pages

Thursday, November 1, 2012

အသည်းရောင် အသားဝါ B ရောဂါအကြောင်း

အသည်းရောင် အသားဝါ B ရောဂါအကြောင်း


ဒီအကြောင်းလေးကိုမျှဝေရတာက ကျွန်တော် သူငယ်ချင်း တယောက် Bပိုးရှိနေလို့ သူကို အားပေးဖို့ အင်တာနက်ကနေရှာရင်း မျှဝေရတာပါ
အသည်းရောင်အသားဝါ B ဆိုတာ အသည်းရောင်အသားဝါ B ဗိုင်းရပ်စ် (Hepatitis B Virus, HBV) ကြောင့် ဖြစ်ပွားရတဲ့ ကူးစက်ရောဂါ တစ်မျိုး ဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်ဟာ လူအပါအ၀င် အဆင့်မြင့်သတ္တ၀ါများရဲ့ အသည်းကို ကူးစက်နိုင်ပြီး အသည်းရောင်ယမ်းခြင်းကို ဖြစ်စေပါတယ်။
ယနေ့ကမ္ဘာပေါ်မှာ ရှိရှိသမျှသော လူဦးရေတွေ အားလုံးရဲ့ သုံးပုံတစ်ပုံခန့် ဖြစ်တဲ့ လူပေါင်း သန်းနှစ်ထောင်ကျော်မှာ အသည်းရောင်အသားဝါ B ဗိုင်းရပ်စ် ရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေး ပညာရှင်များက ခန့်မှန်းပြောဆိုပါတယ်။ အဲဒီအထဲမှာမှ ၆ပုံ ၁ပုံ ဖြစ်တဲ့ သန်း ၃၅၀ သော လူသားများဟာ နာတာရှည်ပိုးသယ်ဆောင်သူများ (chronic carriers) များ အဖြစ် တည်ရှိနေကြတယ်လို့ သိရပါတယ်။

2002 estimate ofdisability-adjusted life year for hepatitis B per 100,000 inhabitants.[57]

     no data      ≤ 10      10–20     20–30      30–40      40–50     50–80


     80–100      100–120      120–150      150–200      200–500     ≥ 500

အခုဆိုရင် ဒီ အသည်းရောင်အသားဝါ B ရောဂါဟာ အာရှတိုက်နဲ့ အာဖရိကတိုက်ရဲ့ နေရာ အတော်များများမှာ ကူးစက်မှုမြန်သော ကပ်ရောဂါ အသွင်ဆောင်နေတယ်လို့ သိရပါတယ်။ လူဦးရေ များလွန်းလှတဲ့ တရုတ်နိုင်ငံမှာတော့ ပြည်နယ်ဒေသတစ်ခုရှိ အတူနေလူများမှာ အစုလိုက်အပြုံလိုက် တွေ့ရှိရတဲ့ ရောဂါတစ်ခုတောင် ဖြစ်နေတယ်လို့ တရုတ်အစိုးရရဲ့ တရားဝင်ထုတ်ပြန်တဲ့ ကျန်းမာရေး အချက်အလက်တွေအရ သိရပါတယ်။
