော့ သူ့မျက်လုံးတွေသူ မယုံနိုင်အောင် ဖြစ်သွားတော့တယ်။ ပန်းဝင်စည်းမှာ လိပ်က ရှိနေပြီလေ။
ဒီပုံပြင်ကို အကြိမ်တစ်သန်းလောက် ပြောခဲ့ကြတာ အကြောင်းရှိပါတယ်။ အခုလည်း ဘာလို့ ပြောနေဆဲဖြစ်ရတာလဲ။
ဒါက မင်းပုံပြင်ပဲလေ။
မင်း ဘာပဲ လိုချင်လိုချင်၊ ဘာပဲ ဖြစ်ချင်ဖြစ်ချင် မှန်မှန် ကြိုးပမ်းအားထုတ်ခြင်းဟာ ရည်မှန်းချက်ပြည့်ဝဖို့ အကောင်းဆုံး နည်းလမ်းပဲ ဖြစ်ပါတယ်။
မင်းက …
ပြင်သစ်ဘာသာ သင်နေတယ်ဆိုရင်
စက်ဘီးဝယ်ဖို့ ပိုက်ဆံစုနေတယ်ဆိုရင်
ဒေးဗစ်ဘက်ခမ်းလို ဖရီးကစ်ကန်တတ်ဖို့ လေ့ကျင့်နေတယ်ဆိုရင်
ဓာတုဗေဒကို အောင်ဖို့ ကြိုးစားနေတယ်ဆိုရင်
ဟားဗတ်တက္ကသိုလ် တက်ချင်တယ်ဆိုရင်
ပျော်ရွှင်ချင်တယ်ဆိုရင်
ပုံမှန်၊ နေ့စဉ်နေ့တိုင်း၊ ရိုးရိုးလေး ကြိုးပမ်းအားထုတ်နေရုံပါပဲ။
ဘ၀ဟာ တည်ဆောက်နေရတဲ့ ဖြစ်စဉ်တစ်ခုပါ။
ဒါကြောင့် နေ့ရက်တိုင်းဟာ အဖိုးထိုက်တန်လှပါတယ်။
Andrew Matthews ၏ Being A Happy Teenager ကို ဘုန်းခေါင် မြန်မာပြန်သော ဆယ်ကျော်သက်တွင် ပျော်ပျော်ရွှင်ရွှင် စာအုပ်မှ ထုတ်နှုတ်သည်)

Like Your Life Success on Facebook and

Join Our Community of Incredible People!

form http://yourlifesuccess.blog.com

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...