ပိုးဟာ ကိုယ်ထဲမှာ ရှိနေရာကနေ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ခံအားကျသွားရင် ရုတ်တရက် ရောဂါ စဖြစ်လာတတ်ပါတယ်။ ဒီလို အသည်းအသန်ကာလတို ကာလ (Acute Stage) မှာ အသည်းရောင်ယမ်းခြင်း၊ အော့အန်ခြင်း၊ အသားဝါလာခြင်းတွေ ဖြစ်လာပြီး တချို့ဆို အသက်အန္တရာယ်တောင် ရှိနိုင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ဒီပိုးဟာ အသည်းခြောက်ခြင်းနဲ့ အသည်းကင်ဆာ တို့ကို ဖြစ်စေနိုင်လို့ပါ။
အသည်းကင်ဆာဟာ တကယ်ကို ကြောက်စရာကောင်းတဲ့ သေနိုင်လောက်တဲ့ ရောဂါမျိုးပါ။ ဘာလို့လဲဆိုတော့ လက်ရှိ အကောင်းဆုံး အထိရောက်ဆုံး ကင်ဆာဆေးသွင်းကုထုံး (Chemotherapy) တွေ (ခီမိုသွင်းသည်ဟု လူသိများသည်) ကိုတောင်မှပဲ တုံ့ပြန်မှုပမာဏ အရမ်းနည်းလွန်းလို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မကြောက်ပါနဲ့။ ဒီရောဂါဟာ ကာကွယ်ဆေးနဲ့ စိတ်ချစွာ ကာကွယ်နိုင်ပါတယ်။
အသည်းရောင်အသားဝါ B ပိုးရဲ့ တည်ဆောက်ပုံကို ရိုးရှင်းစွာ ရှင်းပြထားတဲ့ ပုံလေးပါ
ဒီအသည်းရောင်အသားဝါ B ပိုးဟာ HIV ပိုးနဲ့လည်း မျိုးပွားပုံချင်း တူတဲ့အတွက် အမေရိကန်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA) က HIV ပိုးရဲ့ မျိုးပွားခြင်းကို နှောင့်ယှက် တားဆီးနိုင်တဲ့ ဆေးတစ်မျိုးကို အသည်းရောင်အသားဝါ B ရောဂါမှာလည်း ကုသနိုင်ကြောင်း မကြာသေးမီကမှ ထောက်ခံချက် ပေးခဲ့ပါတယ်။ ဒီပိုးကို နိုင်နင်းတဲ့ တခြားဆေးတွေလည်း ပေါ်နေပြီ ဖြစ်ပါတယ်။

ရောဂါလက္ခဏာများ
အသည်းရောင် စပြုလာတဲ့ အချိန်မှာ လူဟာ ဘာဖြစ်လို့ ဖြစ်မှန်းမသိဘဲ တရှောင်ရှောင် တပိန်ပိန်နဲ့ လူမမာ ဖြစ်လာပါတယ်။ စားရသောက်ရတာ အရသာမရှိဘဲ ခံတွင်းပျက်တယ်။ ပျို့တတ် အော့အန်တတ်တယ်။ ကိုယ်တွေလက်တွေ နာပြီး အဖျားငွေ့ငွေ့ ရှိနေတတ်ပါတယ်။ ဆီးအရောင်ရင့်လွန်းအားကြီးပြီး တဖြည်းဖြည်းနဲ့ အသား စ ၀ါလာပါတယ်။
အသည်းရောင် အသားဝါ ဆိုရင် ဘယ်ပိုးကြောင့် ဖြစ်စေ အရေပြားတွေ ယားယံတတ်ပါတယ်။ အသည်းရောင်ခြင်းရဲ့ ထူးထူးခြားခြား ရောဂါလက္ခဏာ တစ်ခုက စီးကရက် သောက်သူတွေမှာဆိုရင် စီးကရက်ကို အရသာမတွေ့တော့တာ ဖြစ်ပါတယ်။ လူနာအများစုဟာ ဒါတွေ ဖြစ်ပြီးရင် ရက်သတ္တပတ်အနည်းငယ် အတွင်းမှာ ပြန်ကောင်း လာတတ်ပါတယ်။
ပင်ကို ကိုယ်ခံအားမကောင်းတဲ့ အရက်အလွန်အကျွံသောက်တဲ့ လူအနည်းစုဟာ အလွန်ပြင်းထန်တဲ့ ရောဂါတစ်မျိုး ဖြစ်တဲ့ အသည်း၏လုပ်ငန်းများ အားလုံးရပ်ဆိုင်းသွားခြင်း (Fluminant Hepatic Failure) ဖြစ်ပြီး ကျန်ခဲ့တတ်ကြပါတယ်။ ဒါဖြစ်ရင်တော့ အသက်အန္တရာယ်က တော်တော် နီးစပ်ပါတယ်။ တချို့လူတွေမှာလဲ ဒီဗိုင်းရပ်စ်ဟာ ကိုယ်ထဲမှာ ရှိနေပေမယ့် လုံးဝလက္ခဏာမပြဘဲ လိုအပ်မှု တစ်ခုခုကြောင့် ဆေးစစ်တော့မှ ရှိနေကြောင်း သိရတာမျိုးလည်း ရှိပါတယ်။
ဒီလိုလူတွေမှာကျတော့ ကိုယ်ထဲမှာ အသည်းက ရောင်လိုက် အဲလိုရောင်တဲ့အချိန်မှာ ဖျားလိုက်၊ နေလို့မကောင်း ဖြစ်လိုက်၊ ညာဖက်နံရိုးအောက်က ထိုးအောင့်လိုက်၊ တင်းတင်းကြပ်ကြပ်ကြီး ဖြစ်လိုက်နဲ့ တစ်ခါတစ်လေ သိတောင်မသိလိုက်ဘဲ ပြန်ကောင်းသွားလိုက်နဲ့ ဖြစ်နေတတ်ပါတယ်။ ဒီလိုနာတာရှည် အသည်းရောင်ခြင်း (Chronic Hepatitis) မျိုးကျတော့ တဖြည်းဖြည်း နဲ့ နှစ်ပေါင်းများစွာကြာလာရင် အသည်းခြောက်ရောဂါ ဖြစ်သွားပြီး အသည်းကင်ဆာကူးဖို့ အရမ်းနီးစပ်တယ်လို့ သိရပါတယ်။
ဒါကြောင့် အသည်းရောင်အသားဝါ B ပိုး ရှိနေပြီဆိုတာ သိတာနဲ့ အရက်သေစာကို လုံးဝရှောင်ဖို့အထိ လိုအပ်ပါတယ်။ ပိုးရှိလျက်သားနဲ့ မရှောင်ရင်တော့ ပုံမှန်သောက်တဲ့သူတွေထက် အသည်းခြောက် အသည်းကင်ဆာဖြစ်ဖို့ အဆပေါင်းများစွာကို နီးစပ်ပါတယ်။
နောက်တစ်ခုက အဲလို အသည်းရောင်အသားဝါ B ရောဂါ ရှိတဲ့သူတွေမှာ Membranous Glomerulonephritis လို့ခေါ်တဲ့ အမြှေးပါးကျောက်ကပ်ရောင်ရောဂါလည်း ရှိနေနိုင်ပါတယ်။ ဗိုင်းရပ်စ်ရဲ့ နောက်ဆက်တွဲအနေနဲ့ ဖြစ်ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဆေးရုံဆေးခန်းတွေမှာ ကျောက်ကပ်ရောင်လို့ ရောက်လာတဲ့ လူနာတိုင်းကို B ပိုးရှိမရှိ စစ်ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် Polyarteritis nodosa လို့ခေါ်တဲ့ အဆစ်တွေအများကြီး တပြိုင်နက်ရောင်တဲ့ အဆစ်ရောင် ရောဂါတစ်မျိုးလည်း တွဲဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီလို အဆစ်ရောင်ရောဂါနဲ့ လာရင်လည်း အသည်းရောင်အသားဝါ B ပိုး ရှိမရှိ စစ်ရတာ ဖြစ်ပါတယ်။

အသည်းရောင်အသားဝါ B ဗိုင်းရပ်စ်ကြောင့် အသည်းထိခိုက်ပျက်စီးပုံ
ဒီပိုးဟာ ၀င်လာတာနဲ့ အသည်းမှာ စုစည်းပြီး အသည်းဆဲလ်တွေ ပုံမှန်ပွားများနေတဲ့ ဖြစ်စဉ်ကို ၀င်ရောက်နှောင့်ယှက်ပါတယ်။ ဒီလို အသည်းဆဲလ်တွေ အသစ်ပွားလာခြင်းမှာ နှောင့်နှေးသွားစေခြင်းဟာ ဒီဗိုင်းရပ်စ်ရဲ့ အဓိက ရောဂါပုံစံဖြစ်ပါတယ်။
ဒီအခါမှာ ကိုယ်ခံအားစနစ်က ဒီပိုးကို ပြန်တိုက်ပါတယ်။ စစ်ဖြစ်တော့ ရွာပျက် ဆိုသလို ခုခံအားစနစ်က ထုတ်လိုက်တဲ့ လက်နက်တွေဟာ ဗိုင်းရပ်စ်တွေကို ရှင်းလင်းသုတ်သင် ပစ်ရုံမက အသည်းဆဲလ်တွေကိုပါ ထိခိုက်ပျက်စီးစေပါတယ်။ ဒီမွေးရာပါ ကိုယ်ခံအားစနစ် (Innate Immunity) ကြောင့် ထိခိုက်မှုက မပြောပလောက်တဲ့ အနေအထားပဲ ရှိပါသေးတယ်။ Adaptive Immunity လို့ခေါ်တဲ့ ဆင့်ပွားပြောင်းလဲကိုယ်ခံအားစနစ်က ဗိုင်းရပ်စ်ကို သုတ်သင်ဖို့ Virus-Specific Cytotoxic T Lymphocytes (CTLs) လို့ခေါ်တဲ့ သွေးဖြူဥဆဲလ်တစ်မျိုးကို နောက်ဆုံးပေါ် လက်နက်ဆန်းအနေနဲ့ ထုတ်ပြီး တိုက်တော့မှပဲ အသည်းဟာ တကယ်အနာတရ ဖြစ်တော့တာပါပဲ။
CTLs တွေဟာ ဟော့ရမ်းပြီး အသိဥာဏ်နည်းတဲ့ စစ်ဦးစီးချုပ်တွေပါပဲ။ အသည်းရောင် အသားဝါ B ဗိုင်းရပ်စ်တွေကို ရှင်းတဲ့နေရာမှာ ဗိုင်းရပ်စ်ကိုသာမက ဗိုင်းရပ်စ်ရှိနေတဲ့ အသည်းဆဲလ်တွေကိုပါ antiviral cytokines တွေ ထုတ်လွှတ်ပြီး ဖျက်ဆီးပစ်ပါတယ်။ CTLs တွေဟာ ဗိုင်းရပ်စ်ကိုပဲ သတ်ဖို့တော့ ရည်ရွယ်တာပါပဲ။ ဒါပေမယ့် သူ့တို့ကြောင့် အသည်းဆဲလ်တွေ ပျက်စီးစေတဲ့အပြင် သူ့တို့ကြောင့်ပဲ ဘာမှန်းညာမှန်းမသိဘဲ အကုန်ဖျက်မယ်ဆိုတဲ့ တောကြောင်တွေ လို့ တင်စားရမယ့်antigen-nonspecific inflammatory cells တွေ ထွက်လာခြင်းဟာလည်း အဆိုးဆုံး ပျက်စီးမှုကို တွန်းပို့လိုက်တာပါပဲ။ မြှောက်ပေးတဲ့ platelets လို့ခေါ်တဲ့ သွေးဆဲမွှားတွေ ကြောင့်လည်း အသည်းရဲ့ အခြေအနေဟာ ပိုဆိုးလာနေပါတယ်။
ဒီအသည်းမျိုးပိုင်ရှင်က ဒီလိုအခြေအနေမျိုးမှာမှ အရက်ထပ်သောက်ဦးမယ်ဆိုရင် အသည်းဆဲလ်တွေဟာ တိုင်းပြည်ပျက်ချိန် လာဝေတဲ့ ရိက္ခာတွေစားပြီး အစာအဆိပ်သင့်ရသလို မနှေးအမြန် မျိုးပြုတ်ကုန်ကြမှာ သေချာပါတယ်။

ရောဂါကူးစက်ပျံ့နှံ့ခြင်း
အသည်းရောင်အသားဝါ B ဗိုင်းရပ်စ်ပိုးရဲ့ အဓိကကူးစက်လမ်းကြောင်းဟာ ပိုးပါတဲ့ သွေးသွင်းမိခြင်းနဲ့ ရောဂါရှိသူရဲ့ ခန္ဓာကိုယ်က ထွက်တဲ့ အရည်များကို ထိတွေ့မိခြင်း တို့ကြောင့်ဖြစ်ပါတယ်။ အကာအကွယ်မပါတဲ့ လိင်ဆက်ဆံခြင်း၊ ရောဂါပိုးပါတဲ့ သွေးသွင်းမိခြင်း၊ ဆေးထိုးအပ်တွေ ဆေးထိုးပြွန်တွေကို တစ်ခါသုံး မသုံးဘဲ ပြန်သုံးခြင်း၊ ရောဂါပိုးရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်ကနေ ကလေးဆီကို မွေးဖွားစဉ် မွေးလမ်းကြောင်းကို ဖြတ်ချိန်မှာ ကူးတတ်ခြင်း တို့ဟာ အများဆုံး ကူးစက်ရတဲ့ အကြောင်းအရင်းတွေပါပဲ။ မိခင်ဟာ သွေးဖောက်စစ်ထားလို့ HBsAg (+) ဆိုရင် ကလေးဆီကို ကူးဖို့ ၂၀% အန္တရာယ် ရှိပြီး HBeAg (+) ဆိုရင်တော့ ၉၀%လောက် အန္တရာယ် ရှိတယ်လို့ လေ့လာမှတ်သားဖူးပါတယ်။
(ကြိုတင်ကာကွယ်မှုတွေ လုပ်ထားမယ်ဆိုရင်တော့ ဒီရာခိုင်နှုန်းတွေကို လျှော့ချလို့ သေချာပေါက်ရပါတယ်လို့ အသည်းအထူးကုဆရာဝန်ကြီး တစ်ဦးက ကျွန်တော်တို့ ကျောင်းသားဘ၀က သင်ကြားပေးခဲ့ဖူးပါတယ်)
အသည်းရောင်အသားဝါ B ဗိုင်းရပ်စ်ပိုးဟာ တစ်ဦးတစ်ယောက်မှာ ရှိနေရင် သူနဲ့ အတူနေသူများ သတိထားရမှာ ဖြစ်ပါတယ်။ အသားချင်း ထိရုံနဲ့ လုံးဝမကူးပေမယ့် အရေပြားမှာ ပေါက်ပြဲမှု တစ်ခုခု ရှိနေမယ်ဆိုရင် ကူးနိုင်ပါတယ်။ နောက်ပြီး ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေ တံတွေး စတာတွေကို ထိတွေ့မိရင်လည်း ကူးစက်နိုင်ပါတယ်။
(ကျွန်တော့်အမြင်ပြောရရင် ကျွန်တော်တို့ နိုင်ငံမှာ အသည်းရောင်အသားဝါ B ဗိုင်းရပ်စ်ပိုး ကူးစက်မှု အများဆုံး လမ်းကြောင်းကတော့ လမ်းဘေး စားသောက်ဆိုင်တွေက ဖြစ်နိုင်ပါတယ်။ တစ်ယောက်စားပြီးသွားတဲ့ ပန်းကန်နဲ့ ဇွန်းကို ရေကလေးနဲ့ အသာလေးကျင်းပြီး နောက်တစ်ယောက်ကို ထည့်ပေးနေတဲ့ အတွက် ရောဂါရှိတဲ့သူ စားသွားပြီးနောက် အဲဒီဇွန်းမှာ သေချာပေါက် အသည်းရောင်အသားဝါ B ဗိုင်းရပ်စ်ပိုး ရှိနေမှာ သေချာပါတယ်။ ဒီဇွန်းနဲပ စားလိုက်ရုံနဲ့ ကူးမှာ သေချာတယ်။ အိမ်ကိုပါဆယ်ထုပ်ပြီး စားရင် ဒါမှမဟုတ် နိုင်ငံခြားသားတွေလို ကိုယ့်ဇွန်းနဲ့ ကိုယ် ယူလာစားရင် အကောင်းဆုံးပါပဲ လို့ အကြံပြုချင်ပါတယ်)

ဒါပေမယ့်လည်း လက်ရှိ အသည်းရောင်အသားဝါ B ဗိုင်းရပ်စ်ပိုး ရှိနေတဲ့ လူတွေအားလုံးရဲ့ အနည်းဆုံး ၃၀%မှာ အထက်ပါ ကူးစက်နိုင်သည့် နည်းလမ်းများ တစ်ခုမှ ထင်ထင်ရှားရှား မရှိကြတာ ထူးဆန်းစွာ သိရပါတယ်။
(ဆိုလိုချင်တာက ကာကွယ်ဆေး ထိုးထားခြင်းသည်သာ စိတ်အချရဆုံး ကာကွယ်နည်း ဖြစ်ပါတယ်။ ကာကွယ်ဆေး ထိုးပုံ အကြောင်းအသေးစိတ်ကို ထပ်မံပြီး ဆောင်းပါးတစ်ပုဒ်အနေနဲ့ တင်ပေးပါ့မယ်)

ကုသမှု

ရုတ်တရက် အသည်းရောင်ယမ်းခြင်းအတွက် အတိအကျ ကုသမှု မလိုပါဘူး။ လူနာရဲ့အခြေအနေကို ကြည့်ပြီး စောင့်ရှောက်ကုသမှု (Supportive Treatment) မျိုး ပေးရုံနဲ့ အရွယ်ရောက်ပြီး လူနာတွေမှာ ဆိုရင် သူ့အလိုလို ပြန်ကောင်းသွားပါတယ်။ အရမ်းကို ကိုယ်ခံအားကျနေတဲ့ အခြေအနေမျိုး၊ ဒါမှမဟုတ် အသည်းကြီးတစ်ခုလုံး ရောင်ယမ်းနေတဲ့ အခြေအနေမျိုး ရှိသူတွေမှာပဲ ဗိုင်းရပ်စ်သတ်ဆေးနှင့်ကုသမှု (antiviral treatment) ပေးစရာ လိုတယ်လို့ သိရပါတယ်။ ဒီလိုမျိုး လိုအပ်တဲ့ လူနာအရေအတွက်ကလည်း ၁% အောက် နည်းတယ်လို့ သိရပါတယ်။
နာတာရှည် အသည်းယောင်ရမ်းခြင်း မှာကျတော့ အသည်းပျက်စီးမှု အခြေအနေကို တိုင်းဖို့ အသည်းအင်ဇိုင်းပမာဏတွေ စစ်ဆေးရပါတယ်။ ဗိုင်းရပ်စ်ရဲ့ DNA ပမာဏ အနည်းအများ ပမာဏကိုပါ စစ်ဆေးပြီး ကုသမှုတွေ ပေးပါတယ်။
ယနေ့ပေါ်ပြီးသမျှ ဆေးတွေမှာ ဘယ်ဆေးကမှ အသည်းရောင်အသားဝါ B ဗိုင်းရပ်စ်ပိုး တွေအားလုံးကို ကိုယ်ထဲကနေ ရာနှုန်းပြည့် ဖယ်ရှားနိုင်စွမ်း မရှိသေးပေမယ့် ပွားများခြင်းကို တားဆီးနိုင်ပြီး အသည်းထိခိုက်မှုဒဏ်ကို အနည်းဆုံးလျှော့ချနိုင်တဲ့ ဆေးကောင်းတွေ ပေါ်နေပြီ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ဘေးကင်းအစွမ်းထက်ကြောင်း လိုင်စင်ရပြီးသား ဆေး ၇ မျိုး လက်ရှိပေါ်ပေါက်နေပြီ ဖြစ်ပါတယ်။
ဒီဆေးတွေကတော့
1. lamivudine (Epivir),
2. adefovir (Hepsera),
3. tenofovir (Viread),
4. telbivudine (Tyzeka)
5. entecavir (Baraclude) 
နဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးမယ့်
6. interferon alpha-2a နဲ့
7. PEGylated interferon alpha-2a (Pegasys)
 တို့ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

(မြန်မာနိုင်ငံက အထူးကုဆေးခန်းတွေမှာလည်း ဒီဆေးတွေထဲက အချို့နဲ့ ကုသမှုတွေ ပေးနိုင်နေပြီ ဖြစ်ပါတယ်)

ရောဂါရလဒ်အဆိုးအကောင်း (Prognosis)
အသည်းရောင်အသားဝါ B ရောဂါဟာ ဖြစ်တဲ့လူရဲ့ ခန္ဓာကိုယ် ခံနိုင်အားအပေါ် မူတည်ပြီး လပိုင်းအတွင်း သူ့ဟာသူပျောက်သွားသော (self-limiting) ရောဂါမျိုးလည်း ကံကောင်းရင် ဖြစ်နိုင်သလို နာတာရှည် (long-standing) ရောဂါမျိုးလည်း ဖြစ်သွားနိုင်တဲ့ ရောဂါဖြစ်ပါတယ်။
ကလေးတွေ ကူးစက်ခံရရင်တော့ ပိုးတွေကို လူကြီးတွေလို ကိုယ်ခံစွမ်းအားသက်သက်နဲ့ ရှင်းပစ်နိုင်ဖို့ မလွယ်လှပါဘူး။ ကလေးကြီးတွေနဲ့ အရွယ်ရောက်ပြီးသူတွေမှာ ဆိုရင်တော့ အသည်းရောင်ပြီးနောက် ၉၅% ဟာ အပြည့်အ၀ပြန်ကောင်းသွားပြီး ရာသက်ပန် ဒီဗိုင်းရပ်စ်ကို ပြီးသွားတယ် လို့ သိရပါတယ်။ ဒါပေမယ့် ကလေးတွေမှာ ဆိုရင် ဒီမျှော်လင့်ချက်က ၃၀% လောက်ပဲ ရနိုင်ပြီး အမေဆီက ကူးသွားတဲ့ မွေးကင်းစကလေးတွေဆိုရင် ၅% လောက်ပဲ ရနိုင်ပါတော့တယ်။
ဒီလို အကူးစက်ခံလိုက်ရတဲ့ မွေးကင်းစကလေးတွေဟာ ဆိုရင် လူ့သက်တမ်းရဲ့ ၄၀% လောက်ပဲ နေရတော့မှာ ဖြစ်ပြီး အသည်းခြောက်ရောဂါ (သို့) အသည်းကင်ဆာရောဂါ တစ်ခုခုကြောင့် သေဆုံးရဖို့ သေချာသလောက်ပဲလို့ သိရပါတယ်။ အသက် ၁ နှစ်ကနေ ၇ နှစ်အထိ ကလေးငယ်တွေ ကူးစက်ခံရရင်တော့ ၇၀%လောက်သော အရေအတွက်လောက်က ပိုးတွေကို ကိုယ်ခံအား တက်လာတာနဲ့အမျှ ရှင်းပစ်နိုင်တယ်လို့ ၀မ်းမြောက်ဖွယ် တွေ့ရှိထားတဲ့ သုတေသနရလဒ် တစ်ခုလည်း ရှိပါတယ်။
အသည်းရောင်အသားဝါ B ရှိတဲ့သူတွေမှာ အသည်းရောင်အသားဝါ D ပါ တွဲလာတတ်တာလည်း ရှိပါတယ်။ ဒီလို ပိုးနှစ်မျိုး တွဲဖြစ်ရင်တော့ အသည်းခြောက် အသည်းကင်ဆာတွေ ဖြစ်နိုင်စွမ်း ပိုများလာစေ နိုင်ပါတယ်။

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...